Monday, April 28, 2014

တံတားလုံခြုံရေးရဲကင်း လူနာတင်ကားဝင်တိုက်၊ တာဝန်ကျရဲနှစ်ဦး ဒဏ်ရာရ

ကိုတိုးကြီး

မုံရွာမြို့အနီး ချင်းတွင်းတံတားရှိ လုံခြုံရေးရဲဂိတ်ကို လူနာတင်ယာဉ်ဝင်တိုက်မိရာ တံတားလုံခြုံရေးစောင့် ရဲတပ်သားနှစ်ဦး ဒဏ်ရာများရရှိသည့်ဖြစ်စဉ်တစ်ခု ဧပြီ၂၃ ရက် ည ၁၀ နာရီကဖြစ်ပွားခဲ့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာမှ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးခင်ဇော်မြင့်က ပြောသည်။

“သွားရောက်စစ်ဆေးတဲ့အခါ လူနာတင်ယာဉ်တစ်စီးက တံတားလုံခြုံရေးဂိတ်တဲကို ၀င်တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်”ဟု အခင်းဖြစ်သည့်ည အခြေအနေကို ၎င်းက အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကံစုကျေးရွာမှ ပါဂျဲရိုးအမျိုးအစား လူနာတင်ယာဉ်သည် ယာဉ်မောင်း ကိုစိုးမိုးအောင် အသက်(၂၄)နှစ်နှင့်အတူ လူနာဦးဝင်းညွန့်ဆိုသူနှင့် ဆရာတော်ဦးပညာစာရတို့ လိုက်ပါလာကာ မုံရွာဆေးရုံသို့သွားရောက်စဉ် ချင်းတွင်းမြစ်ကူးတံတားပေါ်၌ ဂီယာဂျန့်ဖြစ်ပြီး တံတားလုံခြုံရေးရဲဂိတ်အား ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ယာဉ်မောင်းက သစ်ချောထည်စက်ရုံလုပ်သားဖြစ်ပါတယ်”ဟု အလုံနယ်မြေရဲကင်းစခန်းမှူး ရဲအုပ်ဇော် မင်းထွေးက ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ချင်းတွင်းမြစ်ကူးတံတား လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ် ကြပ်အေးနုနှင့် ဒု-တပ်ကြပ်သန်းဝင်းဆိုသူတို့မှာ နဖူးပွန်းပဲ့ဖူးရောင်၊ ယာဘက်လက်ကောက်ပွန်းပဲ့၊ ယာ ဘက်နံနေရာပွန်းပဲ့၊ ယာဘက်တင်ပါးပွန်း၊ ရင်ဘတ်အောင့်ဒဏ်ရာများ ရရှိခဲ့ပြီး မော်တော်ဆိုင်ကယ်တစ် စီးပါ ပျက်စီးသွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် လူနာတင်ယာဉ်မောင်းနှင်သူအား မုံရွာမြို့မရဲစခန်းက ယာဉ်(ပ) ၅၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇ / ၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

No comments: