Sunday, January 11, 2009

စင်ပြိုင်အစိုးရအရှုပ်တော်ပုံကိစ္စ ဦးခွန်မာကိုဘန်းနှင့် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်

ခေတ်ပြိုင်


(ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) က စင်ပြိုင်အစိုးရသစ်ဖွဲ့မည်ဟု မကြာခင်က ကြေညာချက်ထုတ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းကမူ ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအား တိုးချဲ့ဖွဲ့စည်းရေးကို အန်စီယူဘီက စင်ပြိုင်အစိုးရသစ် ဖွဲ့တော့မယောင် လွဲမှားထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။ အန်စီယူဘီ ဒု-ဥက္ကဋ္ဌ ဦးခွန်မာကိုဘန်းကလည်း အန်စီယူဘီ စင်ပြိုင်အစိုးရဖွဲ့ရေးကိစ္စကို ခေါင်းဆောင်ပိုင်းနှင့် မတိုင်ပင်ဘဲ လူတစုက ထုတ်ပြန်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ လက်ရှိစင်ပြိုင်အစိုးရ ခေါင်းဆောင် ဒေါက်တာစိန်ဝင်းကလည်း အန်စီယူဘီက စင်ပြိုင်အစိုးရဖွဲ့မည်ကို မသိပါကြောင်း ငြင်းဆိုသည်။ ထို့ကြောင့် စင်ပြိုင်အစိုးရဖွဲ့စည်းရေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ ပြောကြားချက်မှန်သည်ဟု အတိအကျ မသိရပေ။

ဦးခွန်မာကိုဘန်းသည် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့်ပြင် ကယန်းအမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။ အမျိုးသားညီလာခံတက်နေစဉ် ၁၉၉၃ ခု မတ်လတွင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်လာသည်။ စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး အရှုတ်တော်ပုံနှင့် ပတ်သက်ပြီး ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က ဦးခွန်မာကိုဘန်းအား ယခုကဲ့သို့ စတင်မေးမြန်းခဲ့သည်။)

မေး။ ။ အန်စီယူဘီက မကြာခင်ကထုတ်ပြန်တဲ့ ဒီကျနော်တို့  စင်ပြိုင်အစိုးရထောင်မယ်ဆိုတဲ့ ကိစ္စဟာ အန်စီယူဘီ ကြေညာချက်အရဆိုရင် စင်ပြိုင်အစိုးရ သီးခြားဖွဲ့မယ်လို့ဆိုလိုတဲ့ အဓိပ္ပာယ်သက်ရောက်နေပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်း ပြောတာတော့ လက်ရှိဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့စည်းမယ့် အစီအစဉ်ဖြစ်တယ်လို့ ပြောနေတယ်၊ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဦးခွန်မာကိုဘန်း ဘယ်လိုရှင်းပြချင်လဲခင်ဗျ။

ဖြေ။ ။ ကျနော်အနေနဲ့ ပထမဆုံးပြောလိုတာကတော့ ဒီအန်စီဂျီယူဘီကို တိုင်းရင်းသားအဖွဲ့အစည်းခေါင်း ဆောင်များနဲ့  သင့်တော်တဲ့ပုဂ္ဂိုလ်များနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ဆိုတာက ပြီးခဲ့တဲ့ ကျနော်တို့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ကျနော်တို့ အမ်ပီယူ ညီလာခံကတည်းက မူအားဖြင့် ကျနော်တို့ သဘောတူချမှတ်ထားပြီးသားဖြစ်ပါတယ်။ အဲ့ဒါကို ကျနော် လက်တွေ့  အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါက အန်စီယူဘီကနေပြီးတော့ အန်ယူဂျီအစိုးရကို ဖွဲ့စည်းဖို့ဆိုပြီးတော့ အဲ့ဒီ နေ့သစ်မှာ ထုတ်ပြန်ချက်နဲ့ ပတ်သက်ရင်တော့ ဒါကျနော်က အန်စီယူဘီမှာ သဘာပတိ ဒု-ဥက္ကဋ္ဌတဦးလည်း ဖြစ်ပါတယ်။ အန်စီဂျီယူဘီဘက်မှာလည်း ကျနော် ပါပါတယ်။ ကျနော်တို့ အန်စီယူဘီမှာ ဒေါက်လေးဒေါက်နဲ့ ဖွဲ့ထားတယ်။ ဒီပေါ်လစီချတွေ ချပေးတဲ့နေရာမှာ ဆိုရင်တော့ ဒီဒေါက်လေးဒေါက် Consensus ဖြစ်မှသာ ချလို့ရပါတယ်။ လုပ်ငန်းမှာလည်း ကျနော်တို့ ညှိနှိုင်းတယ်၊ သဘောတူညီပြီး ချမှတ်ပြီးမှသာ ကျနော်လုပ်ဆောင်သွားမယ်ဆိုပြီးတော့ မူ ဒီလိုပဲ ချမှတ်ထားပါတယ်။

ဒါပေမယ့်လို့ အဲ့ဒီဟာ ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးတာတော့ ကျနော်တို့အနေနဲ့ လုံးဝမသိရပါဘူး။ ဒါမဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ မြင်တယ်။

နောက်ပြီးတော့ ဒီအန်ယူဂျီကို ကျနော်တို့ ဖွဲ့စည်းမယ်ဆိုတဲ့ နေရာမှာ တကယ်တမ်းသာ အန်စီယူဘီကနေပြီးတော့ အန်ယူဂျီတရပ်ကို သီးသန့်ဖွဲ့စည်းမယ်။ အဲ့ဒီက အမ်ပီယူကို အခြေမခံဘဲနဲ့ ဖွဲ့စည်းလို့လည်း မဖြစ်ဘူး။ နောက်ပြီးတော့ အမ်ပီယူကို ဒီလိုမျိုးအခြေခံပြီးတော့ ဖွဲ့စည်းမယ်ဆိုရင်လည်း အမ်ပီယူကို ဒါခွဲသလို ဖြစ်သွားလိမ့်မယ်။ ဒါလုံးဝမသင့်လျော်တာဖြစ်တယ်။ ဒါကြောင့် ကျနော်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် အဲ့ဒါ အဓိက က ကျနော်တို့ ဘာဖြစ်လည်းဆိုတာက အန်စီဂျီယူဘီကို ဒီတိုင်းရင်းသားနဲ့ သင့်လျော်တဲ့ ပုဂ္ဂိုလ်များနဲ့ ကျနော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ချမှတ်ထားတဲ့ သဘောတူချမှတ်ထားတဲ့ အတိုင်းပဲ လာမယ့် ဒါဗလင်မှာလုပ်မယ့် ဒီညီလာခံမှာတော့ ဒီကျနော်တို့ အန်စီဂျီယူဘီကို တိုင်းရင်းသားများနဲ့  ဒီသင့်လျော်တဲ့ ပုဂ္ဂိုလ်များနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ဆိုတာ မူပဲမဟုတ်တော့ဘဲနဲ့  လုပ်ငန်းပါ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျနော်တို့က ချမှတ်သွားဖို့တော့ လိုအပ်တယ်လို့ ကျနော် အဲ့လိုပဲ တင်ပြချင်ပါတယ်။

အဲ့ဒီက အန်စီယူဘီကနေပြီးတော့ ခုန အန်ယူဂျီ်ဆိုတဲ့နာမည် အသုံးအနှုန်းနဲ့တော့ ဒါကတော့ ကျနော်တို့က ဘယ်လိုမှ လက်တွေ့အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ အန်စီဂျီယူဘီကို တိုင်းရင်းသားနဲ့ တိုးမယ်၊ သင့်တော်တဲ့ပုဂ္ဂိုလ်နဲ့ တိုးမယ်ဆိုတာ ကျနော်တို့ ချထားတဲ့ မူပေါ်မှာပဲ ကျနော် ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်တယ်။ ဒါကိုပဲ ကျနော်တို့ အကောင်အထည်ဖော်နိုင်တယ်လို့ ကျနော် အဲ့လို မြင်တယ်။

အဲ့လို အကောင်အထည် ဖော်တာတောင်မှ ပထမအချက်အနေနဲ့ ကျနော် တင်ပြလိုတာက ပထမဆုံးဟာ အန်စီယူဘီတပ်ပေါင်းစုအတွင်းမှာသော်လည်းကောင်း၊ တိုင်းရင်းသားအဖွဲ့ အစည်းအတွင်းမှာ သော်လည်းကောင်း အားလုံးသဘောတူညီချက်ကို ရယူရမယ်။ ပြီးတော့ ဒီလို တိုးချဲ့ဖွဲ့စည်းရတဲ့အကြောင်း တွေကို အဲ့ဒီ ပြည်တွင်းက ခေါင်းဆောင်များနဲ့ အဖွဲ့အစည်းများနဲ့လည်း ကျနော်တို့  နားလည်မှုရှိရှိနဲ့ ကျနော်တို့ တည်ဆောက်သွားဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီမိုကရေစီကို အားပေးနေတဲ့ နိုင်ငံတချို့ကို လည်း ကျနော်တို့ ဘာဖြစ်လို့ ဒီလိုဖွဲ့ရတယ်ဆိုတဲ့ဟာ နားလည်မှုရှိရှိနဲ့ ကျနော်တို့ ဆက်စပ်ဖို့ လိုအပ်တယ်လို့ ကျနော် အဲ့လိုပဲ ပြောလိုပါတယ်။

မေး။ ။ အရေးကြီးတာတခု မေးချင်တာက အခု စင်ပြိုင်အစိုးရဖွဲ့မယ်ဆိုပြီးတော့
အန်စီယူဘီကနေ ထုတ်ပြန်တဲ့ကြေညာချက်ဟာ သီးခြားစင်ပြိုင်အစိုးရတရပ် ဖွဲ့ဖို့လား၊ ဒါမှမဟုတ်လို့ရှိရင်လည်း ကျနော်တို့ လက်ရှိ ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုးချဲ့မယ့် အစီအစဉ်လား။

ဖြေ။ ။ သူရေးထားတဲ့ အသုံအနှုန်းပြန်ကြည့်ရင် အန်ယူဂျီဖြစ်တဲ့အတွက်ကြောင့် အန်စီဂျီယူဘီကို တိုးချဲ့ပြီးတော့ ဖွဲ့စည်းတဲ့ဟာနဲ့ မဟုတ်ဘူးဆိုတာ ကျနော်တို့  ဒီရေးထားတဲ့ပေါ်မှာ ကျနော်တို့  ရှင်းရှင်းလင်းလင်းပေါ်ပါတယ်။ ဒါပေမယ့်လို့ တကယ်တမ်းကျတော့ အန်ယူဂျီကို ကျနော်တို့က ဘယ်လိုမှ တကယ်လက်တွေ့အကောင် အထည်ဖော်နိုင်မှာမဟုတ်တဲ့ အတွက်ကြောင့် ကျနော်တို့ အန်စီဂျီယူဘီ တိုးချဲ့ခြင်းကိုပဲ ကျနော်တို့က ဒါပဲ လက်တွေ့ ကျနော်တို့ လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် အဲ့ဒီလိုပဲ ပြောလိုပါတယ်။

မေး။ ။ ဒါပေမယ့် လက်တွေ့အခြေအနေမှာ ပြီးခဲ့တဲ့ ကျနော်တို့ ဒီ ၂၀၀၈ ခုနှစ် အမ်ပီယူ ညီလာခံမှာ ချမှတ်ထားတဲ့ မူအရဆိုလို့ရှိရင် လက်ရှိ ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကိုပဲ တိုးချဲ့သွားမယ့်မူဆိုတာ ဆုံးဖြတ်ထားတာရှိပြီးတော့ သီးခြားစင်ပြိုင်အစိုးရတရပ်ထူထောင်ဖို့  အစီအစဉ်မပါဘူးလို့ ဆိုတယ်။ အဲ့ဒီအချက်မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ အဲဒါတော့ မှန်ပါတယ်။

မေး။ ။ အခုနကပြောသလို ဆိုလို့ရှိရင် အန်စီယူဘီဟာ အခု နောက်ထပ်စင်ပြိုင်အစိုးရသစ်တခု ထူထောင်မယ်ဆိုရင် သူ့ရဲ့ Mandate နဲ့  legitimacy ဘယ်လိုအနေအထားရှိမလဲ ခင်ဗျ။

ဖြေ။ ။ ဟိုကျနော် စောစောက တင်ပြသလိုပါပဲ။ တကယ်တမ်း အန်စီယူဘီကနေပြီးတော့ သူစင်ပြိုင်အစိုးတရပ်ဖွဲ့မယ်ဆိုရင်တော့ အမ်ပီယူက မပါလိုလည်း မဖြစ်ဘူး၊ အမ်ပီယူနဲ့ တိုင်းရင်းသားများက စုပေါင်းပြီးတော့ ဖွဲ့ရမှာဖြစ်တယ်။ ဆိုတော့ အဲ့ဒီ အမ်ပီယူက ပါရမယ်ဆိုရင်တော့ အမ်ပီယူနဲ့လည်း သေချာညှိနှိုင်းဖို့ လိုတယ်။ အန်စီဂျီယူဘီနဲ့လည်း ညှိနှိုင်းဖို့ လိုတယ်။ အဲ့ဒီလိုမျိုး အန်စီဂျီယူဘီကိုလည်း ညှိနှိုင်းခြင်းမျိုး မရှိဘူး၊ အမ်ပီယူတွေကိုလည်း ညှိနှိုင်းခြင်းမျိုးမရှိဘူး။

အမ်ပီယူကနေ ချမှတ်ထားတဲ့ အန်စီဂျီယူဘီကို expansion တိုးဖို့ မူနဲ့လည်း ဆန့်ကျင်သွားတာ ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီဟာ သူတို့က အဲ့ဒီဟာ အခု ချမှတ်တဲ့ဟာက ဒါသူတို့ဟာ သူတို့ ဖွဲ့ဖို့ဆိုတာက လက်တွေ့ မဖြစ်နိုင်ဘူး။ အမ်ပီယူ ရသလောက်နဲ့ ယူမယ်ဆိုတာက အမ်ပီယူကို ခွဲသလိုဖြစ်သွားမယ်။

ဒါကြောင့် ကျနော့်အနေနဲ့ မြင်တာက ဒီထုတ်ပြန်ကြေညာချက်က ကျနော်တို့ အန်စီဂျီယူဘီကိုလည်း ညှိနှိုင်းတာမရှိ၊ အမ်ပီယူကိုလည်း ညှိနှိုင်းတာမရှိ။ နောက်ပြီးတော့ ကျနော် အန်စီယူဘီအတွင်း ဒေါက်လေးဒေါက်အဖြစ် ကျနော့်ကို ဒု-ဥက္ကဋ္ဌတယောက်အနေနဲ့လည်း ညှိတာနှိုင်းတာမရှိဘဲနဲ့ ၊ ဒီထုတ်ပြန်ကြေညာချက်လုပ်တယ်ဆိုတာက ဒါအဆောတလျင်လုပ်တဲ့ အလုပ်တခုပဲလို့ ဒါကျနော် အဲ့ဒီလိုပဲ မြင်လာတယ်။ ဒါအန်စီယူဘီရဲ့ မူတခုကို ချပြတဲ့ သဘောလောက်ပဲ ကျနော်မြင်ပါတယ်။ လက်တွေ့ အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့  ကျနော် အဲ့ဒီလိုပဲ ပြောလိုတယ်။

မေး။ ။ အဲ့ဒီတော့ ဦးခွန်မာကိုဘန်းတို့ အခု ပြောပြတဲ့အချက်တွေကို အန်စီယူဘီသက်ဆိုင်ရာ သဘာပတိအဖွဲ့တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးတော့ ကန့်ကွက်တာမျိုးရှိသလား ဒီကြေညာချက်ထုတ်ပြန်ပြီးမှ။

ဖြေ။ ။ ဒီ ကျနော်တို့ကတော့ ဟိုဟာ တရားဝင်ဒီလိုမျိုး ကျနော်တို့  ကန့်ကွက်ချက်မျိုးမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတာက ကျနော်တို့ အဲ့ဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင် ကျနော်တို့ အန်စီယူဘီအတွင်းမှာ မညီမညွတ်ဘဲနဲ့  ဒီကျနော်တို့ အဲ့ဒီမှာ နိုင်ငံတကာရော၊ ကျနော်တို့ရဲ့ မြန်မာ့ဒီမိုကရေစီ တိုင်းရင်းသားအင်အားစုလည်း ပြသတာ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ အဲ့ဒါတော့ တရားဝင်စာတော့ မထုတ်ဘူး၊ ဒါပေမယ့် ကိုယ်အတွင်းအချင်းချင်းမှာ ကျနော်တို့ဟာ တရားဝင်အနေနဲ့ စာရေးထားတာရှိပါတယ်။ ဒီလိုမျိုး ဒီတကယ့်မူဝါဒချမှတ်တဲ့နေရာမှာဆိုရင် Consensus ရယူရမယ်။ ကျနော်တို့ မူရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ တခြားလုပ်ငန်းတွေဆိုရင်လည်း ကျနော်တို့  အပြန်အလှန်လေးစားမှုနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့မှ သဘောတူညီပြီးမှ ဒါကျနော်လုပ်ဆောင်သွားရမယ်ဆိုတဲ့ မူရှိတယ်။ ဒါကို ခင်ဗျားတို့ အဲ့လိုမျိုးမူတွေက အဲ့လိုမျိုး မကျင့်သုံးဘူးဆိုရင်တော့ နောက်ထပ်အစည်းအဝေးတွေ၊ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို ကျနော်တို့ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ ကျနော်ဒု-ဥက္ကဋ္ဌတဦးအနေနဲ့  ကျနော် အဲ့လိုမျိုး တင်ပြထားတာတော့ ရှိပါတယ်။


No comments: