Thursday, September 17, 2009

ဘင်္ဂလာရဲတပ်ဖွဲ့မှ စစ်ဆင်ရေး တခုအတွင်း မြန်မာ့ အဖွဲ့တဖွဲ့မှ လက်နက်များ ဖမ်းဆီးရမိ

Narinjara News 9/17/2009

မောင်အေး(နိရဉ္စရာ) ယမန်နေ့က ပြုလုပ်ခဲ့သော စစ်ဆင်ရေး တခုအတွင်း မြန်မာလက်နက်ကိုင် အဖွဲ့တခုထံမှ လက်နက် ၇ လက်နှင့် အတူ စာရွက်စာတန်များကို ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလာရဲက ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ လက်နက်များကို ဘင်္ဂလာရဲတပ်သား ၁၀၀ နီးပါးနှင့် အတူ ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ၂၀ တို့မှ မြန်မာနယ်စပ် အနီး ၇ နာရီ ပြုလုပ်သော စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ရဲအဖွဲ့၏ ပြောကြားချက်အရ အဆိုပါ စစ်ဆင်ရေးကို စစ်တကောင်း တောင်တန်းနယ် ဘင်ဒရာဘင်ခရိုင်၊ နတ်ကျောက်ဆိုးရီမြို့မှ ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိသော နယ်စပ် မိုင်တိုင်အမှတ် ၄၁ အနီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

သတင်းအရ ဘင်္ဂလာရဲမှ မြန်မာဘက်က အကြမ်းဖက်အုပ်စု တစုသသည် မိုင်တိုင် ၄၁ အနီးရှိ ခေါင်းတုန်းကျေးရွာ အနီးတွင် စခန်းချနေထိုင် နေသည်ဟု သတင်းအရ ၀င်ရောက် စီးနှင်းစဉ် အဆိုပါ လက်နက်များကို သိမ်းဆည်း ဖမ်းဆီး ရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ ပြောင်းနှစ်လုံးတပ် သေနတ် ၃လက် အပါအ၀င် စုစုပေါင်း လက်နက် ၇ လက် ဖြစ်သည်။

စစ်ဆင်ရေးအတွင်း အကြမ်းသဖက်သမားများက ကြိုတင်သတင်းရရှိသွားသည့်အတွက် ထွက်ပြေးလွတ် မြောက်သွားခဲ့သည်ဟု ရဲအရာရှိများက ထုတ်ဖော်ပြောကြားသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဖြစ်သည်ကို အာဏာပိုင်များက ထုတ်ဖော် ပြောကြားခြင်းမရှိသော်လည်း RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ မှ ကွဲထွက်လာသော အဖွဲ့ခွဲ တခု ဖြစ်နိုင်ကြောင်း ဒေသအတွင်းကလာသော သတင်းများ အရ သိရသည်။

သိမ်းဆည်းရမိသည့် စာအုပ် စာတန်းများတွင် “ဒုတိယအကြိမ်မြှောက် ထိုးစစ်ဆင် တိုက်ခိုက် ရန် ဖော်ထုတ် နေခြင်းဖြစ်သည်” ဟု ရေသားထားသော စာရွက်စာတန်းများကိုလည်း တွေ့ရှိရသည်ဟု စစ်ဆင်ရေးအပြီးတွင် ရဲအရာရှိတဦးက ရာမူး(ပင်းဝါ)မြို့တွင် သတင်းထောက်များကို ထုတ်ဖော် ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ ဒေသထုတ် သတင်းစာများက အဆိုပါအဖွဲ့ကို ယခင်က ဇူဘိုင် အာဟာမတ်ဆိုမှ ဦးဆောင်ခဲ့ပြီး ယခုအခါ ခေါင်းဆောင်သစ်အဖြစ် မော်လာနာ ဆာဘိ အာဟာမတ်မှ ဦးဆောင်နေခြင်းဖြစ်သည်ဟု ရေးသား ဖော်ပြထားသဖြင့် အဆိုပါ ခေါင်းဆောင်များမှာ RSO ဖြစ်သည်ဟု ဒေသခံ တဦးကပြောသည်။


No comments: