Tuesday, September 8, 2009

နစကမှ မောင်တောခရိုင် ဒုရဲမှူးကြီးကို အနီးကပ် စောင့်ကြည့်

Narinjara News

မောင်တော ခရိုင် နစက တပ်ဖွဲ့မှ ဒုရဲအုပ် စိုးလွှင် နှင့် မန္တလေးသား ဦးစိုင်ကောင် ထံမှ ယာဘား ဆေးပြား အများအပြား ဖမ်းဆီးရ မိပြီး နောက် မောင်တော ခရိုင် ဒုရဲမှူးကြီး အား နစက တပ်ဖွဲ့မှ အနီးကပ် စောင့်ကြည့်မူ များ ရှိနေသည်ဟု အမည်မဖေါ်လိုသူ နစကနှင့် နီး စပ်သူ တဦးက ပြောသည်။

“အခု ဖမ်းဆီးရမိတဲ့ ဆေးပြားတွေဟာ ခရိုင်ရဲမှူးကြီးနဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်တဲ့အတွက် ခုလို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒုခရိုင်ရဲမှူးကြီး ဦးလှမြင့်ရှိန်ဟာ မောင်တောက မူးယစ် ရောင်းဝယ် ဖေါက်ကားသူတွေနဲ့ ဆက်စပ်မူရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း မောင်တောမြို့မှာ ထွက်နေပါတယ်” ဟု သူက ပြောသည်။

မောင်တောခရိုင် ဒုရဲမှူးကြီး လှမြင့်ရှိန်အား ယာဘားဆေးပြား လုပ်ကိုင်သည့် ဂိုဏ်းများမှ ၂၅ သိန်းတန် မော်တော်ဆိုင်ကယ် တစီး ၀ယ်ပေးထားပြီး အဆို ဆိုင်ကယ် နံပတ်မှာ ၃၆၇၈ ဖြစ်သည်ဟု သူက ပြောသည်။

၎င်းပြင် အဆိုပါဂိုဏ်းများတွင် အစုချဲယာများလည်း ၀င်ထားသည်ဟုလည်း သူက ပြောသည်။

“အခု ဒုရဲအုပ် စိုးလွှင်ကို နစက ဖမ်းဆီးထားတာကို ဒုရဲမှူးကြီးက ပြန်လွတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။ သူအကြောင်းပြတာကတော့ ခုလို ရဲအရာရှိတဦးကို မူးယစ်မူနဲ့ အရေးယူ ထောင်ချရင် မြန်မာ့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် အိမ်နီးချင်းနိုင်ငံ အနေနဲ့လည်း မြန်မာ့ ရဲတပ်ဖွဲ့ကို အထင်အမြင် သေးသွားနိုင်တဲ့ အတွက် ကွင်းလုံးကျွတ် ပြန်လည် လွတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။ တဘက်ကလည်း ခုလို အကြောင်းပြ တောင်းဆိုတာဟာ သူ့ရဲ့ပါဝင် ပတ်သက်မူပါ ပေါ်ထွက်လာမှာစိုးရိမ်ပြီး စိုးလွှင်ဘက်က ကာကွယ်ပေးနေတာ ဖြစ်တယ်လို့ ထင်မြင် ယူဆနေတာတွေ ရှိပါတယ်။”

မောင်တောမြို့တွင် ယာဘား လုပ်ကိုင်သည့် ဂိုဏ်များနှင့် တရားမ၀င် ချဲထီဒိုင် အများအပြား ရှိသော်လည်း ယနေ့ထက်ထိ အဆိုပါ အဖွဲ့များမှ ခေါင်းဆောင် တဦးတယောက်ကိုမှ မောင်တောရဲက ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

အမည်မဖေါ်လိုသူ မောင်တောက စီးပွားရေး သမား တဦးမှ ရဲက ဂိုဏ်းခေါင်းဆောင်များနှင့် ချဲထီဒိုင်ကြီးများကို မဖမ်းဆီးဘဲ လွှတ်ထားသည်မှာ ရဲက ငွေပုံမှန် ရနေ၍ ဖြစ်သည်ဟု ပြောသည်။

“မောင်တောက ချဲထီ ဒိုင်တဒိုင်က တလကို နယ်ထိန်း ဒုရဲအုပ် အောင်ကျော်ဆန်းကို ကျပ်ငွေ ၂၀၀၀၀ နဲ့ ဒုရဲမှူးကြီး လှမြင့်ရှိန်ကို လစဉ် ကျပ် တသိန်းခွဲစီပေးရပါတယ်။ ချဲထီဒိုင်ကြီးတွေကို သွားဖမ်းရင် သူတို့ လစဉ် ရနေတဲ့ ၀င်ငွေ မရဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် ဒိုင်ကြီးတွေကို မဖမ်းဘဲ အသေးအမွှားတွေကိုဘဲ အဖမ်းပြပြီး ထောင်ချနေတာ ဖြစ်ပါတယ်။”

၎င်းပြင် ယာဘားဆေးပြား လုပ်ကိုင်သူများထံမှလည်း ရဲအရာရှိများက လစဉ် သိန်းချီပြီး ၀င်ငွေရနေသည်ဟု ခိုင်လုံသော သတင်းများ အရသိရသည်။

မောင်တောမြို့တွင် ယခုကဲ့သို့ ရဲအရာရှိကြီးများက ဒေသအတွင်းမှ ဒုစရိုက် လုပ်ငန်း လုပ်ကိုင်သူများနှင့် ဆက်စပ်မူများ ရှိနေသဖြင့် ယာဘားဆေးပြားလုပ်ငန်း၊ ဘိန်းလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်းနှင့် ချဲထီ လောင်းကစားမူများမှာ မောင်တောမြို့တွင် အထူး စည်ပင် ထွန်းကားလျှက် ရှိသည်ဟု သတင်းများ ရရှိသည်။


No comments: