ကန္တာရ၀တီတိုင်း(မ်)/ စက်တင်ဘာ ၁၁၊ ၂၀၀၉
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများကို မြန်မာစစ်အစိုးရတပ်မှ အကြောင်းမဲ့သိမ်းဆည်းထားပြီး ငွေကြေးများဖြင့် ပြန်လည်ရွေးခိုင်းသည်ဟု သိမ်းဆည်းခံရ သော ရွာသားများကပြောသည်။
ဗိုလ်မှူး သန့်ဇင်ထွန်း ဦးဆောင်သော စစ်အစိုးရတပ် ခမရ ၄၂၈ တပ်ရင်းမှ ဖရူဆိုမြို့နယ်တွင်းမှ ရွာသားများ ပိုင်ဆိုင်သော ကျွဲနှင့်နွားများကို မတရားသိမ်းဆည်းခြင်း ဖြစ်ပြီး ကျွဲနှင့်နွားတကောင်ကို ကျပ် ၃ သောင်းနှုန်းဖြင့် ပြန်လည်ရွေးချယ်ခိုင်းသည်ဟု ကျွဲတကောင်အသိမ်းခံခဲ့ရသော ရွာသားတဦးကပြောသည်။
၎င်းက “အခုဘယ်လောက်ဖမ်းပြီးလောင်ထားလဲ အတိအကျယူလို့မရဘူး။ ဇူလိုင်လတုံးက ၆ ကောင်၊ တကောင်ကို ၃ သောင်းနဲ့ပြန်ရွေးခိုင်းတယ်။ (ဖရူဆိုမြို့နယ် အတွင်းရှိ) မိုဆို၊ လောဂျာ၊ ဆိုလျားကူး၊ ဒေါညေးခူ၊ ဒေါကူလယ်၊ ထေးသော်၊ တနီးကူးရွာတွေဆို အများဆုံးခံရတယ်” ဟုပြောသည်။
“အခုရွာသားတွေက အရမ်းကိုအခက်အခဲ တွေ့နေရတယ်လေ။ ခုအချိန်က ပိုက်ဆံလဲ ရှားတဲ့အချိန်မဟုတ်လား။ အရင်တုံးကထက်စာရင် အခုဆိုရွာသားတွေ အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတဲ့အတွက် မလုပ်သင့် တော့ပါဘူး။ အရင်တုံးက ကျွဲအကောင် ၂၀ သိမ်းတုံးက ရွာသားတွေပြန်ရွေးခဲ့ကြတယ်။ အခုဆို ရွာသားတွေက အရင်တုံးကလို အဆင်မပြေတော့ဘူးလေ” ဟု ဖရူဆိုမြို့နယ်အတွင်းမှ ခရစ်ယာန်သာသနာ ဆရာတော်တဦးက ရွားသားတို့ ကြုံတွေ့နေရသည့် အခက်အခဲများကိုရှင်းပြသွားသည်။
ယခုသိမ်းဆည်းခံနေကြရသော ကျွဲနှင့်နွားအရေအတွက်ကို အတိအကျမသိရှိရသေးသော်လည်း လာရောက် မရွေးသည့် နွားများကို ခမရ ၄၂၈ မှ သတ်စားနေကြသည် ဟု ရွာသားများ၏ပြောပြချက်အရသိရသည်။
“သွားရွေးဖို့က ကိုယ့်မှာ ငွေမရှိဘူး။ သူများနားမှာချေးပြီးသွားရွေးနေကြရတယ်” ဟု ဖရူဆိုမြို့နယ်မှ နွား ၃ ကောင်သိမ်းဆည်း ခံရသော သူ၏ ညီမကပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျွဲအကောင် ၂၀ ကို စစ်အစိုးရတပ်မှ သိမ်းဆည်းခဲ့ပြီး ယခုကဲ့သို့ တကောင်ကို ကျပ် ၃ သောင်းနှုန်း ဖြင့် ပြန်ရွေးခိုင်းခဲ့ဖူးသည်။
ယခုလက်ရှိ နွားတကောင်၏တန်ဖိုးသည် ကျပ်ငွေ ၅ သိန်းရှိပြီး ကျွဲတကောင်၏ တန်ဖိုးမှာမူ ၄ သိန်းခန့်ရှိသည်။ ကရင်နီပြည်ရှိ တောင်သူလယ်သမားတို့သည် လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ကို လုပ်ဆောင်နိုင်ရန် အတွက် ကျွဲနှင့်နွားများကို အထူးအားကိုးအားထားပြုကြသည်။
No comments:
Post a Comment