ခိုင်လင်း / ၃ စက်တင်ဘာ ၂၀၀၉
သြဂုတ်လ ကုန်ပိုင်းမှစ၍ မိတ္ထီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဝဒေသ မြောက်ပိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကျေးရွာ များနှင့် တပ်စခန်း များတွင် အင်အား ဖြည့်တင်း တပ်ချ ထားသဖြင့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် နှင့် နအဖ တပ်များအကြား တိုက်ပွဲဖြစ် မည်ကို စိုးရိမ်ကာ ဒေသခံ လူထု ထွက်ပြေး တိမ်းရှောင် မှုများရှိ လာပြီး ဝနယ်မြေ အတွင်း စီးပွားရေး လုပ်နေကြ သည့် တရုတ်နိုင်ငံ သားများလည်း ပြန်လည် ထွက်ခွာ နေကြ သည်။
ရှမ်းပြည်နယ်၊ အထူး ဒေသ (၁) နယ်မြေ အတွင်း ကိုးကန့် တပ်ဖွဲ့နှင့် နအဖ တပ်များ ယခင်လ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် အပြင်း အထန် တိုက်ပွဲဖြစ်ပွား နေစဉ် အတွင်း စစ်ကူအဖြစ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ခု ရောက်ရှိလာစဉ် တိုက်ပွဲပြီး ဆုံးသွား သောကြောင့် ဟိုပန်မြို့ နယ်အတွင်း ရှိ တပ်စခန်း များတွင် တပ်ချထား ခြင်းဖြစ် သည်ဟု ဝမြောက်ပိုင်း ဒေသ တပ်မဟာ (၃၁၈) မှ အရာရှိ တဦးက ပြောသည်။
၎င်းက “သူတို့ပြောတာကတော့ စခန်း ခဏချလာတာပေါ့။ လောက်ကိုင်ဘက်မှာ တပ်ချဖို့ အခက်ခဲရှိလို့ပေါ့။ စိုးရိမ်တာတွေ မရှိပါနဲ့ပေါ့။ ဒါက သူတို့အပြောပဲ။ အခုက အဲဒီက ကျေးရွာသားတွေ ကျနော်တို့ နမ့်တစ် အထူးမြို့နယ်ထဲကို ပြေးဝင်နေကြပြီ။ အချို့လည်း တရုတ်နယ်စပ်ဘက်ကို ပြေးနေကြတယ်။ ကျနော်တို့ဆီက မိုင်းမောတို့၊ ပန်ဆန်းတို့မှာလာပြီး စီးပွားရေး လာလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေလည်း ပြန်နေကြပြီ။ ကိုးကန့်နယ်ထဲမှာ အရပ်သားတွေ သေကြကျေကြ၊ ပစ္စည်းတွေ ဆုံးရှုံးထားတော့ အဲလိုမျိုးဖြစ်မှာကို ကြောက်ပြီး ပြေးနေကြတာ။ ဒေသတည်ငြိမ်မှုပျက်ပြားအာင် လုပ်နေသလို ဖြစ်နေတယ်” ဟု ပြောသည်။
ဝတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ နယ်မြေအနီးရှိ တပ်စခန်းများတွင် နအဖစစ်သားများ အင်အားအများအပြား လာရောက်တပ်ချထား မှုအ ပေါ် စစ်ရေးသတိဖြင့် စောင့်ကြည့်နေပြီး နအဖတပ်ဘက်မှ စတင်တိုက်ခိုက်လာပါက ပြန်လည်ခုခံကာကွယ်သွားရန် အဆင်သင့်ပြင် ထား ကြောင်း အဆိုပါ ဝတပ်ဖွဲ့အရာရှိက ပြောသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်တွင်းသို့ လူပေါင်း (၃၇,ဝဝဝ) ကျော် ၀င်ရောက်လာသည်ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခဲ့ပြီး ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင်မူ ယမန်နေ့ ညနေ (၆) နာရီအထိ တရုတ်ပြည်ဘက်မှ ပြန်လာနေကြသည့် ဒေသခံပြည်သူ (၇,၈၄၈) ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
No comments:
Post a Comment