အောင်ဇော်
မြန်မာစစ်အစိုးရ၏ လျှို့ဝှက်ဖုံးကွယ်ထားသော အဏုမြူစီမံကိန်း ရည်ရွယ်ချက်များက လူသိရှင်ကြား ပေါ်ထွက်လာခဲ့ သည်။ အမေ ရိ ကန် နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက် နေမှု၊ နည်းပညာဆိုင်ရာ လွှဲပြောင်းပေးအပ်မှုများ ဖြစ်နိုင်ခြေရှိသည့်အပေါ် သတိပေး ပြောဆိုလာ သည့်အချိန်၌ ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံမှ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ပညာရှင် ဒက်စမွန်ဘောလ်(Desmond Ball) ၏ သုတေသနပြု လေ့လာချက်များအပေါ် အခြေခံ၍ ထွက်ပေါ်လာသည့် သတင်းများကြောင့်လည်း ဤကိစ္စကို လူအများ စိတ်ဝင်စားမှု ပိုခဲ့ရ သည်။ ဒက်စ်မွန်ဘောလ်က အာရှ-ပစိဖိတ်ဒေသအတွင်း မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ စာအုပ် အများအပြား ရေးသားခဲ့သူလည်း ဖြစ်သည်။
မည်သို့ဖြစ်စေ မြန်မာနိုင်ငံ၏ အဏုမြူစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်လျှင် မိမိတို့က အတိတ်ကာလကို ပြန်ကြည့် ရန် လိုအပ်မည်ဟု ထင်ပါသည်။ မြန်မာနိုင်ငံက အဏုမြူဆိုင်ရာ သိပ္ပံနှင့် နည်းပညာများအပေါ် စိတ်ဝင်စားနေ ခဲ့သည်မှာ အသစ်အဆန်းကိစ္စတခုတော့ မဟုတ်ပါ။
လွန်ခဲ့သည့် ၃ နှစ်ခန့်က ဧရာဝတီမဂ္ဂဇင်းတွင် မြန်မာနိုင်ငံ၏ အဏုမြူရည်ရွယ်ချက်နှင့် ပတ်သက်၍ အထူးဆောင်းပါးတပုဒ် ကို မျက်နှာဖုံး ဆောင်းပါးအဖြစ် ဖော်ပြခဲ့ဖူးပါသည်။ မြန်မာနိုင်ငံမှ ပညာရှင်တဦးဖြစ်သူ မောင်သုတက ရေးသားခဲ့ရာတွင် "လွန်ခဲ့သည့် ဆယ်စုနှစ် ၅ ခု ကျော်ကပင် ထိုအချိန်က ထိပ်သီးခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း တို့အနက် ခေတ်မီပြီး လက်တွေ့ကျသည့်အမြင်ရှိသူ ဦးကျော်ငြိမ်းဦးဆောင်၍ မြန်မာနိုင်ငံ၏ ထွန်းသစ်စ စက်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်နေကြသည့် အင်အားစုများနှင့် ၁၉၅၃ ခုနှစ်တွင်၊ စက်မှုဝန်ကြီးဌာနအောက်၌ ပြည်ထောင်စုမြန်မာနိုင်ငံ၊ အသုံး ချသုတေသနဌာန(UBAEC) ကို အမေရိကန်ပြည်ထောင်စုမှ သံချပ်ကာသုတေသန ဖောင်ဒေးရှင်း (American Armour Research Foundation) ၏ ပံ့ပိုးကူညီမှုဖြင့် တည်ထောင်ခဲ့ကြသည်" ဟု ရေးသားခဲ့ပါသည်။
၁၉၅၅ ခုနှစ်တွင် အဏုမြူစွမ်းအင် ဗဟိုဌာနနှင့် အဏုမြူသတ္တုပစ္စည်းများဆိုင်ရာ ဌာနကို တည်ထောင်ခဲ့ကြပြီး ဒါဇင်ပေါင်း များစွာသော လူငယ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများကို ပြည်ပသို့၊ အထူးသဖြင့် အမေရိကန်နိုင်ငံသို့ ပို့လွှတ်ခဲ့ ကြသည်။ ဤသို့ပို့လွှတ်သူ ပညာရှင်များအနေနှင့် ဆေးဝါးဆိုင်ရာ ရူပဗေဒ၊ နျူကလီးယား ရူပဗေဒ၊ နျူကလီယား သတ္တု ဗေဒ နှင့် သတ္တုတွင်းတူးဖော်ရေးဆိုင်ရာ အင်ဂျင်နီယာပညာရပ်များ၊ ပစ္စည်းများထုတ်လုပ်ရာတွင်၊ စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်း များတွင် နျူကလီယားအသုံးချရေးနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာသင်တန်းများ သင်ယူလေ့လာစေခဲ့ပါသည်။ ထိုနှစ်တွင်ပင် မြန်မာနိုင်ငံက ဂျီနီဗာတွင် ကျင်းပသည့် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချရေး ဆိုင်ရာ နိုင်ငံတကာညီလာခံသို့လည်း တက်ရောက်ခဲ့ပါသည်။ နောက် ၂နှစ်အကြာတွင် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာခဲ့သည်။
"ပွင့်လင်းမြင်သာမှု ရှိရန်လိုသည်" ဟု အမည်ပေးထားသည့် ၎င်းဆောင်းပါးတွင် မောင်သုတက 'အဏုမြူခေတ်' ၏ အရုဏ်ဦးတွင် မြန်မာနိုင်ငံ၏ အဏုမြူကျွမ်းကျင်သူ ထိပ်သီးပညာရှင်များက အသုံးချသုတေသနဌာန (UBAEC) တွင် ၀န်းရံနေခဲ့ကြကြောင်း ဖော်ပြရေးသားခဲ့သည်။ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ ဆေးပညာ၊ စက်မှုနှင့် ပညာရေး နည်းပညာ နယ်ပယ်များတွင် သုတေသနပြုမှုများ ဆက်လက်ဖွံ့ဖြိုးစေရန် ကြိုးပမ်းလုပ်ဆောင်မှုများဖြင့် မြန်မာ နိုင်ငံကို ခေတ်သစ်စက်မှုနိုင်ငံ တခုအဖြစ်သို့ တွန်းတင်နိုင်လိမ့်မည်ဟုလည်း သံသယမရှိ ယုံကြည်နေခဲ့ကြသည်" ဟု ရေးသားခဲ့သည်။
အမှန်ပြောရလျှင် ထိုအချိန်က မြန်မာနိုင်ငံသည် အဏုမြူစီမံကိန်း ဆက်လက်ဖွံ့ဖြိုး ဆောင်ရွက်နိုင်ရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာ ရှေ့ပြေးနေခဲ့ပြီဟု ဆိုနိုင်သည်။
၁၉၆၀ ခုနှစ်များ နှစ်ဆန်းပိုင်းတွင် ရန်ကုန် လှိုင်ပုရိဝုဏ် အနီး၌ နျူကလီးယား သုတေသနပြု ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်လည်း နေရာရွေးချယ်ခဲ့ကြပြီး ဖြစ်သည်။
"သို့သော်လည်း အဏုမြူရည်ရွယ်ချက်၏ ပထမအဆင့်လုပ်ငန်းများသည် နောင်နှစ်အနည်းငယ်အတွင်း နှောင့်နှေးခဲ့ရ သလို ပျက်စီးဖွယ်အကြောင်းနှင့် ကြုံခဲ့ရသည်။ အကြောင်းမှာ ယခင်က အထူးကြွားဝါထားခဲ့သော 'ပြည်တော်သာ' စီမံကိန်း မအောင်မမြင် ဖြစ်ခဲ့ရသလို၊ အသုံးချသုတေသနဌာန၏ ခေါင်းကိုင် နာယကဦးကျော်ငြိမ်းလည်း ထိပ်သီးနိုင်ငံရေးသမား များအကြား အကွဲအပြဲများနှင့် သိက္ခာကျဆင်းဖွယ်အဖြစ် ကြုံခဲ့ရသောကြောင့် ဖြစ်သည်" ဟု မောင်သုတက ရေးခဲ့သည်။
မြန်မာနိုင်ငံ၏ အစောပိုင်း အဏုမြူရည်မှန်းချက်က ဤမျှနှင့် နိဂုံးချုပ်ခဲ့ရသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းပိုက်ခဲ့ပြီးသည့်နောက်တွင် ၎င်းစီမံကိန်းပေါ်တွင်လည်း စိတ်ဝင်စားမှု အနည်းငယ်မျှသာ ပြတော့သည်။ သို့မဟုတ် သူက ပညာရှင်များအပေါ် ယုံကြည်မှု အနည်းငယ်မျှသာ ထားတော့ရာ မြန်မာ နိုင်ငံ၏ အဏုမြူစီမံကိန်းသည်လည်း ဘေးဖယ်ခံလိုက်ရတော့သည်။
သို့သော်လည်း ၁၉၈၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးက ပါမောက္ခများနှင့် ညစာ စားပွဲတခုတွင် ဤအဏုမြူစီမံကိန်းကိစ္စကို သူပစ်ပယ်နိဂုံးချုပ်စေခဲ့သည်မှာ သူမှားကြောင်း ၀န်ခံပြောဆိုခဲ့သည်။
ထိုအချိန်က ပါဝင်ခဲ့သည့် ကျွမ်းကျင်သူပညာရှင်တဦးမှာ ဦးသိန်းဦးဖိုးစော ဖြစ်ပြီး သူက နျူကလီးယား အင်ဂျင်နီယာပညာ ရပ်နှင့် ပတ်သက်၍ အီလီနွိုက်စ်တက္ကသိုလ်မှ ၁၉၅၀ ခုနှစ်များတွင် မဟာဘွဲ့ရရှိထားသူလည်း ဖြစ်သည်။ သူက ယခုအချိန် တိုင် မြန်မာနိုင်ငံတွင် ဆက်လက်လှုပ်ရှားဦးဆောင်နေသူလည်း ဖြစ်သည်။
မြန်မာနိုင်ငံ အဏုမြူစွမ်းအင် ကော်မတီပြန်လည် ဖွဲ့စည်းတည်ထောင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင် စီ (IAEA) နှင့် ပြန်လည်ဆက်စပ်ရာလုပ်ငန်းများ၌ ဦးသိန်းဦးဖိုးစောက အဓိကကျသည့် အခန်းကဏ္ဍမှနေ၍ ပါဝင်ဆောင် ရွက်ခဲ့သည်။ သူက စစ်အစိုးရကို ၁၉၉၅ ခုနှစ်တွင် အာရှ-ပစိတဖိတ်ဒေသအတွင်း အဏုမြူသိပ္ပံနှင့် နည်းပညာ သုတေသန လုပ်ငန်း၊ ဖွံ့ဖြိုးစေရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းများ၌ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (RCA) တွင် ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းခဲ့သေးသည်။
၎င်းပါမောက္ခ ဦးသိန်းဦးဖိုးစောက မေမြို့စစ်တက္ကသိုလ်တွင်လည်း စာသင်ကြားနေသူတဦးဖြစ်သလို၊ ယခုအခါ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေးနှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တွင် တွဲဖက် ပါမောက္ခအဖြစ်လည်း ဆောင်ရွက်လျက် ရှိသည်။
မည်သည့် ရည်ရွယ်ချက်များ ပါဝင်နေသည်ဖြစ်စေ၊ မြန်မာစစ်အစိုးရကတော့ အဏုမြူစီမံကိန်းကို ပြန်လည် အသက်သွင်း ဆောင်ရွက်နေပြီ ဖြစ်သည်။ ရခိုင်လူမျိုး ပါမောက္ခတဦးဖြစ်သူ ဦးသိန်းဦးဖိုးစောက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပြန်လည်ချိတ်ဆက်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာစစ်အစိုးရက "ငြိမ်းချမ်းစွာအသုံးပြုရေး" ဟူသော ရည်ရွယ်ချက်ဖြင့် အဏုမြူစွမ်းအင်ဖော်ထုတ်ရေး ရည်ရွယ်ချက်ကို ပြသ လုပ်ဆောင်နေပြီ ဖြစ်သည်။
စစ်အစိုးရက အဏုမြူ ကင်းစင်သောဇုန်နယ်မြေအဖြစ် သတ်မှတ်ရေး ရည်မှန်းချက်ကို လူသိရှင်ကြား ထောက်ခံထားပြီး၊ အရှေ့တောင်အာရှဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက်၊ (တနည်း ဘန်ကောက်သဘောတူညီချက်) ကိုလည်း ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးထားခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ထားခဲ့သေးသည်။
မည်သို့ဆိုစေ၊ မြန်မာနိုင်ငံက အဏုမြူနည်းပညာများအပေါ် စိတ်ဝင်စားမှု ပြသလာသည်ကတော့ ထင်ရှားသည့်အချက် ဖြစ်သည်။
မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းဝန်ကြီးဌာနကို အစွန်း ရောက် အမျိုးသားရေးဝါဒီတဦးဖြစ်သူ စစ်တက္ကသိုလ် ဗိုလ်လောင်းပထမအသုတ် ကျောင်းဆင်း ဦးသောင်းက ဦးဆောင် လာခဲ့ သည်။
နောက် ၂ နှစ်အကြာတွင် မြန်မာနိုင်ငံက ရုရှားနှင့် အဏုမြူဓာတ်ပေါင်းဖို စီမံချက်အတွက် စတင် ဆွေးနွေးညှိနှိုင်းမှုများ ပြု လုပ်လာတော့သည်။ ၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ဦးသိန်းဦးဖိုးစောက စစ်အစိုးရ ကမကထပြုနေသည့် အမျိုးသားညီလာခံတွင်လည်း အရေးပါသည့် ကဏ္ဍက ပါဝင်ဦး ဆောင်နေသူ တဦးဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍ နှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် သူနှင့် အခြားလုပ်ဖော်ကိုင်ဖက် ပညာရှင်များက စိတ်ဝင်စားဖွယ် အကြံပြုချက်တခုကို လည်း တင်ပြခဲ့ကြသေးသည်။
ဤကဏ္ဍကို ၂၀၀၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး အမျိုးသား ကာကွယ်ရေးနှင့် ပတ်သက်၍ အရေးကြီး သည့် အချက်များ အများအပြား ပါဝင် ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးမှုများတွင် ဓာတုနှင့် ဇီဝဆိုင်ရာ လက်နက်ကိစ္စများ လည်း ပါဝင်သည်။
၎င်းပါမောက္ခက တင်ပြအကြံပြုခဲ့ရာတွင် "အကြမ်းဖက်လှုပ်ရှားမှုများနှင့် ဖိအားပေးမှုများ" ဟူ၍ လွှမ်းခြုံဖော်ပြသော အခန်း အပြင် "မြန်မာနိုင်ငံ ကာကွယ်ရေးအတွက်နှင့် နိုင်ငံ၏ အစိတ်အပိုင်း အားလုံးတွင် ကာကွယ်ရေး အစီအစဉ်များ ရေးဆွဲ ရေး" အတွက် ဥပဒေ ပြဌာန်းရန်လည်း အကြံပြုခဲ့သေးသည်။
ဤအစီအစဉ်များတွင် ပါဝင်နိုင်ခြေရှိသည့် ကိစ္စများမှာ "သမားရိုးကျ လက်နက်များ၊ ကျည်များနှင့် ပေါက်ကွဲစေသော ပစ္စည်းများ၊ သမားရိုးကျမဟုတ်သော အဆင့်မြင့် မဟာဗျူဟာမြောက် လက်နက်များ" ပါဝင် သကဲ့သို့ "အဏုမြူစွမ်းအင်၊ အဏုမြူလောင်စာနှင့် ဓာတ်ရောင်ခြည်သင့်မှုများ၊ ၎င်းကို ထုတ်လုပ်သော ဓာတ်သတ္တုပစ္စည်း အရင်းအမြစ်များ၊ အထူး လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် ပစ္စည်းများ၊ နေရာများ၊ နည်းပညာများ၊ သုတေသန လုပ်ငန်းများ၊ သတင်းအချက် အလက်များ၊ အထူး လုံခြုံရေးဆိုင်ရာကိစ္စများ၊ အထူး လုံခြုံရေးပစ္စည်းများ၊ နေရာများ၊ နည်းပညာများ၊ သုတေသန လုပ်ငန်းများနှင့် သတင်းအချက်အလက်များအဖြစ် သတ်မှတ်ထားသော ပစ္စည်းများနှင့် သက်ဆိုင် အလုပ်လုပ်နေသူများ၌ မတော်တဆဖြစ်ပွားမှုများ၊ လျော်ကြေးဆိုင်ရာ ကိစ္စများ၊ မတော်တဆမှု ဖြစ်ပွားလျှင် အာမခံဆိုင်ရာ ကိစ္စများ" စသည်တို့ ပါဝင်သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားခဲ့သေးသည်။
အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မီတီ ဥက္ကဋ္ဌ ဦးအောင်တိုးက ပြန်ကြားခဲ့ရာတွင် အဏုမြူစီမံကိန်းကဲ့သို့သော အစီအစဉ်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများအတွင်း ထည့်သွင်းဖော်ပြပါက နိုင်ငံ တကာ၏ ပြစ်တင်ဝေဖန်မှုများ ခံရနိုင်ဖွယ် ရှိသည်ဟု အကြောင်းပြန်ခဲ့သည်။
ဦးအောင်တိုး၏ နိမိတ်ဖတ်ပြောကြားချက်များ မမှားပါ။ ယခုအခါ နိုင်ငံတကာ သတင်းဌာနများက မြန်မာနိုင်ငံသည် အဏု မြူဗုံး ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဖော်ပြနေကြပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အဏုမြူအစီအစဉ်တွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့်နှင့် စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်နေသည့် သဘော သဘာဝကြောင့် နိုင်ငံတကာမှ စောင့်ကြည့်ဝေဖန်နေသူများနှင့် အတိုက်အခံအင်အားစုများအကြားတွင် သံသယဖြစ်ဖွယ် ကိစ္စများ တိုး၍ ဖြစ်ပေါ်နေရသည်။
ဦးသိန်းဦးဖိုးစော အပြင် မြန်မာနိုင်ငံ၏ အဏုမြူအစီအစဉ်ကို ကြီးကြပ်နေသူမှာ ၀န်ကြီးဦးသောင်း ဖြစ်သည်။ သူက ရုရှား ၀န်ကြီးဖြစ်သူနှင့် ရုရှ အဏုမြူအေဂျင်စီ အကြီးအကဲဖြစ်သူ ဆာဂျီ ကီရီယန်ကို (Sergei Kiriyenko) နှင့် အဏုမြူဓာတ် ပေါင်းဖို စီမံချက်ကိစ္စ သဘောတူညီ လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်သည်။ ဦးသောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု- ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့် နီးစပ်ကျွမ်းဝင်သူဟုလည်း သိရှိထားကြပါသည်။
ဦးသောင်းက မြန်မာနိုင်ငံရှိ သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းများနှင့် ယူရေနီယံ သတ္တုမိုင်းများအကြောင်းကို အတွင်းကျကျ သိရှိသူဖြစ်သည်။ စစ်တပ်မှ အငြိမ်းစားယူခဲ့ပြီးနောက် ၁၉၈၀ ခုနှစ်များတွင် ကျောက်မြက်နှင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ် ရေးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ဦးသောင်းက မော်စကိုသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး အဏုမြူစီမံကိန်းကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ရသူ လည်း ဖြစ်သည်။ ထိုမျှမက သူက အဏုမြူလုပ်ငန်းအတွက် ကျောင်းသားများနှင့် စစ်တပ်အရာရှိများကို မော်စကိုတွင် သင်တန်းပို့လွှတ်ရန် စီစဉ်ခဲ့ရသူလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့၌ အဏုမြူရူပဗေဒ ဌာနများကို စတင်တည်ထောင်ခဲ့ပြီး ကျောင်းဝင်ခွင့်များကို စစ်အစိုးရက ချုပ်ကိုင်၍ ခွင့်ပြုခဲ့သည်။
၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ မီခေးလ် အမ် အမ်ဂီလာဇီ (Dr Mikhail M Mgeladze) က အတည်ပြုပြောကြားခဲ့ရာတွင် နှစ်နိုင်ငံသဘောတူညီချက်များအရ ရုရှားနိုင်ငံရှိ ပညာသင်ကြားရေးဌာန ၁၁ ခုတွင် မြန်မာကျောင်းသား ၂,၀၀၀ ကျော် ပညာသင်ယူနေလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ကျောင်းသား ၅၀၀ ခန့်မှာ သင်တန်းများပြီးဆုံး၍ သာမန်ဘွဲ့၊ ဘွဲ့လွန်၊ ပီ အိပ်ခ်ျ ဒီ ဘွဲ့ရကျောင်းသားများအဖြစ် ပြန်လာကြပြီဟု ဆိုသည်။
ရုရှား ကုမ္ပဏီများကလည်း အထက်မြန်မာနိုင်ငံရှိ ယူရေနီယံသတ္တုတူးဖောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက် ရှိသည်။ ၂၀၀၀ ခုနှစ်များ အစောပိုင်းကာလက ယူရေနီယံသတ္တုသိုက်များကို နေရာဒေသအများ တွင် တွေ့ရှိရကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သေးသည်။ မကွေးတိုင်း၊ တောင်တွင်းကြီး၊ ကျောက်ဖိုင်ကုန်း၊ မိုးကုတ်မြို့ရှိ ဖောင်းပြင်၊ တနင်္သာရီတိုင်း တောင်ပိုင်းရှိ ကျောက်ဆင်ဒေသများတွင် ယူရေနီယံထွက်ရှိသည်ဟု ဆိုသည်။
ဇာဘင်နက်ဖ် (Zarubezneft)၊ အီတာရာ (Itera)၊ ကာလ်မိုင်ကီယာ (Kalmykia) ဆိုသည့် ရုရှားကုမ္ပဏီများအပြင်၊ အစိုးရ ပိုင် လုပ်ငန်းတခုဖြစ်သည့် တိုင်ယာဇာဖရွန်အိတ်စ်ပို့တ်(Tyazhpromexport) ကုမ္ပဏီများက မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ်အတွင်း သံရိုင်းသိုက် တူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ (Tyazhpromexport) ကုမ္ပဏီတခုတည်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည်ပင် အမေရိကန် ဒေါ်လာ သန်း ၁၅၀ မျှ ရှိနေသည်။
ရုရှားနိုင်ငံအပြင် မြန်မာစစ်အစိုးရက မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး၊ စစ်ရေးအရ ပူးပေါင်းဆက်ဆံမှုများ ပြန်လည်ပြုလုပ်လာခဲ့ပြီး ဤသို့ ဆောင်ရွက်နေမှုများကြောင့် သံသယပိုမိုကြီးထွားဖွယ် ဖြစ်လာရသည်။ ၀ါရှင်တန်ရှိ အမေ ရိကန်အစိုးရက နိုင်ငံ ၂ ခုအကြား နည်းပညာအလွှဲအပြောင်း လုပ်ကြမည့် ကိစ္စကိုလည်း အကြိမ်ကြိမ်သတိပေးပြောဆိုနေ ခဲ့သည်။
၂၀၀၇ ခုနှစ် ဧပြီလတွင် မြောက်ကိုရီးယားကုန်တင်သင်္ဘော ကန်နမ် (၁) (Kang Nam I) က ရန်ကုန်မြို့ တောင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ သီလ၀ါဆိပ်ကမ်းတွင် ကျောက်ချရပ်နားလာခဲ့သည်။ စိတ်ဝင်စားဖွယ်အချက်မှာ ဤသင်္ဘောက နှစ်နိုင်ငံသံတမန်ပြန်လည် ဆက်သွယ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ဆိုက်ကပ်ခြင်း ဖြစ်သော်လည်း မြန်မာအရာရှိများက ဤသင်္ဘောသည် မုန်တိုင်းရန်မှ ခိုလှုံရန် ဆိုက်ကပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့ကြ သည်။ ဂျပန်သတင်းဌာနအတွက် အလုပ်လုပ်ပေးနေသော ဒေသခံ သတင်းထောက် ၂ ဦးကိုလည်း ဤသင်္ဘောကိစ္စ သတင်းရယူခဲ့ခြင်းကြောင့် ခဏတာမျှ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
မကြာသေးမီက ကန်နမ် (၁) သင်္ဘောက မြန်မာနိုင်ငံဘက်သို့ ဦးတည်လာခဲ့သေးသည်။ သို့သော်လည်း အမေရိကန် ရေတပ် ဖျက်သင်္ဘောက နောက်ယောင်ခံလိုက်နေပြီးသည့် နောက်ပိုင်း နိုင်ငံတကာက အာရုံထားစောင့်ကြည့်ခံနေရသည့် အခြေအနေတွင် နောက်ကြောင်းပြန်လှည့်သွားခဲ့သည်။
၂၀၀၇ ခုနှစ် ဧပြီလတွင် ဒုက္ခတွေ့၍ မြန်မာနိုင်ငံသို့ ရောက်လာခဲ့သော မြောက်ကိုရီးယားသင်္ဘော ကန်နမ် (၁) မှာ ပထမ ဦးဆုံးအကြိမ် မဟုတ်ပေ။ ထူးထူးခြားခြား တိုက်ဆိုင်ကြုံကြိုက်မှုလည်း မဟုတ်သေးပေ။ အမ် ဗွီ ဘောင် ဟောင်ဖန် (M V Bong Hoafan) ဟု အမည်ရသော မြောက်ကိုရီးယား ကုန်တင်သင်္ဘောကလည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလက မုန်တိုင်း ဘေးရန်မှ ရှောင်လွှဲနိုင်ရန် မြန်မာဆိပ်ကမ်းတွင် ကျောက်ချရပ်နားခဲ့ဖူးသေးသည်။ စစ်အစိုးရ သတင်းများအရ ဤသင်္ဘော ကို စစ်ဆေးရာတွင် "သံသယဖြစ်ဖွယ်ပစ္စည်းများ သို့မဟုတ် စစ်သုံး ပစ္စည်းကိရိယာများ မတွေ့ရ"ဟု ဆိုခဲ့ကြသည်။
သို့သော်လည်း ဝေဖန်စောင့်ကြည့်သူများက အဏုမြူဓာတ်ပေါင်းဖိုစီမံကိန်းကို ရှေ့ဆက်ဆောင်ရွက်နေခြင်း၊ မြောက် ကိုရီးယား သင်္ဘောများ ဆိုက်ရောက်လာခြင်း၊ လျှို့ဝှက်နိုင်လှသော စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေခြင်း (ဧရာ ၀တီသတင်းဌာနက ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီးရွှေမန်း ပြုံယန်းသို့ သွားရောက်ခဲ့သည့်သတင်းစဉ်ကို ရှားပါးဓာတ်ပုံများနှင့် အတူ ဖော်ထုတ် တင်ပြခဲ့ပြီးဖြစ်သည်။) များမှာ သံသယပိုကြီးထွားဖွယ် အသစ် ဖြစ်ပေါ်တိုးတက်မှု များ ဖြစ်နေတော့သည်။
သို့သော်လည်း မြန်မာနိုင်ငံက ခက်ခဲရှုပ်ထွေးပြီး အန္တရာယ်ပြွမ်းလှသော ယူရေနီယံသန့်စင်ရေးလုပ်ငန်းများကို လက်နက် ထုတ်နိုင်သည့် အဆင့်အတန်းအထိရောက်အောင် ဆက်လက်လုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်းပြောဆိုရန်မှာ အချိန် စော နေပါသေးသည်။ မည်သို့ဖြစ်စေ သံသယများက ဆက်လက် ဖြစ်ပေါ်နေလိမ့်ဦးမည်သာ ဖြစ်သည်။
တရားမ၀င် အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အဏုမြူပိုင်ဆိုင်သည့် နိုင်ငံတခုဖြစ်ရမည်ဟု ရည်မှန်း ချက်ထားရှိသော်လည်း စစ်အစိုးရအနေနှင့် အဏုမြူလက်နက် ထုတ်လုပ်ရန် ရည်ရွယ်ထားချက်ရှိ မရှိကို သေချာရှင်းလင်း မသိရသေးပါ။ နောက်ထပ် ပို၍ တိကျသေချာသည့် အချက်အလက်များ လိုအပ်နေပါသေးသည်။ သို့သော် သံသယရှိဖွယ် မဟုတ်သော ကိစ္စမှာ ဦးသိန်းဦးဖိုးစော၊ ဦးသောင်းနှင့် ဗိုလ်ချုပ်မောင်အေးတို့က အတိအကျပြောပြနိုင်ကြမည် ဖြစ်ပါသည်။
သို့သော်လည်း ဤပြဿနာကို တင်ပြ၍ မြန်မာစစ်အစိုးရ၏ ရည်ရွယ်ချက် အစစ်အမှန်ကို မေးမြန်းစုံစမ်းရန်မှာ တရားဝင် ဖြစ်သင့်သည့် ကိစ္စဖြစ်ပါသည်။ သို့မှသာ တာဝန်ခံမှုမရှိသည့် အစိုးရတရပ်၏ လက်တွင်းသို့ အဏုမြူနည်းပညာများ ရောက်ရှိ၍ တလွဲအသုံးချမည့်အရေးမှ ကာကွယ်နိုင်လိမ့်မည် ဖြစ်ပါတော့သည်။
အောင်ဇော်ရေးသားသည့် Burma Must Make Clear its Nuclear Ambitions ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
No comments:
Post a Comment