Monday, September 14, 2009

ခလရ ၆၂ တပ်ရင်းရှေ့၌ MNPCP မွန်လက်နက်ကိုင်အဖွဲ့လုပ်ကြံခံရ

Kaowao

မော်လမြိုင်။ ။ စစ်အစိုးရနှင့် လှို့ဝှက်နား လည် မှုရယူ ထားသော မွန်အမျိုးသား ငြိမ်းချမ်းရေး ကောင်စီပါတီ MNPCP မှ အရာရှိ နှစ်ဦးတို့ သံဖြူဇရပ်မြို့ အဝင် ခလရ ၆၂ တပ်ရင်းရှေ့၌ ယမန် နေ့နံနက် ၈ နာရီ ခန့်တွင် အမည်မသိ သေနတ်သမား ပစ်ခတ်မှုကြောင့် ဗိုလ်မှူးအဗိုင် ဆိုသူမှာ ရရှိထားသော ဒဏ်ရာဖြင့် ယနေ့ တွင် မော်လမြိုင် ဆေးရုံ၌ သေဆုံးသွား သည်ဟု နီးစပ်သူများ ပြောကြား ချက်အရ သိရသည်။

ယင်းလုပ်ကြံမှုတွင် MNPCP မှ ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီးနိုင်ချစ်စိန် ဆိုသူလည်းသေနတ် ဒဏ်ရာများ ရရှိကာ စိုးရိမ်ဖွယ် အခြေအ နေ မရှိဟု သိရသည်။

အဆိုပါ နိုင်ချစ်စိန်နှင့် နိုင်ဗိုင်တို့သည်မှ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့မှ သံဖြူဇရပ်မြို့သို့အပြန် သေနတ် သမားက နောက်ယောင်ခံပြီး လိုက်လာသည်ဟု ဆိုပါသည်။

မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ ဗိုလ်မှူးတစ်ဦးက “ သူတို့အချင်းချင်းပဲ ဖြစ်ဖို့များတယ်၊ နေရာလုကြတဲ့ပြဿနာပဲ” ဟုယူဆပြော ဆိုခဲ့သည်။

သံဖြူဇရပ်မြို့ စရဖအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးအဆိုအရ မွန်အချင်းချင်းလုပ်ကြံမှု ဖြစ်သဖြင့် ၄င်းတို့အာဏာပိုင်များနှင့်မသက်ဆိုင်ကြောင်း၊ လိုအပ်ပါက ရဲစခန်းတွင် အမှုဖွင့်ထားနိုင်ကြောင်း ပြောပါသည်။
လွန်ခဲ့သည့် မေလအတွင်း၌ မုဒုံမြို့နယ်တွင် မွန်ပြည်သစ်ပါတီမြို့နယ်ကော်မတီဝင် နိုင်ရာဇာအား အမည်မသိသေနတ်သမားများ မော်တော်ကားဖြင့် လုပ်ကြံခဲ့ရာ၌ မအောင်မြင်ခဲ့ပေ။

အလားတူ ဤမော်လမြိုင်-ရေး မော်တော်ကားလမ်းမပေါ်၌ပင် လွန်ခဲ့သည့် ဧပြီလတွင် မွန်ပြည်သစ်ပါတီမှအရာရှိ နိုင်မင်းနောင် လုပ်ကြံမှုခံရကာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။ တရားခံမှာ MNPCP မှထပ်မံကွဲထွက်လာသည့် အဖွဲ့သစ်တစ်ဖွဲ့မှအဖွဲ့ဝင် ဖြစ်နေသည်။

မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီပါတီ MNPCP ကို မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သော ဗိုလ်ချုပ်ဟောင်း အောင်နိုင်က ရတခတိုင်းမှူးအားပေးထောက်ခံမှုဖြင့် ယမန်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သော ရဲဘော်ဟောင်းများဖြင့် တပ်ဖွဲ့တစ်ခုအသွင်ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်အောင်နိုင်မှာ ယခုအခါ မုဒုံမြို့နယ်အတွင်းရှိ တောရကျောင်းတစ်ကျောင်း၌ ရဟန်းဝတ်နေသည်ဟု သိရသည်။

No comments: