ရန်ကုန်သားတာတေ
“ထီ ….”
“ထီ ….”
“ထီ ...”
စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် ထီဆိုင် ကြော်ငြာဟု မထင်လိုက်ပါနှင့် ...။ မြရတနာနှင့် သန်းဆု ကုဋေ ကြော်ငြာလည်း မဟုတ်ပြန်ပါ။ ချိုကုပ် ဒူးကြီးနှင့် ဇနီး ဒေါ်ကွိုင်ကွိုင်တို့ တော်လှန်ရေးနေ့ ညစာစားပွဲ ခန်းဝင်တီးလုံး သို့မဟုတ် စည်တော်ရွမ်းသံ ကို အနီးစပ်ဆုံး အသံဖမ်း၍ ရေးထားခြင်း ဖြစ်ပါသည်။
တော်လှန်ရေးနေ့ ညစာစားပွဲအပြီး ၃ ရက်ခန့်အကြာတွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးနှင့် ချိုကုပ်ဒူးကြီးတို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်ကို ရန်ကုန်သားတာတေက မလျှို့မဝှက်ဘဲ အရင်းအတိုင်း ဤသို့ ဖော်ပြလိုက်ပါသည်။
ရုက္ခစိုး။ ။ ညစာစားပွဲ ဝင်တာများ ဗုံတီးပြီး ဝင်ရတယ်လို့ဗျာ။
ချိုကုပ်။ ။ ဗုံတီးတာ မဟုတ်ဘူးလေ အဲဒါ အောင်စည်ရွမ်းတာလို့ ခေါ်တယ်။
ရုက္ခစိုး။ ။ အဝင်တခါ အထွက်တခါ တီးတာ ဘယ်လိုသဘောလဲဗျ။
ချိုကုပ်။ ။ ဝင်ရင်လည်း တီးမယ်၊ ထွက်ရင်လည်း တီးမယ် … ဆိုတဲ့အဓိပ္ပာယ်လေ။ အဲဒီစည်ကြီးမှာ NLD လို့ ရေးထားတယ်။ NLD ရွေးကောက်ပွဲ ဝင်ရင်လည်း တီးမယ်၊ ထွက်ရင်လည်း တီးမယ် … ဘာလုပ်လုပ်တီးမယ်။
ဟဲဟဲ ဗေဒင်ဆရာက ပြောလို့ဗျ။ အောင်စည်ရွမ်းပြီး ညစာစားပွဲကို အဝင်အထွက်လုပ်ရင် NLD ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အောင်ပွဲခံရမယ်ဆိုလို့ … ။ တကယ်မှန်တယ်။ အခု ကျုပ် အောင်ပွဲခံရပြီ။
ရုက္ခစိုး။ ။ ကျုပ်ကို တွေ့ချင်တယ်ဆိုတာကကော … ဘာဖြစ်လို့လဲ။
ချိုကုပ်။ ။ ဘာမှ မဖြစ်ဘူး … အောင်ပွဲခံမလို့ ခေါ်တာ။ ကျုပ်က လူတွေကို ဘယ်သူ့မှ မယုံဘူးလေ။ ရွှေပန်းလည်း မယုံဘူး၊ မောင်ကွေးလည်း မယုံဘူး။ မတော် ကျုပ်ကို လုပ်ကြံရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် အာဏာသိမ်းရင်ကော ...။ ဒါကြောင့် လူမဟုတ်တဲ့ ခင်ဗျားလို နတ်နဲ့တူတူ အောင်ပွဲခံမလို့ ခေါ်လိုက်တာ။ ကဲ ကဲ သုံးဆောင်ဗျာ။
ရုက္ခစိုး။ ။ ဟာ … ကျုပ်က နတ်လေ … အငွေ့ပဲစားတာ မသိဘူးလား။
ချိုကုပ်။ ။ သိတယ်လေ။ အဲဒီလို အငွေ့ပဲစားတော့ အကုန်အကျ သက်သာတာပေါ့။ ဒီ စားသောက်ဖွယ်ရာတွေ အားလုံးက အကုန်လုံး ငှားထားတာတွေချည်းပဲ … ။ ဟောဒီ ဘဲကင်နဲ့ ၁၂ မျိုးဟင်းချိုက ဆီအိုးနားဟိုတယ်က ငှားထားတာ၊ ဟောဒီဘက်က စားစရာ သောက်စရာတွေက မှောင်ခိုကြီးများဟိုတယ်က ငှားထားတာ … ကြိုက်တာသာ စားပေရော့။
ရုက္ခစိုး။ ။ တော်တော်လည်း ကုန်ကျနေပါဦးမယ်။ ဒါနဲ့ နေပါဦး။ NLD က ရွေးကောက်ပွဲ မဝင်တာနဲ့ ခင်ဗျားက တကယ် အောင်ပြီလား။ သေချာလို့လား။
ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ချိုကုပ်။ ။ ခက်ပါလား ဦးရုက္ခစိုးရယ်။ NLD တွေတောင် သူတို့ဘာသာ ရွေးကောက်ပွဲ မဝင်ဘူး ဆုံးဖြတ်ပြီ ဆိုတာနဲ့ အလကားနေရင်း အောင်ပွဲခံနေသေးတာ၊ ကျုပ်လည်း အောင်ပွဲခံမှာပေါ့။ ဘာဖြစ်သေးလဲ။
ရုက္ခစိုး။ ။ ကျုပ်သိသလောက်တော့ ခင်ဗျားက NLD ကို ရွေးကောက်ပွဲ ဝင်စေချင်နေတာ မဟုတ်လား။ ခင်ဗျား ဖြစ်စေချင်သလို ဖြစ်မလာတော့ သူတို့အတွက် အောင်ပွဲပေါ့ဗျ။
ချိုကုပ်။ ။ တကယ်က မဟုတ်ဘူးဗျ။ ကျုပ်က NLD ကို စိတ်ထဲကနေ ကြိတ်ပြီး ကြောက်နေတာ။ အဟဲ။ NLD ဆိုတဲ့ နာမည်တလုံးကို ကြောက်တာလေ။ အဲဒီနာမည်နောက်မှာ လူတွေ အများကြီး ရှိနေတာ မဟုတ်လား။ ဒါပေမယ့် မကြောက်သလိုလို ဘာလိုလို ဟန်ဆောင်နေတာ။ သူတို့ကို လုံးဝ ရွေးကောက်ပွဲ ဝင်စေချင်တာ မဟုတ်ဘူး။
ရုက္ခစိုး။ ။ ဒါဆို ခုမှပဲ သက်ပြင်းချနိုင်တော့တယ် ဆိုပါတော့။
ချိုကုပ်။ ။ သက်ပြင်းချတာမဟုတ်ဘူး။ ပျော်ကို ပျော်သွားတာ။ သူတို့က ကျုပ်ဆင်တဲ့ ခွင်ထဲ တန်းခနဲ ဝင်လာတာကိုးဗျ။ အဲဒီလောက်ထိ လွယ်တော့လည်း နည်းနည်း ပျင်းတယ်ဗျာ။ စိတ်လှုပ်ရှားစရာ မကောင်းဘူးပေါ့။
ရုက္ခစိုး။ ။ တကယ်ဆိုရင်တော့ ခင်ဗျားက NLD ကို ရွေးကောက်ပွဲ ဝင်အောင် စည်းရုံးသင့်တာပေါ့။ အခုဆိုရင် တယောက်တည်း အပြေးပြိုင်ရသလို ဖြစ်မနေဘူးလား။
ချိုကုပ်။ ။ တယောက်တည်း အပြေးပြိုင်ရတော့ကော ဘာဖြစ်လဲ။ ပထမရဖို့ လိုရင်းပဲဟာ။ ကျုပ်က အစကတည်းက အရှက်မှ မရှိဘဲ။ ဒီနေရာမှာ အရှက်မရှိတဲ့သူက နိုင်တာပဲဗျ။ ကြည့်လေ … သူတို့က ပါတီ ဂုဏ်သိက္ခာဘာညာနဲ့ … အရှက်ရှိပြလိုက်တာ အခုဆို အနှစ် ၂၀ လောက် ခေါင်းမာခဲ့တဲ့ ပါတီ ဖျက်ရတော့မယ် ဟီဟိ။
ရုက္ခစိုး။ ။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကို ဘူးသီးတလုံး လက်ဆောင်ပေးလိုက်တာဆို၊ အဲဒါကြောင့် အားလုံးက ဘူး ဆိုတဲ့ အဓိပ္ပာယ်ကောက်ပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်တာဆို ဟုတ်လား။
ချိုကုပ်။ ။ ဟုတ်မှာပေါ့ ...။ သူက ဘူး ဆို ဖရုံမသီးဘူး ဆိုပေမယ့် ကျုပ်က ခရမ်းသီးကော၊ ငရုပ်သီးကော၊ ပဲတောင့်ရှည်ကော အကုန် သီးပြဦးမှာ။
ရုက္ခစိုး။ ။ ဒါပေမယ့် နောက်ထပ် ရက် ၃၀ ကျန်သေးတယ်နော်။ အဲဒီရက် ၃၀ အတွင်း အစီအစဉ်ပြောင်းပြီး မှတ်ပုံ တင်လိုက်ရင်ကော။
ချိုကုပ်။ ။ အဲဒီလိုဆိုရင်တော့ ကျုပ်တို့ နည်းနည်း အလုပ်ရှုပ်မှာပေါ့ဗျာ။ ဘယ်လို မဲလိမ်၊ မဲခိုးမယ်ဆိုတာကို ကမ္ဘာကျော် ငလိမ်ကြီးတွေ၊ မြန်မာ့သူခိုးကြီးတွေနဲ့ အမြန်ဆုံးတိုင်ပင်ရမယ်။ ပြီးတော့ စွမ်းအားရှင်တွေအတွက် တုတ်တွေ အင်တာနေရှင်နယ်က မှာရမယ်။ ပြီးတော့ သူတို့ကို NLD အဖွဲ့ဝင်တွေကို အသားလွတ်ဝင်ရိုက်ခိုင်းပြီး … နေ့တွက် ပေးရမယ်။ ဟာ … နတ်ဖြစ်ပြီး ပါးစပ်ပုပ်ကြီးနဲ့ ...။ ခင်ဗျားပြောသလို မဖြစ်နိုင်ပါဘူးဗျာ။
ရုက္ခစိုး။ ။ ကဲ ကဲ မဖြစ်တော့ဘူးပဲ ထားပါတော့။ ရွေးကောက်ပွဲပြီးရင် ခင်ဗျား ဘာလုပ်မလဲ။
ချိုကုပ်။ ။ ကျုပ် … နိုင်ငံရေးကို စိတ်ကုန်ပြီဗျာ။ တရား အားထုတ်မလားလို့ စဉ်းစားနေတယ်။
ရုက္ခစိုး။ ။ ဘယ်လို … ဘယ်လို တရား အားထုတ်မယ် ဟုတ်လား။ ကျားသား မိုးကြိုးဗျာ။ သမ္မတ တွေ ဘာတွေ ဝင်လုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလား။
ချိုကုပ်။ ။ ဘယ့်နှယ် သမ္မတ လုပ်ရမှာလဲ။ သမ္မတ လုပ်ရင် လေးနှစ်ပဲ ခံမှာပေါ့။ ပြီးရင် ဘုံပျောက်မှာ။ ကျုပ်က တပ်ချုပ်ကြီးပဲ တသက်လုံးလုပ်မှာ။
ရုက္ခစိုး။ ။ နေ … နေပါဦး … တရားအားထုတ်မယ်ဆို။
ချိုကုပ်။ ။ တရား အားထုတ်မယ်ဆိုတာက တရုတ်အားထားမယ်လို့ ပြောတာ ...။ တပ်ချုပ်ကြီးအဖြစ်နဲ့ တသက်လုံး နေမယ်။ တရုတ်ကြီးရဲ့ လမ်းစဉ်အတိုင်း ဘုရားစူး ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တရားဝင် တည်ထောင်မယ်။ ကျုပ်ကို ကန့်လန့်တိုက်မယ့် တခုတည်းသော ပါတီလည်း မရှိတော့ဘူး။ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ။
ရုက္ခစိုး။ ။ တချို့ပါတီတွေက မှတ်ပုံတောင် မတင်ရသေးဘူး … စည်းရုံးတာတွေ ဘာတွေ လုပ်နေတယ် ကြားတယ်နော်။ ခင်ဗျားကို ကျော်တက်ရင် ဘယ်လိုလုပ်မလဲ။
ချိုကုပ်။ ။ သြော် အွေးလင်တို့ ရဲတင်းတို့ ပါတီလေးတွေလား။ လုပ်ပါစေ။ သူတို့တွေရှိနေမှ ကျုပ်ကို နိုင်ငံတကာက ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင်သွားတယ် ထင်မှာလေ။ အဲဒါကြောင့် သူတို့ကို နည်းနည်းပါးပါး ပံ့ပိုးပေးပြီး အော်ခိုင်းထားတာ။ ပါတီ မစုံမှာစိုးလို့တောင် ညီအစ်ကို ၂ ယောက်ကို တပါတီစီ ခွဲခိုင်းထားရတယ် ...။ တကယ်ဆို သူတို့မှာ ညီအစ်ကို မောင်နှမ ၁၀ ယောက်လောက်သာရှိ။ ၁၀ ပါတီရပြီ။ ပွဲပြီးပြီဗျာ။
ရုက္ခစိုး။ ။ အခုလည်း ပါတီစုံသားပဲ … သူတို့ ညီအစ်ကို တပါတီစီရယ်၊ မဆလရယ်၊ ကြံ့ဖွံ့ရယ် … ဦးကိုယ့်ဝေတို့ ပါတီရယ်၊ အနည်းဆုံး ခင်ဗျားလုပ်ချင်တိုင်း လုပ်လို့ရတဲ့ ပါတီ ၅ ပါတီရှိတယ် မဟုတ်လား။
ချိုကုပ်။ ။ ဘယ်နှပါတီ ရှိရှိ NLD မရှိဖို့ အရေးကြီးတယ်။ မှတ်ပုံတင်ဖို့ သက်မှတ်ရက် ကျော်တာနဲ့ … သူတို့ ဆိုင်းဘုတ်တွေကအစ ဘာမှမထားဘူး အကုန်ဖြုတ်မယ်။ သူတို့ကို နာမည်အမျိုးမျိုးဖျက်မယ် … ကဲ … ကဲ လောလောဆယ် … အောင်ပွဲကြီး … ခံ … ခံ … ။ အောင်မလေး … ဘာတွေ ဖြစ်ကုန်ပြီလဲဟ ...။
စကားမဆုံးသေးခင် ကြပ်ပြေးနေပြည်တော်ကြီး၌ ရုတ်တရက် လေပြင်းမုန်တိုင်း တိုက်ကာ လျှပ်စစ်မီးများ ရုတ်တရက် ပြတ်တောက် သွားသောကြောင့် ချိုကုပ်ဒူးကြီး လန့်သွားခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်လည်း အလန့်တကြား အခန်းထဲ ဝင်လာသည်။
ကွိုင်ကွိုင်။ ။ မောင်တော်ဘုရား … မောင်တော်ဘုရား။ နိမိတ်တွေ မကောင်းတော့ဘူး ဘုရား။ ငလျင်လည်း လှုပ်ဦးမယ်လို့ ကြားနေပါတယ်။
ချိုကုပ်။ ။ ဒါ … ဒါ … ဟိုကောင်မလေးရဲ့ ဘူးသီး အစီအမံကြောင့်ဖြစ်ရမယ် … ။ ငါတို့ကို အောက်လမ်းနည်းနဲ့ လုပ်တာ ဖြစ်ရမယ် … ပုဏ္ဏားဖြူတွေ ပုဏ္ဏားညိုတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘယ်ဗေဒင်ဆရာမှ မရှိရင် ငါ့ဘာသာ အစီအမံလုပ်မယ်။ ကွိုင်ကွိုင် သေချာ နားထောင်။
ကွိုင်ကွိုင်။ ။ ဟုတ်ကဲ့ မောင်တော်ဘုရား။
ချိုကုပ်။ ။ တတိုင်းပြည်လုံးမှာ ရှိရှိသမျှ ဘူးသီးတွေအကုန်လုံး ပြုတ်ပြီး ငါးပိရည်နဲ့ တို့စားရမယ်လို့ အမိန့်ထုတ်လိုက်။ ဦးရုက္ခစိုးကြီးပါ စားသွား … သွား။ ဟင် ဘယ်ရောက်သွားပြီလဲ။
ဦးရုက္ခစိုးကြီးမှာ ဘူးသီးပြုတ်နှင့် ငါးပိရည်ရန်မှ လွတ်ရန် စောစီးစွာ ကိုယ်ရောင်ဖျောက်၍ ထိုနေရာမှ အသာလစ်ထွက် သွားပြီ ဖြစ်သည်။ ။
No comments:
Post a Comment