Thursday, September 2, 2010

စစ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသိုင်းကွက်

ဘိုဘိုကျော်ငြိမ်း

သြဂုတ်လ ၂၇ ရက်နေ့က ပြန့်ထွက်လာတဲ့ စစ်တပ်အရာရှိကြီးများ အပြောင်းအလဲသတင်းဟာ လာမဲ့ရွေးကောက်ပွဲထက် အရေးပါတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ၁၉၆၂ နှစ် ကတည်းက စစ်အာဏာရှင် အလွှမ်းမိုးခံရတဲ့ နိုင်ငံဖြစ်ခဲ့ရတော့ စစ်တပ်ဟာ အဓိကမဏ္ဍိုင် ဖြစ်လာရတယ်။ စစ်တပ်ရဲ့ အနေအထားနဲ့ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်ရမဲ့ စစ်ဗိုလ်ချုပ်တွေကို ရွေးချယ်ခန့်ထားမှုအပေါ် အများကြီး မူတည်နေပါတယ်။ ဘာကြောင်လဲဆိုတော့ စစ်အာဏာရှင်တွေအကြိုက် စစ်အာဏာရှင်တည်မြဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် စောင့်ရှောက်ရမှာက ဒီစစ်တပ်ပဲဖြစ်သလို လိုအပ်လာရင် တဖန် အာဏာပြန်သိမ်း ပေးရမှာကလည်း ဒီစစ်တပ်ပဲ ဖြစ်တာကြောင့်ပါ။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်နေဝင်း ပြဌာန်းခဲ့တဲ့ “စစ်အာဏါရှင်ဋီကာ” ကို နောကြေရုံမက ဗိုလ်ချုပ်နေဝင်း မှားခဲ့တဲ့ အမှားတွေကိုရှောင်ဖို့ သတိရှိခဲ့တယ်။ အာဏာရှင် တယောက်အတွက် နံပတ် ၁ အဓိကတာဝန်ဟာ (မိမိ အာဏာတည်မြဲရေး) ဆိုတာကို ဗိုလ်ချုပ်သန်းရွှေတယောက် ကောင်းကောင်းသိတယ်။

မော်စီတုန်း ခေတ်ကိုပြန်လေ့လာကြည့်ရင် မော်စီတုန်းဟာ တိုင်းပြည်အုပ်ချုပ်ရေးကို ဝန်ကြီးချုပ် ချောင်အင်လိုင်းကိုလွှဲထားတယ် ကွန်မြူနစ်နိုင်ငံဖြစ်တာကြောင့် ပါတီဥက္ကဋ္ဌ အနေနဲ့ ပါတီကိုပဲ ကိုင်ထားတယ်။ ဒါတောင် သတိနည်းနည်းလျော့တာနဲ့ လျူရှောက်ချီနဲ့ တိန်ချောက်ပိန်တို့က ပါတီကို ဦးစီးထားလိုက် နိုင်တယ်။

ဒါကြောင် အသိဥာဏ်နုတဲ့ ကျောင်းသားလူငယ်လေးတွေကို မြှောက်ပေးပြီး “ဌာနချုပ်ကိုဝိုင်းကြ” ဆိုပြီး “ယဉ်ကျေးမှုတော်လှန်ရေး” ကို ဆင်နွှဲခဲ့ရတယ် အမှန်က ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာဟာ တကယ်တော့ မော်စီတုန်း ရဲ့ ပါတီတွင်းအာဏာသိမ်းပွဲကို ထုံးသုတ်ပြီး အလှခြယ်ပြထားတာပါ။

ယဉ်ကျေးမှုတော်လှန်ရေးမှာ တော်လှန်ရေးအတွင်းက ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြတဲ့ သူရဲကောင်း တော်လှန်ရေးသမား ရဲဘော်ဟောင်း မြောက်မြားစွာကို ရက်ရက်စက်စက် ခြေမှုန်း သတ်ပစ် ခဲ့တာပဲ။ အာဏာရှင်မှန်ရင်၊ ရက်စက်ဖို့ ဝန်မလေးရဘူး။ ဟစ်တလာ၊ စတာလင်၊ ပိုပေါ့ (Pol Pot) တို့ဟာ လူတွေကို သန်းနဲ့ချီစတေးဖို့ လက်ရွံ့ ခဲ့ကြတာမှ မဟုတ်တာဘဲ။

ထိုနည်းတူ ဗိုလ်ချုပ်နေဝင်းသည်လည်းကောင်း၊ ဗိုလ်ချုပ်သန်းရွှေသည်လည်းကောင်း မိမိတို့၏ အာဏာကို ထိပါးလာလျှင် (ပစ်) မိန့်ပေးရန် လက်မတွန့်ခဲ့ကြပါ။ ဘုရားဒကာ၊ ကျောင်းဒကာ အယောင်ဆောင်ကာ ဘာသာရေးဦးထိပ်ထား ပုံသဏ္ဌာန်ဆောင်နေသော ဗိုလ်ချုပ် သန်းရွှေဟာ မိမိအာဏာကို ထိပါးလာသောအခါ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဘုရားသားတော် ရဟန်းသံဃာမြတ်တို့ကို ပစ်သတ်ရန် ဝန်မလေးခဲ့သလို ပခုက္ကူတွင် သံဃာ တော်တချို့ကို တိုင်တွင်ကြိုးချည်၍ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည် မဟုတ်ပါလား။

ဗိုလ်ချုပ်သန်းရွှေရဲ့ အားသာချက်က ဦးနု၊ ဦးနေဝင်းတို့ကဲ့သို့ ဥပဓိရုပ်မကောင်းပါ။ ထို့ကြောင့် ရုတ်တရက် ကြည့်လိုက်လျှင် ရုပ်ဆိုးဆိုး၊ မှုန်ထိုင်းထိုင်းနှင့် ခပ်နုံချာချာရုပ် ထွက်လျက်ရှိသည်။ သွက်သွက်လက်လက်နှင့် ထက်မြက်မည့်ပုံ သဏ္ဌာန် မပေါ်ပါ။ ထို့အပြင် ကြီးပွားတိုးတက်ချင်သည့်ပုံ၊ အာဏာမက်မည့် ပုံ သဏ္ဌာန် လုံးဝ မပေါ်လွင်၊ မဆလခေတ် အစည်းအဝေးများတွင်လည်း စကားများများမပြော အဆိပ်မရှိသည့် ရေမြွေပမာ နေပြနိုင်ခဲ့သည်။

အာဏာရှင် စံနစ်အောက်တွင် ခစားရသော၊ မင်းအခစားအစိုးရ အရာရှိများသည် ခိုင်းရာလုပ်၊ စေရာသွား ပြန်မပြောမည့်သူများဖြစ်မှ အာဏာရှင်များက နှစ်သက်ကြသည်။ အန္တရာယ်ပေးမည့်သူများ မဖြစ်အောင် နေပြကြရသည်။ ဥပဓိရုပ်က နုံချာ၊ ကျားသေကြီးပမာ အနေတတ်သော ဗိုလ်ချုပ်သန်းရွှေကို ဦးနေဝင်းက ဒုစစ်ဦးစီးချုပ် ခန့်လိုက်သည်။ သို့သော် ဦးနေဝင်း မသိလိုက်သည်က ဗိုလ်ချုပ်သန်းရွှေခေါင်းထဲမှာ (ဥာဏ်) အပြည့် ဥာဏ်နီ၊ ဥာဏ်နက်ဟု ဆိုရလျှင်ပိုမှန်လေမလား မသိ။

ဗိုလ်ချုပ်သန်းရွှေက ဦးနေဝင်းထက် ပိုစိတ်ရှည်သည်ဟု ပြောနိုင်မည်ထင်သည်။ ဗိုလ်ချုပ်သန်းရွှေ စစ်ဦးစီးချုပ်ဖြစ်တော့ ရာထူးသာရှိသည်၊ အမှန်တကယ် ပကဓိအာဏာ မရှိရှာ။ ဦးနေဝင်း လက်ဝေခံ (proxy) များကတဆင့် ချုပ်ကိုင်ထားဆဲ ဗိုလ်ချုပ်ခင်ညွန့်တို့က အဖေကြီး (ဦးနေဝင်း) အရှိန်နှင့် လက်ဝါးဇောင်း ထက်နေဆဲ။ တနှစ်ခန့် ဒုချုပ်ရာထူးကို လစ်လပ်အောင်ဆွဲထားပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့် ရန်ဘက် ဗိုလ်ချုပ်မောင်အေးကို ရအောင်ရှာလာသည်။

ဒါကိုက နိုင်ငံရေးနားလည်တာနဲ့ နိုင်နင်းတာကိုပြတာပါ ဗိုလ်ချုပ်ခင်ညွန့်တို့ နေရာတကာမှာ သြဇာ ပြနေတုန်းကလည်း ဗိုလ်ချုပ်သန်းရွှေက တစက်ကလေးမှ အပြုံးမပျက်ခဲ့။ ကက(လှမ်း) ကို ကက(ကြည်း) နဲ့ တေ့ပေးထားပြီး၊ မိမိ (လူ) တွေကို ဖြည်းဖြည်းချင်းထည့်ကာ ကြိတ်ပြီး မိမိအာဏာ အုတ်မြစ် (base) ကို တည်ဆောက်ခဲ့သည်။ ပိုင်မှ၊ နိုင်မှ၊ ဦးနေဝင်းကို ဆွဲစေ့လိုက်သည်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဝန်ကြီးချုပ်ရာထူးပေးကာ ကြိုးရှည်ရှည်လှန်ပေးသည်။ အချိန်ကျမှ ကက(ကြည်း)ကို မျက်ရိပ်ပြလိုက်သည်။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အန္တရာယ်ကို ကောင်းကောင်းသိတာပေါ့။ သို့သော် အဖေကြီးရဲ့ အရှိန်ကို မလှန်နိုင်ခင် နေသေးသပ၊ ချုံထဲက ဆိုကလို၊ မိမိအချိန်ကို စောင့်နေနိုင်ခဲ့တယ်။ ဒီလိုအချိန်ကို စောင့်နေတုန်းမှာတောင် ဗိုလ်ချုပ်ခင်ညွန့်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု (sanction)ကို ကျော်နိုင်ဖို့ တရုတ်၊ အာစီယံ၊ အိန္ဒိယတို့နဲ့ ပေါင်းစည်းတာ၊ ခွန်ဆာ၊ လော်စစ်ဟန်၊ လက်နက်ချတွေကိုကိုင်တွဲတာ ၈၈၈၈ ကျောင်းသားအုပ်စုနဲ့ အတိုက်ခံတွေကိုနှိမ်နင်းဖို့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကက(လှမ်း) ကို ကောင်းကောင်းအသုံးချခဲ့တယ်။

အားပါးရ၊ အသုံးချပြီးမှ၊ တချီတည်း ဆွဲချပစ်လိုက်တယ် ဦးနေဝင်းလက်ထက်က ဗိုလ်ချုပ်တင်ဦး (မျက်မှန်) ကို ဖြုတ်ခဲ့စဉ်က (လူ) ကိုပဲဖြုတ်ခဲ့တာ၊ တပည့်အများကို တခြားတပ်တွေဆီ ပြန်ပို့ခဲ့တာပဲ။ ထောက်လှမ်းရေး ကက(လှမ်း) ကို မဖျက်ပစ်ဘူး။ ဗိုလ်ချုပ်ခင်ညွန့်ကိုဖြုတ်တော့ တပည့်တွေကိုလည်း ထောင်ချ၊ ညှဉ်းပန်း ကက(လှမ်း)ကိုပါ ဖျက်ပစ်တာပဲ။ အတူလုပ်လာတဲ့ ရဲဘော်စိတ်မထား အန္တရာယ်ကိုဖယ်ရှားရန် လက်မနှေး ကြူပင်ခုတ်၊ ကြူငုတ် မကျန်စေရ။ ဒါ အာဏါရှင် စစ်စစ်ဆိုတာ ထင်ရှားနေတာပဲ။

ဗိုလ်ချုပ်နေဝင်းဟာ မိမိအာဏာ ထူထောင်စဉ်ကာလမှာ စစ်တပ်ကလွဲပြီး ကျန်တဲ့ မဏ္ဍိုင်မှန်သမျှကို စနစ်တကျ ဖျက်စီးရိုက်ချိုးခဲ့တယ်။ စစ်တပ်ကြောင့်သာ တိုင်းပြည် ချောက်ထဲမကျရတာဆိုပြီး စစ်တပ်ကို သိဒ္ဓိ တင်ခဲ့ပြန်တယ်။ တဘက်က ဆိုရှယ်လစ်စနစ်ဆိုပြီး (မဆလ) ပါတီကိုထောင် ဗဟိုဦးစီးစနစ်ကို ကွန်မြူနစ်စနစ်ကခိုးချ စစ်အာဏာရှင်စနစ်ကို ရုပ်ပြကောင်းအောင် ဥပဒေဘောင်ဝင်အောင် ကြိုးစားခဲ့ပေမဲ့ ဆင်သေကို ခွေးသရေနဲဖုံးလို့မရသလို ၈၈၈၈ အရေးအခင်းမှာ ဗူးပေါ်သလို ပေါ်ခဲ့ရပါတယ်။

ဗိုလ်ချုပ်သန်းရွှေခေတ်ရောက်တော့ ဟန်ဆောင်စရာမလိုတော့ဘူး၊ ရဲရဲတင်းတင်း ဘောင်းဘီပြန်ဝတ် ခဲ့ကြပြန်တယ်။ ငါတို့စစ်တပ်၊ ငါတို့စစ်သားဆိုပြီး ရဲဆေးပြန်တင်ပေးခဲ့ပြန်တယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် (စား)ကွက်တွေ ပိုပေါ်လာပါတယ်။

အမှန်တကယ် မြန်မာနိုင်ငံရဲ့ စစ်တပ်အခြေအနေကို အနုလုံ၊ပဋိလုံ လေ့လာကြည့်ရင် စစ်တပ်ဆိုတာ လက်နက်အားကိုးနဲ့ နယ်မြေသိမ်းထားပြီး အခွင်အရေးလိုချင်ရင် ငွေပေးဆိုတဲ့ တရားဝင် အေးဓါးပြ တိုက်စားနေကြတာပါပဲ။ အခွင့်အရေးပေးနိုင်တဲ့အာဏာက စစ်ဗိုလ်တွေလက်ထဲမှာပဲ ရှိတယ်မဟုတ်လား။ ရာထူးနဲ့အတူ အာဏာ ပါလာတယ်၊ ဒီအာဏာကြောင့် ငွေ ရတယ်လေ။

စစ်တိုင်းမှူးဆိုတာ စစ်တပ်ကိုအုပ်ချုပ်ရသလို၊ မိမိနယ်မြေအတွင်းမှာရှိတဲ့ စီးပွားရေး၊ သာသနာရေး၊ လူမှုရေး အားလုံးကို ကိုင်ရတယ်။ မိမိနယ်မြေထဲမှာတော့ မိမိဟာ ဘုရားငယ်ပဲလေ။ လက်လက်ညှိုးထိုးရာ (ရေ) ဖြစ်နိုင်တာကိုး ရာထူးရရင်၊ အာဏာရော၊ ငွေပါမရှားပေါ့၊ ရာထူးလိုချင်ရင်၊ ဗိုလ်ချုပ်သန်းရွှေနဲ့ စစ်တပ်အပေါ် သစ္စာရှိ၊ နောက်ဆုံးသစ္စာ (Loyalty)ကို (ရာထူး)၊ (အာဏါ)၊ (ငွေ)နဲ့ အလဲအလှယ်လုပ်တာပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ (လာဒ်)စားခြင်းဟာ မကောင်းမှုဒုစရိုက်မမြောက် စနစ်၏ အစိတ်အပိုင်း ယဉ်ကျေးမှုပင်ဖြစ်လာပါတော့တယ်။

ဒါကြောင့် ခိုင်းတာလုပ် စေရာသွား (ပစ်)ဆို(ပစ်) ငြိမ်ငြိမ်လေးထိုင်(စား) (သစ္စာ)သာရှိ ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတဲ့ တိုင်းပြည်ကို မိမိကိုယ်ကျိုးအတွက်(ရောင်းစား)တဲ့ (စနစ်) ဆိုးကြီးပါပဲ။ ဒီနည်းနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ စစ်တပ်ကိုထိန်းထားတယ်လို့ပဲ သုံးသပ်ရမှာပါ။

စစ်သားတယောက်ရဲ့ သစ္စာဆိုတာကလည်း တိုင်းပြည်အပေါ်မဟုတ်(စစ်တပ်)နဲ့ (တပ်ချုပ်) ကြီးအပေါ် သစ္စာတည်ရမှာကိုး။ ဒီမှာသတိပြုစရာတခုရှိတာက ဗိုလ်ချုပ်နေဝင်း လက်ထက်က စစ်ဗိုလ်အများဟာ ဒီချုပ် (NLD) ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်မှူးကြီးကြည်မောင်တို့လို တော်လှန်ရေးကာလမှာ စစ်ထဲဝင်ခဲ့ကြတဲ့ စစ်ဗိုလ်တွေဖြစ်တာကြောင့် တိုင်းပြည်ချစ်စိတ်ရှိကြသေးတယ် ခုခေတ်ဗိုလ်ချုပ်တွေက ဦးနေဝင်းရဲ့ မဆလခေတ်မှာမှ စစ်ထဲဝင်ခဲ့ကြတာကြောင့် စစ်ဗိုလ်ဆိုရင်အာဏာရှိတာ အစားရချောင်တာကြည့်ပြီး စစ်ထဲဝင်ခဲ့သူတွေများမှာပါ နောက်တက်မည့် စစ်ဗိုလ်ချုပ်တွေဆိုရင်(စား) ရအောင်သက်သက် ဝင်လာတဲ့ စစ်ဗိုလ်တွေဖြစ်ကြလိမ့်မယ်။

ဦးနေဝင်း လက်ထက်ကလည်း အလှည့်ကျ (နေရာ)ပေးပြီး နောက်ဆုံးထိပ်မှာ ဦးနေဝင်းပဲ ကျန်ခဲ့တာပါပဲ။ ဦးနေဝင်းလက်ထက်က စစ်တပ်မှာနေရာတွေရှိတယ် မဆလ ပါတီမှာနေရာတွေရှိတယ် အုပ်ချုပ်ရေးအတွက် ကောင်စီမှာနေရာတွေရှိတယ်။ ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ စစ်တပ်အာဏာနဲ့ပဲ အုပ်ချုပ်တာမို့ (နေရာ)သိပ်မရှိလှ။ ဒါကြောင့် စကခ (Military Operation Command) တို့ ဒကစ (Regional Operational Command) ဆိုတဲ့တပ်မအဆင့်ရှိတဲ့တပ်တွေကို ထပ်ချဲ့လာရတာပါ။

ခုတော့ ရာဇဝင်တပတ်ပြန်လည်လာပြီး မဆလခေတ်ကလိုပဲ (အရပ်သား) စစ်သားနဲ့ (စစ်တပ်)စစ်သားရယ်လို့ ခွဲခြားလိုက်ပြန်တာပေါ့။ စစ်သားဘဝပြောင်း အရပ်သားက ပါလီမန်ထဲမှာနဲ့ ဝန်ကြီးအဖွဲ့မှာနေရာယူကြ စစ်တပ်ထဲကစစ်သားကတော့ တပ်မှာနေခဲ့ ထိပ်ကဒီလူကြီးတွေကပဲ အာဏာယူ ထိန်းကျောင်းပေးသွားမှာပေါ့။
ဒီနေရာမှာ ဗိုလ်ချုပ်သန်းရွှေ သတိပြုမိလားမသိပါ။

တသက်လုံး အာဏာယူထားတဲ့ အာဏာရှင်မြောက်မြားစွာဟာ မိမိကိုဆက်ခံမဲ့လူရွေးရာမှာ အခက်တွေ့တတ်ကြတယ်။ မော်စီတုန်းဟာ ပထမလျူရှောက်ချီနောက် လင်ပြောင်နောက်ဆုံး ဘယ်ကမှန်းမသိတဲ့ ဟူဂိုဖန်း (Hua Guofeng)ကို ချောင်ထဲက ဆွဲထုတ်လာခဲ့ရတယ်။ မော်သေသွားအပြီး တိန်လျောက်ပိန်ကို ဥာဏ်ချင်းမယှဉ်နိုင်တော့ တိန်လျောက်ပိန်ပဲ အာဏာရခဲ့ရတယ် မဟုတ်ပါလား။

တိန်လျောက်ပိန် အလှည့်ရောက်တော့လည်း ဟူရောင်ဘန်း (Hu Yaobang)နောက် ကျောက်ဆီယန်း (Zhao Ziyang) ၂ ယောက်စလုံးကိုဖယ်ပြီးမှ နောက်ဆုံးချောင်ထဲက ရန်ဆီမင်း (Jiang Zemin)ကို ဆွဲတင်ခဲ့ရတယ် မဟုတ်ပါလား။

ဦးနေဝင်းကိုယ်တိုင် အသေအချာမသိတဲ့ ဗိုလ်ချုပ်သန်းရွှေကိုရွေးမိခဲ့လို့ အလောင်းတောင်မဆံ့တဆံ့ အခေါင်းထဲထည့်ခံရပြီး မြေမြှုပ်ခံခ့ရတယ်မဟုတ်ပါလား။

ဒါကြောင့် ဘုရားတဆူလောက်ဖြစ်အောင် ဝိုင်းကိုးကွယ်ခဲ့ကြတဲ့ မြောက်ကိုရီးယားကခေါင်းဆောင်ကြီး ကီအင်စွန်း (Great Leader)ဟာ သုံးလို့မရတဲ့ သားတော်မောင်ကို ခေါင်းဆောင်လေး (Dear Leader)အဖြစ် ဖန်ဆင်းခဲ့ပြီး တိုင်းပြည်ခေါင်းဆောင်တင်ခဲ့ရတယ် မဟုတ်ပါလား။ ထို့နည်းတူစွာ ကျူဗားမှ ကက်စရိုတောင် ညီကိုပဲအာဏါလွှဲရဲတာပဲ ကွန်မြူနစ်တွေလည်း ပဒေသရာဇ်ဖြစ်ကုန်ကြရရှာတာပေါ့။ ကျနော့် အမြင်အရတော့ ဗိုလ်ချုပ်သန်းရွှေဟာ ဦးနေဝင်းရဲ့ အမှားမျိုးမဖြစ်ရအောင် သတိရှိတယ် အမှားခံလိမ့်မယ် မထင်ဘူး။

ဦးနေဝင်းဟာ တသက်လုံးအာဏာရှိလာတော့ မင်းလုပ်အုပ်ချုပ်ရတာကို ငြီးငွေ့သွားပုံရတယ်။ လက်ဆင့်ခံ (proxy) တွေကတဆင့်ပဲ အုပ်ချုပ်တော့တယ်။ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်အေးကို၊ ဗိုလ်ချုပ်စိန်လွင်တို့ဆီက တဆင့်ခံပဲ လက်လွှဲအုပ်ချုပ်စေတော့တယ် တပ်ကိုဗိုလ်ချုပ်တင်ဦး (S2) လက်ထဲထားပြီး ထောက်လှမ်းရေးကို ဗိုလ်ချုပ်ခင်ညွန့်လက်ထဲထည့်ထား၊ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေက နေရာရှိပေမဲ့ ပကတိအာဏာမရှိကြတော ဘယ်သူမှအာဏာကို မစုစည်းနိုင်အောင် လုပ်ထားတာပါပဲ။

သို့ပေမဲ့ဦးနေဝင်းဝဋ်လည်ချင်တော့ တပည့်ရင်းတွေက ဆရာထက်အရင် လူ့လောကကြီးကို ခွဲခွာသွားကုန်တော့ ဦးနေဝင်းစစ်တပ်ကို လက်လွတ်သွားတယ်။ ကျားသေကြီးလို ရိုးရိုအအ ဟန်ဆောင်နေတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ တကယ်တော့ တခေါင်းလုံး (ဥာဏ်) ချည်းပဲဆိုတာ ဦးနေဝင်းမသိလိုက်ရှာဘူး။ နောက်ကျောကိုဓါးနဲ့ အထိုးခံရမှ ဓါပြမှန်းသိလိုက်ရတော့ နောက်ကျသွားပြီး ဝဋ်လည်တယ်လို့ပဲပြောရမှာပါ။ ဦးနေဝင်း ဘယ်လောက်ဒေါသထွက် ခံစားပြီးမှ အသက်ထွက်သွားရမှာလဲ။

ဒါကြောင့်ပြောရဲတယ် ဗိုလ်ချုပ်သန်းရွှေတဆင့်ခံ(proxy)နဲ့ ကိုင်မှာ မဟုတ်ဘူး။ စစ်တပ်ကို အနီးကပ် တိုက်ရိုက်ကိုင်မှာပဲ။ နောက် ဗိုလ်ချုပ်သန်းရွှေဟာ ရာထူးတွေမခွဲဝေခင် ဘယ်သူ့ကိုမှ အကုန်မပြောဘူး။ ထိပ်ပိုင်းဗိုလ်ချုပ်တွေတောင် ဗိုလ်ချုပ်သန်းရွှေ ဘာစီမံမယ်ဆိုတာ အတိအကျမသိကြရှာဘူး။ တယေက်ကို နည်းနည်းစီ တစိပ်စီပဲ အသိပေးထားတယ်။ ဒါ အာဏာရှင် ကျမ်းအခြေခံ ၁ဝ၁ ပဲ။

ဒီတော့မှ အာဏရှင်ကျမ်းမကျေတဲ့ ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံစီးပွားရေးသမားတွေက ကျုပ်တို့ ဗိုလ်ချုပ်ကတော့ ဘာဖြစ်မှာ၊ ဘယ်လိုတော်တာ ချီးမွမ်းခန်းဖွင့်လိုက် ဆော်သြကြတော့တာပေါ့။ အမှန်က (ဟ) ပေးလိုက်တာပါ။ အာဏာရှင်အကြောင်း ကောင်းကောင်းနားလည်တာက တရုတ်ဝန်ကြီးချုပ်ချောင်အင်လိုင်းပဲ တရုတ်တွေဟာ ကွန်မြူနစ်ဆိုပေမဲ့ အနောက်တိုင်းယဉ်ကျေးမှုဖြစ်တဲ့ ဘောဒန့် (Ball-room-dance)ကို ခုံမင်ကြတယ်။

အထူးသဖြင့် ချောင်အင်လိုင်းဟာ သိပ်နှစ်သက်တယ် အကလည်းတော်တယ် ဒါပေမဲ့ က,နေတုန်း မော်စီတုန်းဝင်လာရင် ဝန်ကြီးချုပ်ပျောက်သွားပြီ မော်ကိုပြိုင်တယ် အထင်ခံရမှာစိုးလို့။ အာဏာရှင်အောက်မှာ တိတ်တိတ်လေးနေ ငြိမ်ငြိမ်လေးထိုင်နေတတ်သူဟာ နေရာရမယ်၊ နေရာမြဲမှာပဲ၊ အာဏာဆိုတာ တပ်မက်စရာကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။ အခုလည်းမထင်သူတွေကို ဆွဲတင်လာတာပဲ မဟုတ်လား။

ဗိုလ်ချုပ်သန်းရွှေရဲ့စစ်တပ်မှာ ရာထူးမတက်နိုင်လို့ ပွက်စိပွက်စိအသံတွေ ထွက်လာတယ်မဟုတ်လား။ ခုတော့တပြုံကြီး ရာထူးတိုးပေးလိုက်တော့ ဗိုလ်ချုပ်သန်းရွှေကို ကျေးဇူးတင်လို့ဘယ်ဆုံးပါ့မလဲ ပါလီမန် သက်တန်းတခုတော့ စိတ်အေးနိုင်ပြီ။ ကျနော်ကတော့ နောက်တဆင့် စစ်ဗိုလ်တွေကို ဘယ်ပုံကိုင်မယ်ဆိုတာကို စိတ်ဝင်စားတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ အဓိကအားနဲချက်က သူ့မိသားစုပဲလို့ထင်မိတယ်။ သူ့မိသားစုကို သူနိုင်ပုံမရဘူး။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မိသားစုပါလာရင် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေအတွက် အဓိကအရေးကြီးတာက သူမရှိတဲ့နောက်ပိုင်း သူ့မိသားစု လုံခြုံရေးနဲ့ ဥစ္စာတည်မြဲရေးအတွက်ပဲ ဖြစ်ရမယ်လို့ ကျနော် တွေးလို့ရတယ်။

ဒီအတွက်ပြင်ဆင်မှုလိုတယ်၊ အစီအစဉ်လိုတယ်၊ သူ့လိုလူမျိုးရွေးမိရင် အကျိုးနဲရချည်ရဲ့ ဝဋ်ဆိုကလည်း လည်တတ်တယ်မဟုတ်လား။ ကံလိုက်လာရင် ယတြာလည်းနိုင်ပါ့မလားမသိ။

ဗိုလ်ချုပ်သန်းရွှေဟာ စစ်တိုက်တာတော်ပုံမပေါက်ပေမဲ့ နိုင်ငံရေးကစားကွက်မှာတော့ (လျင်) တယ်လို့ အသိမှတ်ပြုရမယ်။ ဦးနေဝင်းလက်ထက်က တပါတီအာဏါရှင်စံနစ် ရှုံးစရာမရှိ။ အခုခေတ်က ပါတီစုံခေတ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ မလည်မဝယ်နဲ့ မလုပ်တတ်တော့ NLD နိုင်သွားတယ်။

လာပြန်ပြီ ပါတီစုံရွေးကေက်ပွဲ။ ဒီတခါတော့ NLD မဝင်ရင် နိုင်ချေရှိတဲ့ ပြိုင်ဘက်မရှိတော့။ ပထမဦးဆုံး အမာခံဦးဝင်းတင်ကို အစော ကြီးကြိုလွှတ်ပေးလိုက်တယ်။ တဘက်က အီးစီ အဖိုးကြီးတွေကို မျက်စပြစ်ပြလိုက်တယ်။ တဘက်နဲ့တဘက် ရန်စောင်ရင်း ကွဲသွားကြရင်အပိုဘောက်ဆူးပဲ။

တခါ ရွေးကောက်ပွဲဥပဒေကိုကိုင်ပြီး မာနကလေးတွေကို ကလိပေးလိုက်တယ် ဝင်ချင်ရင် အောက်ကျို့ပြီး ဝင်ကြလေ။ အီဖေကိုယ်ကတော့ စင်ပေါ်ကပဲ။ ဒီချုပ်မဝင်တော့ ဗြောင်မညစ်ရတော့ဘူးပေါ့။ ဇင်ဘာဘွေမှာလို ကြံ့ဖွတ်တွေနဲ့ ဝင်မရိုက်ရတော့ဖူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ အသေးအဖွဲတွေပါ။

လိုရမယ်ရ ဥပဒေဘောင်အတွင်းက ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးကိုမြှင့်ထားလိုက်တယ်။ အုတ်ရောရော ကျောက်ရောရော ပါတီတွေဖေါင်းပွလာမှာစိုးလို့ (ငွေ)ဆိုတာက စစ်ဗိုလ်တွေဆီမှာပဲ ရှိတာမဟုတ်လား။

တချိန်ထဲမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဒီချုပ် (NLD)ကို ဇာတ်သိမ်းလိုက်တယ်။ ၁၉၉ဝ ရလဒ်ကိုကိုင်ပြီး မကြွေးကျော်နိုင်အောင် ကြိုကန်ထားလိုက်တာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးတာပဲ ဒါပေမဲ့ ဥပဒေနဲ့ စည်းဝိုင်းကိုကျပ်လိုက်တော့ရလဒ်ကို (လို)သလို ပုံဖေါ်လို့ရနိုင်တာပေါ့။ ဥရောပ ကလူတွေက ငမ်းငမ်းတက်ဖြစ်နေပြီ။ နောက်ဆုံးအမေရိကန်လည်း ဆူပူအပြစ်ရှာရင်း အစိုးရသစ်ကို ပန်ကုံးလာစွပ် မှာပါပဲ။
ဗိုလ်ချုပ်သန်းရွှေအတွက်ကရှင်းတယ် မော်စီတုန်းပြောခဲ့တဲ့ “အာဏာဆိုတာ သေနပ်ပြောင်းဝက လာတာ” ဆိုတာကို ကောင်းကောင်းသဘောပေါက်တယ် ယုံကြည်ပုံလည်းရတယ်။

စစ်တပ်ကိုနိုင်အောင်ကိုင် (ဆူ)ရင် (ပစ်) ခိုင်း သစ္စာစောင့်ရင် (ဆု)ပေး၊ သစ္စာ ဖေါက်ရင် (ထုတ်) လွှတ်တော် ကြီးတွေဆောက် ရွှေရည်စိမ်ဒီမိုကရေစီပေးပြီး စစ်အာဏာရှင်စံနစ်ကို ခေါင်းပေါင်းဆောင်းပြီး တောင်ရှည်ဝတ်ခိုင်းမှာပဲ။ ဗိုလ်ချုပ်သန်းရွှေဆီမှာ အစီအစဉ်(Plan)ရှိတယ် (အချိန်)ကို (လက်နက်)အဖြစ်သုံး ပြီး အနိုင်ယူမှာပဲ လျော့မတွက်သင့်။ ကျနော်တို့ အတိုက်ခံတွေမှာကော ဗျူဟာတွေ၊ အစီအစဉ်တွေ၊ ရှိကြပါရဲ့လား။ အချိန်က လူကိုစောင့်မည်မဟုတ်ပါ။

ကမ္ဘာကျော်စစ်ဗျုဟာမှူး ဆန်ဇူးကပြောသွားခဲ့တယ် မဟုတ်ပါလား သင်၏ရန်သူကို သိအောင်လုပ်ပါ သင့်ကိုယ်သင်လည်း သိပါစေတဲ့။ စစ်သားကို ရင်ဆိုင်ချင်ရင်၊ စစ်သားတွေးလည်း တွေးတတ်ရမှာပေါ့၊ အာဏာဆိုတာ ကြောက်ဖို့အလွန်ကောင်းပေမဲ့ နိုင်ငံရေးမှာ နိုင်ငံရေးအာဏာမရှိပဲ နိုင်ငံကိုမထူထောင်နိုင် ပြန်ဘူး။ ဒီမိုကရေစီကို ပြန်မဖေါ်ထုတ်နိုင်ဘူး။ အာဏာရှင်အများဟာလည်း အာဏယကို လွယ်လွယ်နဲ့ လက်မလွှတ်လိုကြဘူး။

နိုင်ငံရေးမှာ စာအုပ်ကြီးတွေဖတ်ပြီး တရားသေမှတ်ထားလို့မရတာတွေရှိပါတယ်။ မာက်စ် (Karl Marx)ဟာ စက်မှုတော်လှန်ရေးဖြစ်ခဲ့တဲ့ အင်္ဂလန်ကို နောက်ခံထားပြီး သူ့ကျမ်းကြီးကိုရေးခဲ့တာပါ။

သခင်စိုးနဲ့ လက်ဝဲဝါဒသမားတွေဟာ ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်ပြီး စက်မှုလက်မှု မတိုးတက်သေးတဲ့မြန်မာ နိုင်ငံမှာ ပစ္စည်းမဲ့တော်လှန်ရေးကြီးကို အတင်းအဓမ္မဆင်နွှဲဖို့ ကြိုးစားကြတာကြောင့် မအောင်မြင်ခဲ့ကြရှာဘူး။ စိတ်ကူးယဉ် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်သိမ်းခဲ့ကြရရှာတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်တာပဲ ဒါပေမဲ့ ဥာဏ်ရှိတော့ တယူသန် ဝါဒစွဲသမားတွေ မဖြစ်ခဲ့ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့က ရိုးရိုးလေးတိုင်းပြည်ချစ်စိတ်ကို အခြေခံပြီး လွပ်လပ်ရေးရရှိရေးကိုပဲ စူးစူးစိုက်စိုက် ဆောင်ရွက်ခဲ့တာကြောင့် အောင်ပွဲခံခ့ကြရတယ်။ လက်တွေ့ နိုင်ငံရေးသမားတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။

မော်စီတုန်းဟာ လက်ဝဲကျမ်းကြီးတွေ ပြီးပြည့်စုံအောင် မဖတ်ဖူးရှာပါဘူး။ သို့သော် စက်မှုလက်မှု မတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်ရဲသားလယ်သမားကိုပဲ အားကိုးရမယ်ဆိုတာကို သဘောပေါက်တယ်။ ဒါကြောင့် (နယ်) ကိုသိမ်း (မြို့)ကိုဝိုင်း ဆိုတဲ့ ဗျူဟာကိုဖေါ်ထုတ်နိုင်ခဲ့လို့ အောင်မြင်ရုံမက ကမ္ဘာကျော်ခဲ့ရတယ်။

စာအုပ်တွေမှာဖေါ်ပြကြတဲ့ (မူ)တွေက သီအိုရီတွေများပါတယ် မိမိတိုင်းပြည်အခြေအနေနဲ့လည်း ကိုက်ဖို့ သတိရှိရပါမယ်။ နိုင်ငံရေးဆိုတာ(မူ) ကြီးကိုအသေကိုင်စွဲပြီး စိတ်ကူးယဉ်နေလို့မရပါဘူး။ လက်တွေ့ကျဖို့လည်း လိုလိမ့်မယ်ထင်တယ်။ ကျနော့် ထင်မြင်ချက်ကိုပြောရမယ်ဆိုရင် (ခံ)ရဲတာ (သေ)ရဲတာပဲ (သတ္တိ)လို့ မပြောနိုင်ပါဘူး။ (သတ်)ရဲတာလည်း (သတ္တိ)ပါပဲ (တိုက်) စစ်ဟာအကောင်ဆုံး(ခံ)စစ်လို့ ဆိုကြတယ် မဟုတ်လား။ ကျနော့်အမြင် သက်သက်ပါ။

No comments: