မေရနံ့
အောက်တိုဘာလ (၁၃)ရ က်နေ့ ည(၈) နာရီဝန်းကျင်…
မိုးဖွဲဖွဲလေးကျနေပြီး ကျမတို့နေတဲ့ မိတ္ထီလာ စက်မှုဇုံ ၅ လမ်းအတွင်းမှာ လူအသွားအလာမရှိတော့တဲ့အချိန်။ အဲဒိအချိန်မှာပဲ အသံမပေးပဲ အိမ်တခါးကို ခပ်ပြင်းပြင်းလေးလာခေါက်နေတာကြောင့် ကျမတို့တွေမှာ အထူးအဆန်း ဖြစ်နေရတယ်။ ဘယ်သူမှန်းမသိတော့ တစ်ယောက်ထဲသွားမဖွင့်ရဲဘူးလေ။ ဒါနဲ့ မောင်လေးတွေကော အမေတို့ကိုပါ ခေါ်စုပြီးမှ အိမ်တံခါးကို ဖြည်းဖြည်းချင်းဖွင့်ပေးလိုက်မိတယ်။
တွေ့ပါပြီ။ ကျမတခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်။ တော်တော် အလိုက်ကန်းဆိုး မသိတဲ့လူပဲ၊ သူများတွေအနား ယူချိန်ကို ညင်ညင်သာသာ မခေါက်ပဲ ကျနော် ဘယ်သူပါ ဘယ်ဝါပါဆိုတာ တိတိကျကျ အသံမပေးပဲ ပိုင်စိုးပိုင်းနင်းနဲ့ အိမ်တံခါးကို တဒေါက်ဒေါက် လာခေါက်နေတယ်၊ တော်တော် လူမှုရေး အသိစိတ် ခေါင်းပါးတာပဲလို့ ကျမစိတ်ထဲက ပြောနေမိလေရဲ့။
ယောက်ျားလေးဖြစ်တော့ ကျမက စကားမပြောဘူး။ ကျမ မောင်လေးတွေကတော့ သူ့ကို သိနေပုံရတယ်။ သူတို့ကပဲ ဘာကိစ္စရှိလို့လဲ အကို၊ ဘာအကူအညီ ပေးရမလဲ စသဖြင့် ပျူပျူငှာငှာ ဆက်ဆံကြတယ်။ အောင်ကိုကိုလွင်နဲ့ လွင်မောင်မောင်က စက်မှုဇုံ ၅ လမ်းထိပ်မှာ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတော့ လူပေါင်းစုံနဲ့ ဆက်ဆံနေရတာမို့ ဒီလူလည်း သူတို့ အသိပဲနေမှာ ဆိုပြီး ကျမ ဖာသိဖာသာ နေလိုက်တယ်။
အဲဒိလူက ထွေထွေထူးထူး စကားပြောမနေပဲ ကျမမောင် အောင်ကိုကိုလွင် (လက်ရှိ-ကျောက်ဖြူ အကျဉ်းထောင်) ကို အပြင်ခဏ လိုက်ခဲ့ဖို့ ခေါ်တယ်။ ဒီတော့မှ အမေက ဝင်ပြောတယ်။ ‘‘ညကြီးမိုးချုပ်ကွယ် ဘာလုပ်ဖို့လဲကွယ့်’’ လို့မေးတော့ ‘‘ထမင်း ကျွေးချင်လို့ပါ’’ တဲ့။ ‘‘ဟာ - ဒို့မိသားစုအားလုံး ထမင်းစားပြီးကြပြီကွ နောက်နေ့မှ စောစော လာခေါ်ပေါ့ကွာ’’လို့ ပြောပြီး အမေက တားလိုက်တယ်။
ဒါပေမယ့် မရပါဘူး။ ‘‘ဒါဆိုရင်လည်း လ္ဘက်ရည်သောက်လေးတော့ ထည့်လိုက်ပါ’’ တဲ့။ အမေက မိုးရွာနေလို့ မကောင်းပါဘူး မနက်မှပေါ့ လို့ ငြင်းနေပေမယ့် မဖြစ်မနေလိုက်ဖို့ ခေါ်နေတာကြောင့် ကျမ စိတ်ထဲတော့ တယ်ပြီး မကြည်လှဘူး။
နောက်တော့ ကျမမောင်လေး အောင်ကိုကိုလွင်ကပဲ ခဏ လိုက်သွားလိုက်ပါမယ်၊ စိတ်ပူမနေပါနဲ့ဆိုပြီး အမေနဲ့ ကျမတို့ကို ပြောပြီး လိုက်သွားတယ်။ သူတို့ ၂ ယောက်ထွက်သွားတော့မှ ကျမက အမေ့ကို မေးမိတယ်၊ ‘‘အဲဒိလူကို အမေသိလို့လား သူပုံစံက ပိုင်စိုးပိုင်နင်းနိုင်တယ်နော်’’။ ဒီတော့ အမေက ‘‘အေး..သူက မိတ္ထီလာရဲစခန်းက ဒုရဲအုပ်မြင့်ဦးပဲ။ အောင်ကို မလိုက်လို့ရှိရင် ဒီညပြန်မှာ မဟုတ်ဘူး၊ သူ့တာဝန်က အောင်ကိုကို မဖြစ်မနေ ဒီညရောက်အောင် ခေါ်လာရမယ် ဆိုတာနဲ့ လာရတာ ဖြစ်မှာပေါ့’’ လို့ အမေကပြောမှ ကျမလည်း သဘောပေါက်သွားတယ်။
ဒါဆို ဒီလူတွေ ဦးဇင်းကို ခြေရာခံမိပြီ ထင်တယ်။ ဘုရားဘုရား.. ဦးဇင်းတို့ အန္တရာယ် ကင်းပါစေပေါ့ စသဖြင့် ဆုတောင်းပြီး မေတ္တာပို့နေမိတော့တာပဲ။
ည၉နာရီခွဲလောက်ကျတော့ ကားတွေဆိုင်ကယ်တွေ ကျမတို့ အိမ်ရှေ့ရပ်လာတယ်။ ဒီတော့ အောင်ကို့ကို ပြန်ပို့တာပဲနေမှာ လို့ ကျမတို့ စိတ်ထဲ မှတ်ယူထားပြီး အောင်ကို့အသံကို နားစွင့်နေမိတယ်။ သိပ်မကြာဘူး အိမ်တခါးကို လာခေါက်ပြန်တယ်။ အမေက ‘‘အောင်ကိုလား ဟေ့၊ မြင့်ဦးလားဟ’’ တံခါးမဖွင့်သေးပဲ အရင်မေးတယ်။ အပြင်က ဘာအသံမှ ပြန်မပေးဘူး။ တခါးကို ခေါက်မြဲအတိုင်း ဆက်ခေါက်နေတာပဲ။ ဒီတော့ မဖြစ်ချေဘူးဆိုပြီး အမေက ဖွင့်ပေးလိုက်တယ်။
ဒီတခါတော့ လူတွေအများကြီး ဖြစ်လာပြီး ခုနက အောင်ကိုကို လာခေါ်တဲ့ မြင့်ဦးဆိုတဲ့ ဒုရဲအုပ်က ရှေ့က ဦးဆောင်လာတယ်။ သူနောက်မှာ လူနှစ်ယောက်လည်း အိမ်ထဲကို ဝင်လာတယ်။ အပြင်မှာလည်း လူတွေ ရပ်နေကြတာ ရှိတယ်၊ စကားပြောစက်တွေနဲ့ အလုပ်ရှုပ်နေတာကို ကျမ ဝိုးတဝါး မြင်လိုက်မိသေးတယ်။
ဒုရဲအုပ်မြင့်ဦးကို အိမ်တခါးဝ အဝင်မှာပဲ ကျမက စမေးတယ်။
‘‘ကျမမောင်လေး ဘယ်မှာလဲ’’
‘‘တနေရာမှာ အေးအေးဆေးဆေး ရှိနေပါတယ် စိတ်မပူပါနဲ့’’
ဒီတော့ ကျမက စိတ်တိုပြီး ‘‘ခင်ဗျားလာခေါ်တုန်းက ထမင်းကျွေး လ္ဘက်ရည်တိုက်ဆို အခုဘယ်မှာလဲ၊ ဘာဖြစ်လို့ ပြန်မခေါ်လာတာလဲ’’ လို့ ထပ်မေးလိုက်တယ်။ ဒါပေမယ့် သူက ကျမကို ဂရုမစိုက်ဘူး၊ သူ့ထက် အသက်လည်းကြီးပြီး ရာထူးလည်း ကြီးမယ်ထင်ရတဲ့ လူနှစ်ယောက်နဲ့အတူ အိမ်ထဲ ဝင်လာတော့တာပဲ။
နောက်ကပါလာတဲ့လူ နှစ်ယောက်မှာကော အပြင်မှာ ကျန်ခဲ့တဲ့ လူတွေမှာပါ စကားပြောစက်တွေနဲ့ အလုပ်ရှုပ် နေကြတာ တွေ့ရတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ လူတွေပြောနေကြတာကို ကျမ တိတိကျကျ မကြားရပေမယ့် လိမ္မော်သီး၊ လိမ္မော်သီး ဆိုတဲ့ စကားလုံးကတော့ နားထဲမှာ မကြာမကြာ တိုးဝင်နေတာ သတိထားမိလိုက်တယ်။
ကျမတို့ အိမ်ဧည့်ခန်းက ခုံတန်းလျားတွေမှာ ဒုရဲအုပ်မြင့်ဦး အပါအဝင် လူသုံးယောက် ထိုင်ဖို့ ပြင်နေရင်းမှာပင် အသက်ကြီးကြီး၊ ရာထူးကြီးကြီးလို့ ထင်ရတဲ့ လူတယောက်မှာ ပါလာတဲ့ စကားပြောစက်က အသံထွက်လာတယ်။ ဘာသံတွေလဲတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ သူတို့ပဲ နားလည်မယ် ထင်တယ်။ စကားဝှက်တွေ ဘာတွေ ရှိမှာပေါ့နော်။ ဒါပေမယ့် အသက်ကြီးကြီးလူ တယောက်က ပြန်ဖြေတဲ့ စကားသံတချို့ ကြားလိုက်ပြီး နောက်မှာတော့ ကျမ သဘောပေါက်သွားရတယ်။
‘‘လိမ္မော်သီး မိသားစုလို့ ထင်ရတဲ့ အိမ်ကို ရောက်နေပြီ’’ ဆိုတာနဲ့ ‘‘ဟုတ်ကဲ့ စိတ်ချပါ၊ စိတ်ချပါ’’ ဆိုတာတွေကလည်း စကားလုံးကို ထပ်နေတာပဲ။ ဧကန္တတော့ သူ့အထက်က လူကြီးကိုယ်တိုင် တိုက်ရိုက် ညွန်ကြားနေတာပဲဖြစ်မယ် ဆိုပြီး ကျမ စိတ်ထဲမှတ်ယူ ထားလိုက်တယ်။ ကျမတို့ အပြုအမူ အပြောအဆိုတွေကအစ သတိလက်လွတ် ဖြစ်မသွားရအောင် ထိန်းထားရတယ်။
သူတို့အချင်းချင်း စကားပြောပြီးနောက် အသက်ကြီးကြီး ရာထူးကြီးကြီးလို့ ထင်ရတဲ့ လူကြီးက ကျမတို့ကို စမိတ်ဆက်တော့တာပဲ။
‘‘ကျနော်တို့ စစ်ဆေး မေးမြန်းစရာနဲ့ ရှာဖွေစရာ ကိစ္စလေးတွေ ရှိလို့ အခုလို လာရတာပါ၊ ကျနော် ရဲမှုးကြီး လှမျိုးရှိန်ပါ’’
‘‘ကျနော်ကတော့ မိတ္ထီလာ ရဲစခန်းက … (ကျမနာမည်မေ့နေလို့ ရာထူးကြီးကြီးပါပဲ)ပါ’’
‘‘ကျနော်ကတော့ မြင့်ဦးပါ မိတ္ထီလာ ရဲစခန်းက ဒုရဲအုပ်ပါပဲ’’
သူတို့ သုံးယောက်စလုံး အသီးသီး မိတ်ဆက်ပြီးတော့မှ အမေက ‘‘ဟုတ်ပါပြီတော်၊ ဗိုလ်ကြီးတို့ ရှာစရာရှိတာ ရှာပါ’’ လို့  တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်လိုက်တယ်။ ကျမကတော့ စကားမပြောနိုင်တော့ဘူး၊ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေနဲ့ လုံးလည်ချာလိုက်နေလို့လေ။ ဒါပေမယ့် အိနြေ္ဒတော့ မပျက်အောင် သတိနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။ အမေလည်း အပြင်မှာသာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနေနိုင်ပေမယ့် စိတ်ထဲမှာတော့ ဦးဇင်းနဲ့ အဖေ့အတွက် ခေါင်းမီးတောက်နေမှာ အသေအချာပဲလို့ ကျမခန့်မှန်းမိတယ်။
ရဲမှုးကြီးလှမျိုးရှိန်ရဲ့ အပေါင်းအပါတချို့ အိမ်ထဲဝင်လာပြီး ဦးဇင်းရဲ့စာအုပ်သေတ္တာတွေကို အရင်ဖွတယ်။ ဦးဇင်းက စာဖတ် ဝါသနာကြီးသူဆိုတော့ စာအုပ်တွေ စုထားတာလည်း မနည်းဘူး။ သံသေတ္တာ ခပ်ကြီးကြီး (၄)လုံးလောက် ရှိတယ်။ အဖေ့တရားစာအုပ် သေတ္တာလည်း ရှိတယ်လေ။ အဲဒိသေတ္တာတွေက ဘုရားစင်ခန်းမှာ ထားတာဆိုတော့ အဲဒါတွေကို အရင်ဖွကြတော့တာပေါ့။ အဲနောက် တအိမ်လုံး မကျန်ရအောင်ကို အကုန်ဝင်မွှေကြတယ်။
ဦးဇင်းရဲ့ ရဟန်းဝတ်နဲ့ဓာတ်ပုံတွေ၊ ပါဠိပထမပြန် စာမေးပွဲ အောင်လက်မှတ်တွေ၊ ဦးဇင်းရဲ့ ရဟန်းဖြစ် ရက်ချုပ်တွေကို အဓိကထားပြီး သိမ်းကြတယ်။ ဦးဇင်းရဟန်းဝတ်နဲ့ ပတ်သက်တဲ့ အချက်အလက် တွေမှန်သမျှ ဘာတခုမှ မကျန်အောင်ကို တအိမ်လုံး မွှေနှောက်ပြီး အကုန်သိမ်းကြတာ။ အဲဒါတွေ အားလုံး စိတ်ကြိုက်မွှေနှောက် ပြီးတော့မှ ရဲမှုးကြီးလှမျိုးရှိန်က အမေကိုမေးတယ်။
‘‘ခင်ဗျားမှာ သားဘုန်းကြီး ရှိတယ်မလား’’
‘‘ကျမက ရဟန်းမယ်တော်ကြီးတော့’’ လို့အမေက ပြန်ဖြေတယ်
‘‘အေးအခု သူဘယ်မှာနေလဲ’’
‘‘ရန်ကုန်မှာ စာသင်နေတယ်’’
‘‘ဒါဆို ခင်ဗျား ဦးဂမ္ဘီရဆိုတာကို သိလား’’
‘‘ကျမသားဘုန်းကြီးက ဦးစန္ဒောဘာသရှင့်၊ လူနာမည်က ညီညီလွင်လို့ ခေါ်ပါတယ်’’
‘‘ကျနော်မေးတာက ဦးဂမ္ဘီရကို သိလားလို့ မေးတာပါ’’
‘‘သြော်.. ဒီပတ်ဝန်းကျင်မှာတော့ ဦးဂမ္ဘီရဆိုတဲ့ ဘွဲ့မရှိပါဘူး”
‘‘ဒါဆို ခင်ဗျားသား ဦးဇင်း ဒီအိမ်ကို နောက်ဆုံး ဘယ်အချိန်မှာ လာသွားလဲ’’
‘‘ကျမ မမှတ်မိတော့ဘူး’’ လို့ အမေက ပြောလိုက်တော့ ရဲမှုးကြီး လှမျိုးရှိန် သိပ်သဘောကျပုံမရပါဘူး
‘‘ခင်ဗျား မှန်မှန်ဖြေနော် မှန်မှန်မဖြေရင် ခင်ဗျားတို့ မိသားစု အားလုံး ရဲစခန်းကို ခေါ်သွားမယ်။ ကျုပ်တို့မှာ ခင်ဗျားတို့ အမှန်အတိုင်း ပြောထွက်လာနိုင်တဲ့ နည်းတွေ ရှိတယ်’’ လို့ ခြိမ်းခြောက်တော့တာပဲ။
‘‘ဒီတော့ အမေက ကျမ သိသလောက်ကို မကွယ်မဝှက် ဖြေတာပါ။ ဒါမှ မကျေနပ်နိုင်လို့ ဗိုလ်ကြီးတို့က ရဲစခန်းခေါ်ပြီး စစ်ချင်သပဆိုလည်း လိုက်ရုံပဲရှိတယ်။ ဒါပေမယ့် အဖြေကတော့ ဒါပဲထပ်နေမှာ၊ ကျမက ဒါပဲသိတာကိုး’’
‘‘ဒါဆို ခင်ဗျား ယောက်ျား ဘယ်မလဲ’’
‘‘အိမ်က ငွေတွေယူပြီး ထွက်သွားတာပဲ၊ ဘယ်ကို ထွက်သွားမှန်း မသိဘူး’’
‘‘ယောက်ျား ဘယ်သွားမယ်ဆိုတာကိုတောင် မိန်းမ တယောက်အနေနဲ့ မသိဘူးလား’’
‘‘ကျမနဲ့ ကတောက်ကဆဖြစ်ပြီးထွက်သွားတာ၊ အဲဒါကြောင့် မမေးမိလိုက်တာပါ’’
ဒီမေးခွန်းတွေကို နှစ်ကျော့သုံးကျော့ ပြန်မေးနေပေမယ့် အမေကလည်း ဒီပုံစံအတိုင်းပဲ ပြန်ဖြေနေတော့ ရဲမှုးကြီး လှမျိုးရှိန်အနေနဲ့ စိတ်ရှည်ပုံ မရတော့ဘူး။ ‘‘ခင်ဗျားကျုပ်ကို လိမ်နေတယ်။ ခင်ဗျား မသိပဲမနေဘူး၊ ကျုပ်လည်း ဒီလောက်တော့ မညံ့ပါဘူး’’ ဆိုပြီး ကျမတို့ကို ရဲစခန်းကို လိုက်ခဲ့ဖို့ ပြောတော့တာပဲ။
အမေနဲ့ ရဲမှုးကြီးလှမျိုးရှိန်က အသက်ချင်း သိပ်ကွာပုံမရဘူး။ ၅ဝ ကျော် ၆ဝ တန်းမှာပါပဲ။ ဒါပေမယ့် ဘယ်သူက အသက်ပိုကြီးလဲ ဆိုတာတော့ ကျမ တိတိကျကျမသိဘူး။ ကျန်တဲ့ ရဲအရာရှိလေးတွေကတော့ အန်တီလို့ ဆိုတဲ့ အသုံးအနှုန်းနဲ့ တရိုတသေ ခေါ်ကြပါတယ်။
အဲဒိည (၁၁)နာရီကျော်လောက်မှာပဲ ကျမတို့ မိသားစုအားလုံးကို ရဲစခန်းခေါ်ဖို့ ပြင်ပါတော့တယ်။ ဒီတော့ အမေက တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ဖို့ အဆင်အသင့်ရှိသလို ကျမတို့ မောင်နှမတွေကလည်း အေးအေးဆေးဆေးနဲ့ အဝတ်အစားတွေကို ပြင်ရပါတော့တယ်။
ကျမက စာဖတ်ထားတဲ့ အတွေ့အကြုံ ရှိတယ်လေ။ ဦးဇင်းရဲ့ ကျေးဇူးနဲ့ ဆရာ ဝင်းတင့်ထွန်းရဲ့ ခြောက်တိုက်မှာ လောက်ကိုက်တာ ခံရဘူးလားဆိုတဲ့ ထောင်စာအုပ်မျိုးတွေကိုပေါ့။ ပြီးတော့ မကြာသေးခင် အချိန်ပိုင်းကလေးကပဲ အောင်ကိုကိုလွင်ကို လ္ဘက်ရည်တိုက် ခဏပါလို့ခေါ်သွားပြီး တခါတည်း ဖမ်းချုပ်ထားလိုက်တာ ဆိုတော့ ဒီလူတွေ ဘယ်လောက် ယုတ်မာရက်စက်လဲဆိုတာ ကျမခန့်မှန်းမိပြီးသား။ ကျမတို့လည်း ခဏနဲ့တော့ ပြန်လာရမယ် မထင်ဘူး၊ ကောင်းကောင်းတော့ ညှဉ်းဆဲကြအုံးမှာပဲလို့ စိတ်ထဲမှာ သိနေတယ်။ ဒါကြောင့် အနွေးထည်အစရှိတဲ့ အဝတ်အစား တချို့ကို ပြင်ရတာပေါ့။
အပြင်ရောက်တော့မှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ရဲကား ၂ စီးနဲ့ ဆိုင်ကယ်ဆိုတာ ပလူပျံနေအောင်ပဲ အိမ်ပတ်ပတ်လည်မှာ ရပ်ထားလိုက်တာ။ ရဲကားပေါ်မှာ ယူနီဖောင်းအပြည့်နဲ့ လက်နက်ကိုင် ရဲတပ်သားတွေ ရှိသလို အရပ်ဝတ်နဲ့ရဲတွေ၊ ကြံဖွံ့တွေ၊ ရယကတွေကလည်း ဆိုင်ကယ် ကိုယ်စီကိုယ်စီနဲ့ အားလုံးပေါင်း အယောက် (၆ဝ) ဝန်း ကျင်လောက် ရှိမယ်ထင်တယ်။
အိမ်ပတ်ဝန်းကျင်က လူတွေတော့ ကျမတို့ မိသားစုကို ဘယ်လိုထင်မလဲ မသိဘူး။ စက်မှုဇုံ ၅လမ်းလည်း ဆိုင်ကယ်နဲ့ ပြည့်နေသလို စက်မှုဇုံ ၄ လမ်းဘက်ကို ထွက်တဲ့ ကျမတို့ အိမ်ဘေးလမ်းကြားလေးမှာလဲ ဆိုင်ကယ်ကိုယ်စီနဲ့ စကားပြောစက် ကိုင်ထားတဲ့ လူတွေ ကျမတို့အိမ်ကို ဝိုင်းထားလိုက်တာများ ရန်သူစခန်းတခုကို ဝင်သိမ်းနေသလား မှတ်ရတယ်။
ရဲကားပေါ်ရောက်တော့ ‘‘တို့မိသားစု ၃ယောက်ကို လာဖမ်းတာများ အဲလောက် လူအင်အား သုံးရတယ်လို့ဟယ်’’ ဆိုပြီး ကျမက ကျမမောင်လေး လွင်မောင်မောင်ကို ပြောမိလိုက်တယ်။ ဒီတော့ လက်နက်ကိုင်ထားတဲ့ ရဲသား တယောက်က လှည့်ကြည့်ပြီး ‘‘နယ်မြေခံ အဖွဲ့အစည်း အစုံပါတယ်။ တိုင်းက ဆင်းလာတဲ့ အရာရှိတွေကော ပါလို့ဗျ’’ ဆိုပြီး အကြောင်းပြချက် ပေးတော့တာပဲ။
အဲဒိနောက် ကျမတို့ အိမ်မှာ နယ်မြေခံ ရဲ(၃)ယောက်ကို ပေါ်ပေါ်တင်တင် အိမ်စောင့်ထားပြီး ကျန်တဲ့ ရဲတချို့က ကျမတို့နဲ့ အတူ ပြန်လိုက်ဖို့ ပြင်ကြတယ်။ သိပ်မကြာခင်မှာပဲ ကျမတို့ကို တင်ဆောင်မယ့် ရဲကားကြီးလည်း စထွက်ပါတော့တယ်။ ရဲကားတစီးက ကျမတို့ကား ရှေ့ကသွားလို့ ၊ နောက်က ဆိုင်ကယ်နဲ့လိုက်တဲ့ လူတွေကလည်း တပြုံကြီးဆိုတော့ ကိုယ့်ကို အားပေးရင်း ကိုယ်မောင်လေးကိုလည်း စိတ်ဓါတ်မကျအောင် အားပေးရင်းဆိုပြီး ‘‘ဒီလို အစောင့်အရှောက်တွေ အများကြီးနဲ့ တခါမှ ခရီးမသွားဘူးတော့ ရင်ထဲမှာ ခံစားရတာ တမျိုးလေးနော်’’ ဆိုပြီးကျမ ဟာသလေးဖောက်လိုက်တယ်။ ဘေးက ရဲသားလေးတွေကတော့ မကြည်ဘူးပေါ့။ သူတို့ကို ဖမ်းလာတာများ စကားကြီး စကားကျယ်နဲ့ လာပြီး မာန်တက်ပြနေတယ်လို့ ထင်နေမလားပဲ။
No comments:
Post a Comment