မေရနံ့
အဲဒီည (၁၁)နာရီခွဲ လောက်မှာ မိတ္ထီလာ အမှတ်(၃) ရဲစခန်းကို ကျမ တို့မိသားစု ၃ယောက် ရောက်ခဲ့ပါတယ်။ တကယ်တမ်း ကျမတို့ မိတ္ထီလာ အိမ်မှာ နေတဲ့ မိသားစုက စုစုပေါင်း (၆)ယောက်ပါ။ ဒါပေမယ့် အဖေက ဦးဇင်းကို စိတ်မချလို့ လိုက်သွားပြီး အမကြီး မခင် သူဌေးက ရန်ကုန်မှာ စက်တင်ဘာ မတိုင်ခင် လေးကပဲ အိမ်ထောင် ကျနေ ခဲ့တယ်။ အောင်ကိုကိုလွင်ကို ကျမတို့ထက် အရင်ဖမ်း သွားတာ ဆိုတော့ အိမ်မှာ အမေရယ် ကျမနဲ့ အငယ်ဆုံး မောင်လေး လွင်မောင်မောင်ပဲ ကျန်ခဲ့ တာမို့ မိသားစု (၃) ယောက်ပဲဖြစ် နေရတာပါ။ ကျမတို့ အကိုကြီး ကိုအောင်ကျော်ကျော်(လက်ရှိ တောင်ကြီးအကျဉ်းထောင်) က အိမ်ထောင် ကျပြီး ကတည်းက ကျမတို့နဲ့ အိမ်ခွဲ နေပြီး ဦးဇင်း ကတော့ ရန်ကုန်မှာ စာသင်နေတာမို့ ကျမတို့နဲ့ အတူ မနေဘူး။
မိတ္ထီလာ အမှတ်(၃) ရဲစခန်းကို ရောက်ရောက်ချင်း ကျမတို့ကို စစ်ကြောရေး စဖို့ပြင်နေကြတယ်။ စာရွက်စာတမ်းတွေ၊ ဘောလ်ပင်တွေ အစရှိသဖြင့် ပြင်ဆင်နေကြတာ တွေ့ရတယ်။ အဲဒီအချိန်ထိ ကျမတို့ မောင်လေး အောင်ကိုကိုလွင်ကို မတွေ့ရသေးဘူး။ ကျမတို့ရောက်နေတဲ့ အဆောက်အဦးက ရုံးခန်းတွေဖွင့်တဲ့ အဆောက်အဦးကြီး ထင်ပါတယ်။ အခန်းကတော့ အခန်းကျယ်ကြီးပါပဲ။ အဲဒီအခန်းကျယ်ကြီးထဲမှာမှ အခန်းလေးတွေကို ထပ်ပြီးကန့်ထားကြတာ၊ (၅)ခန်း(၆)ခန်း လောက်ရှိမယ်။ ကျမတို့သားအမိတွေကတော့ ကန့်ထားတဲ့ အခန်းလေးတွေရဲ့ အပြင်မှာချထားတဲ့ ခုံတန်းတွေပေါ်မှာပဲ ထိုင်စောင့်နေရတယ်။
အဲလိုထိုင်စောင့်နေရင်းက ငါတို့ကိုတော့ ကြမ်းကြမ်းတမ်းတမ်း စစ်မယ်ဆိုတာ သေချာနေပြီလို့ စိတ်ထဲကတွေးနေမိတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ ကြံ့ကြံ့ခံပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင် အောင်လို့ သတ္တိတွေမွေးနေမိတော့တာပဲ။ စိတ်ကို တည်ငြိမ်အောင် သတိလက်လွတ် ဖြစ်မသွားရအောင်ဆိုပြီး ဝင်လေထွက်လေ လေးကို ပုံမှန်ရှုပြီး ...သက်သက် ညှာညှာရှိမှာ မဟုတ်ဘူး သူတို့လိုချင်တဲ့ အချက်အလက်မရမချင်း ဝင်လေထွက်လေ၊ တနည်းအားဖြင့်တော့ မိုးကုတ် ဝိပဿနာ တရားအလုပ်လို့ ပြောရမှာပေါ့၊ အဲဒီ ဝင်လေထွက်လေလေးကို ပုံမှန်ရှုပြီး သမာဓိ ထူထောင်နေမိတယ်။
ကျမတို့ အဖေက မိုးကုတ်ဝိပဿနာတရားပြတယ်လေ၊ ကျမမောင်အရင်းက ဘုန်းကြီး၊ မောင်ဝမ်းကွဲတော်သူကလည်း စာတတ်ပေတတ် ဘုန်းကြီးဆိုတော့ ဒီဝိပဿနာ ရှုမှတ်တဲ့အလုပ်တွေက ကျမတို့နဲ့ သိပ်မစိမ်းခဲ့ပါဘူး။ အဲဒါကြောင့်လည်း အရေးပေါ် ဒုက္ခကြုံလာတဲ့အခါ၊ ကြောက်စိတ် ကြီးစိုးနေတဲ့အခါ၊ စိတ်တွေ မတည်မငြိမ်ဖြစ်နေတဲ့အခါမျိုးမှာ အဓိက လုပ်ဖြစ်တာကတော့ ဝင်လေထွက်လေနဲ့ စိတ်ကိုတည်ငြိမ်အောင် သမာဓိထူထောင်လိုက်တာပါပဲ။ သိပ်မကြာဘူး၊ အမေရယ် ကျမရယ်ကို တခန်းစီခွဲထားဖို့ခေါ်သွားတယ်။ ကျမရောက်သွားတဲ့ အခန်းလေးထဲမှာတော့ စားပွဲတလုံးနဲ့ ကုလားထိုင် (၃)လုံးချထားတာတွေ့ရတယ်။ အငယ်ဆုံးမောင်လေး လွင်မောင်မောင်ကတော့ အပြင်က ခုံတန်းမှာပဲ ကျန်ခဲ့တယ်။
ကျမတို့ကို တခန်းစီခွဲထားတယ်သာဆိုတာ၊ အသံတွေကတော့ တဖက်နဲ့တဖက် ရှင်းရှင်းကြီးကို ကြားနေရပါတယ်။ ရှင်းရှင်းကြီး ကြားနေရအောင်ကိုလည်း မတိုင်ပင်ရပဲ အသံကို နည်းနည်း မြှင့်ထားမိကြတယ်လေ။ ဒါမှ တချို့ဟာတွေမှာ အတိုင်အဖောက်ညီညီနဲ့ ဖြေရတာ ပိုအဆင်ပြေမှာကိုး။ ကျမအခန်းထဲရောက်ပြီး နောက်မှာ အောင်ကိုကိုလွင်ကို လက်ထိပ်နောက်ပြန်ခတ်ပြီး ခေါ်ထုတ်လာတာ တွေ့လိုက်ရတယ်။ ကျမစိတ်ထဲတော့ မကောင်းဘူးပေါ့။ ဘာရာဇဝတ်မှုမှလည်း ကျူးလွန်ထားတာမဟုတ်ပဲနဲ့ လဘက်ရည်တိုက်လို့ခေါ်ပြီးတော့ လက်ထိပ်နောက်ပြန်ကြီး ခတ်ထားကြတာ၊ တော်တော်လူပါးဝတဲ့ လူတွေ ဆိုပြီး ကျမဒေါသထွက်လိုက်မိသေးတယ်။ ဒါနဲ့ ‘‘ကျမမောင်မှာ ဘာအပြစ်ရှိလို့ လက်ထိပ် နောက်ပြန်ခတ်ရတာလဲ ခုချက်ချင်းဖြုတ်ပေးပါ’’ လို့ထပြောလိုက်တယ်။ဘယ်သူက မျက်ရိပ် ပြလိုက်လဲတော့မသိဘူး၊ ကျမပြောပြီး သိပ်မကြာခင် ကျမ မြင်ကွင်းထဲမှာပဲ ခေါ်လာတဲ့ ရဲသားလေးက အောင်ကိုကိုလွင်ကို လက်ထိပ်ဖြုတ် ပေးပါတယ်။ အဲဒီနောက် ကျမတို့ ဘေးက အခန်းကို ခေါ်သွားပါတော့တယ်။
ကျမတို့တွေ တနေရာစီ ဖြစ်သွားပြီးတော့ တဦးချင်းစီကို စစ်ကြောရေးစတော့တာပဲ။ ကျမက လူငယ်ဆိုတော့ သူတို့ မေးသမျှကို အမှန်မပြောဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အတည်ပေါက်နဲ့ အကုန်လွှဲပြောလိုက်တာ။ ဒါမှ သူတို့ရထားတဲ့ အချက်အလက်နဲ့တလွဲဖြစ်ပြီး နည်းနည်းခေါင်းရှုပ်သွားကြမှာကိုး။ ကျမကို စစစ်တဲ့လူက အက်စ်ဘီ ဇော်ထူးလွင်တဲ့ ။
‘‘မလွင်လွင်မြင့် မောင်နာမည်က ဘယ်သူလဲ’’
‘‘ညီညီလွင်’’
‘‘မဟုတ်ဘူးလေ၊ ဘုန်းကြီးနာမည်’’
‘‘ဘုန်းကြီးဆို ဘွဲ့လို့မေးပေါ့၊ နာမည်ဆိုတော့ ကျမက နာမည်ပဲပြောမှာပေါ့’’
‘‘ဟုတ်ပါပြီ.. ဘွဲ့ပါ’’
‘‘ဦးစန္ဒောဘာသ’’
‘‘ဘယ်မှာနေလဲ’’
‘‘ဘယ်သူ့ကိုမေးတာလဲ’’
‘‘ဦးစန္ဒောဘာသကို မေးတာပါ’’
‘‘သြော် ဦးဇင်းက ရန်ကုန်မှာ သီတင်းသုံးတယ်ပြောတာပဲ’’
‘‘အိမ်ကို ဘယ်အချိန်က နောက်ဆုံးပြန်လာလဲ’’
‘‘မေ့နေပြီ’’
‘‘အခုကော ဘယ်မှာရောက်နေတယ်ကြားလဲ’’
‘‘မကြားမိပါဘူး’’
‘‘ဦးဂမ္ဘီရ ကိုသိလား’’
‘‘မသိပါဘူး’’
‘‘ဟုတ်လို့လား’’
‘‘မယုံလည်းမတတ်နိုင်ဘူး။ မသိလို့ မသိဘူးပြောတာပဲ’’
‘‘ဘုန်းကြီးတွေ ဆန္ဒပြတာကော ကြားမိလား’’
‘‘ကြားမိတယ်။ အာအက်ဖ်အေ၊ ဗွီအိုအေ၊ ဘီဘီစီတို့ကို နေ့တိုင်းမပြတ် နားထောင်တယ်လေ’’
‘‘အဲဒီမှာ မလွင်လွင်မြင့် မောင်ကော ပါသံမကြားဘူးလား’’
‘‘ပါချင်ပါမှာပေါ့ ဘုန်းကြီးတွေ အကုန်လုံးထွက်ပြီးမေတ္တာပို့ကြတာပဲဟာ’’
‘‘မဟုတ်ဘူးလေ အင်တာဗျူးတွေ ဘာတွေ မကြားမိဘူးလားလို့မေးတာ’’
‘‘မကြားမိပါဘူး’’
‘‘မလွင်လွင်မြင့်မှာ အကိုအကြီးဆုံးတယောက်ကောရှိတယ်မလား’’
‘‘ရှိတယ်’’
‘‘သူကော ဘာတွေလုပ်လဲ’’
‘‘အိမ်ထောင်ကျနေတော့ ကျမတို့နဲ့ သိပ်ပြီးမတွေ့ဖြစ်ဘူး’’
‘‘ဘယ်မှာနေလဲ’’
‘‘ ရန်ကုန်မှာလို့ ပြောတာပဲ’’
‘‘အဖေလည်းရှိတယ်မလား’’
‘‘ရှိတာပေါ့’’
‘‘ဘယ်သွားလဲ’’
‘‘ခရီးထွက်သွားတယ် ထင်တာပဲ’’
‘‘ဘယ်သွားမယ် ဆိုတာတောင် ပြောမသွားဘူးလား၊ ကိုယ့်အဖေပဲ မေးမကြည့်မိဘူးလား’’
‘‘ကျမတို့က အဖေ့ကိုကြောက်ရတယ်၊ သူမပြောရင် မမေးရဲဘူး’’
ဒီအကြောင်းအရာတွေကို လှည့်ပတ်မေးနေတယ်။ ကျမလည်း ဒီအတိုင်းပဲ ခပ်တိုတိုဖြေတယ်။
သူတို့အဓိက လိုချင်တာက ဦးဂမ္ဘီရဆိုတာ ဦးစန္ဒောဘာသ ရဲအရာရှိ (၅)ယောက်လောက်ကတော့ ကျမကို မျက်တောင်မခတ် ဝိုင်းကြည့်နေကြ တယ်။ ဖြစ်ပါတယ် ဆိုတာကို သေချာအောင် မိသားစုဆီက အတည်ပြုချက်နဲ့ လက်ရှိဦးဇင်း ရောက်နေတဲ့ နေရာကို သဲလွန်စ ရနိုင်ဖို့ပဲလို့ ကျမသုံးသပ်မိတယ်။ ပြီးတော့ ဦးဇင်းအိမ်ကို ပြန်လာအုံးမယ်၊
အဖေလည်း ဦးဇင်းနဲ့ လိုက်သွားတယ် ဆိုတာ သူတို့ သံသယ ရှိထားပုံရတယ်။ ကျမက တမင်လွှဲပြောနေမှန်း သိတော့ သိပ်မကြည်ကြဘူး။ စိတ်ထဲတော့ ကျမကို အတော် အချဉ်ပေါက်နေပုံပဲ။ ဒါပေမယ့် ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတော့ မလုပ်ကြဘူး။ တိုင်းအဆင့် အဖွဲ့အစည်းပေါင်းစုံက အရာရှိတွေ ရောက်နေတဲ့အပြင် တိုင်းက အကြီးဆုံး လူတယောက်လည်း ရောက်နေတယ်လို့ ပြောသံကြားမိတယ်။ ရဲမှုးကြီး လှမျိုးရှိန်ကို ပြောတာပဲလား၊ တခြားစစ်ဘက်ဆိုင်ရာ အရာရှိလားတော့ တိတိကျကျ မလေ့လာမိဘူး။ သေချာတာကတော့ ရဲမှုးကြီးလှမျိုးရှိန်ကို သူ့အထက်က တိုက်ရိုက် ညွန်ကြားနေတယ်။
အက်စ်ဘီ ဇော်ထူးလွင် စစ်နေတုန်းမှာပဲ ရဲမှုးကြီးလှမျိုးရှိန်ကလည်း ဝင်ဝင်မေးတယ်။
‘‘ဖုန်းအဆက်အသွယ်ရှိလား’’
‘‘တခါတခါတော့ ဆက်သွယ်ပါတယ်” လို့ပဲ ကျမဖြေလိုက်တယ်။
‘‘ဖုန်းနံပါတ်ကောသိလား “
“သိတာပေါ့၊ ကိုယ့်မောင်ကို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ပဲ’’ လို့ ကျမပြောတော့ ရဲမှုးကြီးလှမျိုးရှိန်မျက်နှာ ဝင်းတက်လာတယ်’’
‘‘ဒါဆို ပြောပါအုံး’’
‘‘ဝ၉၅ဝဝ-----’’
အဲဒီနောက် ကျမကို ဖုန်းခေါ်ခိုင်းတော့တယ်။ ကျမလည်း ခေါ်လိုက်တယ်။ ရဲမှုးကြီးလှမျိုးရှိန်က တဖက်က ဖုန်းတလုံးနဲ့ နားထောင်နေတာ မြင်ရပေမယ့် ခပ်တည်တည်ပဲ၊ ခေါ်လိုက်တယ်။ ဖြစ်ချင်တော့ ညကြီးမိုးချုပ် ဖုန်းပိတ်ထားလောက်ပါတယ်လို့ ထင်ထားတာကနေ ဖုန်းကဝင်သွားပါလေရော..၊ ဒီတော့မထူးပါဘူးဟယ်ဆိုပြီး အိနြေ္ဒမပျက်ပဲ တဖက်က ဖုန်းကိုင်မှာကို စောင့်နေလိုက်တယ်။
ကျမဘေးနားက ဖုန်းတလုံးကို ကိုင်ထားတဲ့ ရဲမှုးကြီးလှမျိုးရှိန် အပါအဝင် ရဲအရာရှိ (၅)ယောက်လောက်ကတော့ ကျမကို မျက်တောင်မခတ် ဝိုင်းကြည့်နေကြတယ်။
ကျမရဲ့ စိတ်အပြောင်းအလဲကို သူတို့က မျက်နှာကနေ အကဲခတ်တဲ့ သဘောထင်ပါရဲ့။ သာမာန်အချိန်မျိုးဆို ယောက်ျားသားတွေ အများကြီး ဝိုင်းကြည့်နေတော့ ရှက်စိတ်၊ ကြောက်စိတ်တွေနဲ့တင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမှာသေချာတယ်။ ယောက်ျားသားတွေ အများကြီးထဲမှာ ကျမတယောက်တည်း ရှိနေခဲ့တာ ဒါပထမဆုံးအကြိမ်ဆိုတော့ တခါတခါ ရှက်စိတ်လေး ဝင်လာမိတာတော့အမှန်ပဲ။ ဒါပေမယ့် ‘‘ငါ့မောင်ကို ဒုက္ခပေးမယ့် လူတွေ၊ လူယုတ်မာတွေဟဲ့၊ ဒီလိုလူတွေကို ဂရုစိုက်စရာမလိုဘူး’’ ဆိုပြီး စိတ်ကို တင်းထားတော့ အိနြေ္ဒမပျက်ခဲ့ဘူးပေါ့။
သိပ်မကြာခင်ပဲ အမျိုးသမီးတယောက်က ဖုန်းကိုင်ပါတော့တယ်။ ကျမလည်း ‘‘ဆရာတော် ဦးစန္ဒောဘာသ ဖုန်းလားရှင့်’’လို့ မေးလိုက်တာပေါ့။ တဖက်က ‘‘မဟုတ်ပါဘူး၊ ကျမက ဒီဖုန်းပိုင်ရှင်ပါ၊ ဖုန်းမှား နေပါတယ်ရှင်’’ ဆိုပြီး ဖုန်းချသွားလေရဲ့။ တကယ်တော့ အဲဒီဖုန်းက ဦးဇင်း ငှားကိုင်ခဲ့တာမှန်ပေမယ့် ပိုင်ရှင်ဆီ ပြန်အပ်ထားတာ ကြာပြီလို့ သိထားတဲ့အတွက် အဲဒီနံပါတ်ကို ပေးလိုက်တာပါ။ ညကြီးမိုးချုပ် ဖုန်းပိတ်ထားမှာ ဖြစ်တဲ့အတွက် သူတို့ အလုပ်တခု ပိုရှုပ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးလိုက်ပေမယ့် မအောင်မြင် ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက် ခပ်တည်တည်နဲ့ပဲ ကျမလည်း ပြန်ထိုင်နေလိုက်တယ်။ ရဲမှုးကြီးလှမျိုးရှိန်က ကျမကို ဖုန်းနံပါတ်ပါတဲ့ စာရွက်လေးတခု လာချပေးတယ်။ တကယ်ပဲ ဦးဇင်း လတ်တလော သုံးနေတဲ့ နံပါတ်၊ ဟာ..ပြဿနာပဲ ဦးဇင်းကိုင်လိုက်ရင်တော့….။ ဒါပေမယ့် ကိုယ့်ဦးဇင်းက ဒီလောက်တော့ မညံ့လောက်ပါဘူး။ ပွဲကြီးတပွဲကိုတောင် ဦးဆောင်လှုံ့ဆော်နေတဲ့ အနေအထားဆိုတော့ သတိတော့ရှိမှာပါ ဆိုတဲ့အတွေးနဲ့…။
ရပါတယ်၊ ကျမခေါ်ကြည့်လိုက်မယ်နော်…။ နံပါတ်တွေကို နှိပ်လိုက်တယ်။ ဖုန်းကဝင်ပေမယ့် ဦးဇင်းက မကိုင်ဘူး။ ဒီတော့ ကျမစိတ်ချသွားရပြီ။ နံပါတ်လည်းစိမ်းတယ်၊ ညကြီးမိုးချုပ်ဖြစ်တဲ့အတွက် ဦးဇင်း ပါးပါးနပ်နပ် ရှိလိမ့်မယ်ဆိုတာ ယုံကြည်မိသွားပြီး ၂-ခါ၃-ခါ ထပ်ခေါ်ပြလိုက်တယ်။ သူတို့ကလည်း ကျမကို ထပ်ထပ်ခေါ်ခိုင်းတာ စုစုပေါင်း (၁ဝ)ကြိမ်လောက်ရှိမယ်ထင်တယ်။ ‘‘တော်လိုက်တဲ့ ငါ့မောင်ဦးဇင်း၊ ဖုန်းကိုလုံးဝမကိုင်ဘူး’’ လို့ စိတ်ထဲမှာ ကျိတ်ပြီးချီးကျူးနေမိတယ်။ ရဲမှုးကြီးလှမျိုးရှိန်ကတော့ ကျမကို မှတ်ချက်ပေးသွားတယ်။ ‘‘ကျနော်သိသွားပါပြီ၊ မလွင်လွင်မြင့်ကို ဘယ်လိုမေးမေး အဖြေမှန်ပေါ်မှာ မဟုတ်ဘူးဆိုတာ’’
သူတို့လိုချင်တဲ့ အဖြေကို ကျမက အတည်ပြုမပေး၊ သဲလွန်စမပေးတော့ သူတို့ကလည်း ကျမကို ခေတ်ပြောနဲ့ဆို ဂြိုဟ်ကြည့် ကြည့်တယ်လို့ ခေါ်မလားပဲ။ ပေစောင်းစောင်းနဲ့။ယ‘‘နေအုံးပေါ့ကွာ၊ ရအောင်ကို ဖမ်းပြမယ်’’ဆိုတဲ့ ပုံစံမျိုး။ နောက်ဆုံး ကျမမှတ်ပုံတင်နံပါတ်ကိုမေးတယ်။ ပမန(နိုင်)……. လို့ ပြီးစလွယ်နဲ့ ခပ်မြန်မြန်ပြောလိုက်တော့ ပမန(နိုင်) ဆိုတာ ဘာကိုပြောတာလဲဆိုပြီး ထပ်မေးပြန်တယ်။ ‘‘ခင်ဗျားတို့ကလည်း ပမနနိုင်ဆိုတာ ပေါက်မြို့နယ်ကို ပြောတာပေါ့’’ လို့ပြောလိုက်တယ်။
ပြီးတော့ ကျမကို လက်မှတ်တွေ တသီကြီး ထိုးခိုင်းတော့တာပဲ။ အားလုံးပေါင်း စာရွက် (၂ဝ)ကျော် (၃ဝ) ဝန်းကျင်လောက်ရှိမယ်။ သဘောလောက်ဖတ်ကြည့်တော့ ကျမဖြေထားတာတွေကို မှတ်တမ်း လိုက်ထားတာ။ ကျမလည်း တခါမှ မသုံးဘူးတဲ့ လက်မှတ်(sign)မျိုးကို ထိုးပေးလိုက်တယ်။ အဲဒီနောက် ကျမကို စစ်နေတဲ့နေရာကနေ ရုံးခန်းတခုထဲခေါ်ထုတ်သွားတယ်။ ကျမလည်း ပေါ့ပေါ့ပါးပါးပါပဲ။ ‘‘စစ်ချင်ရာစစ် မေးချင်ရာမေး ဒါပဲဖြေမှာ။ ရိုက်သတ်လို့သေလည်း သေပစေဟယ်’’.. ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်မျိုး ဒုံးဒုံးချထားလိုက်တယ်။
ရုံးခန်းတခုထဲရောက်တော့ အသားမဲမဲ ဒေါင်ကောင်းကောင်းနဲ့ ရဲအရာရှိကြီးတယောက် (ကျမစိတ်အထင် နယ်မြေခံ စခန်းမှူးပဲဖြစ်မယ်)က ကျမကို ဆီးပြီးပြောတယ်။ “ခင်ဗျားတို့ဗျာ ….. ကျနော်တို့ကို အမှန်အတိုင်းပြောစေချင်တယ်။ အချိန်တွေလည်းကုန်၊ ခင်ဗျားတို့လည်း မအိပ်ရဘူးဗျ။ အကျိုးရှိတာလုပ်ပါ။ ကျနော်တို့လည်း အထက်ကခိုင်းတဲ့ တာဝန်အရသာ လုပ်ပေးနေရတာ အတော်ပင် ပန်းလှပြီ။ ဒီရက်ပိုင်း နားကိုမနားရသေးဘူး။ ကျနော့် စိတ်ရင်းအတိုင်းပြောရရင် ဒီလိုအမှုမျိုးကို ကြမ်းကြမ်းတမ်းတမ်း မကိုင်ချင်ဘူးဗျာ။ ဒါကြောင့်အမှန်အတိုင်းပြောရင် ခင်ဗျားတို့လည်း အိမ်မြန်မြန်ပြန်ရ၊ ကျနော်တို့လည်း အနားယူရတာပေါ့” ဆိုပြီး မက်လုံးပေးပြန်တယ်။
ကျမတို့ အိမ်မြန်မြန် ပြန်ရဖို့အတွက်တော့ ဦးဇင်းရဲ့လုပ်ငန်းစဉ်တွေနဲ့ ဦးဇင်းရဲ့ လုံခြုံရေးကို စတေးမခံနိုင်ဘူးလေ။ ဒါကြောင့် ‘‘ကျမပြောတာ မယုံလို့ မမှန်ဘူးထင်နေတာတော့ ခင်ဗျားတို့ အပိုင်းပဲ၊ ဘယ်တတ်နိုင်မလဲ၊ ကျမ မသိတာကို အတင်းအကျပ်လုပ်ပြီး ပြောပါ၊ မှန်အောင်ပြောပါဆိုတော့ ဘယ်လိုလုပ်ပါ့မလဲ’’ လို့ အတည်ပေါက်နဲ့ ပြန်ညည်းပြလိုက်တယ်။ အဲဒီအခန်းထဲမှာ အမေလည်းရှိနေတယ်။ ကျမနဲ့အမေ တခန်းထဲ အတူတူဖြစ်သွားတော့ စိတ်ထဲတော့ နည်းနည်း လုံခြုံလာသလို ခံစားရပါတယ်။ အမေ့ဆီကလည်း သူတို့လိုချင်တဲ့ အဖြေ တိတိကျကျ မရဖြစ်နေတာ ကျမ ရိပ်မိလိုက်တယ်။
ကျမတို့ အိမ်က သိမ်းသွားတဲ့ ဓာတ်ပုံ (ဦးဇင်းနဲ့ အကို ဝမ်းကွဲတော်တဲ့ ဦးဝိဇယ၊ အမေနဲ့ မြောက်ဒဂုံက ကျမတို့ မိတ်ဆွေ အမကြီးတို့ လေးဦး စုရိုက်ထားတဲ့ပုံ)ကို အမေနဲ့ ကျမ အရှေ့ချပြပြီး ထပ်မေးတယ်။‘‘အဲဒီထဲမှာ ဦးစန္ဒောဘာသက ဘယ်ပုံလဲ’’
‘‘ကျမလည်း ဦးဝိဇယ ပုံကို လက်နဲ့ ဦးအောင် ထောက်ပြ လိုက်တယ်’’ (အမေအရင်ပြောရင် မှန်နေမှာစိုးလို့)
‘‘ပုံစံကို နည်းနည်းပြောပြပါအုံး’’
‘‘အသားညိုညို ပိန်ပိန်သေးသေးပုပု” လို့ ပြောလိုက်တယ်။
‘‘ဦးဇင်းနေခဲ့တဲ့ ကျောင်းတွေကိုသိလား’’
‘‘သိတယ် ထောက်ကြန့်၊အင်းစိန်’’
‘‘နောက်ဆုံးနေခဲ့တဲ့ကျောင်း’’
‘‘အလုံကျောင်း’’
အဲလိုနဲ့ မနက်၂နာရီခွဲဝန်းကျင်လောက် ရောက်နေပြီ၊ စခန်းမှူးလို့ ထင်ရတဲ့လူလည်း အတော်ပင်ပန်းပြီး တချက်တချက် အိပ်ငိုက်နေတာမြင်ရသလို ကျမတို့လည်း ခေါင်းငိုက်ငိုက်ကျသွားတဲ့ အကြိမ်ပေါင်း မနည်းဘူး၊ အတော်အိပ်ချင်နေပြီလေ။ ရဲမှုးကြီးလှမျိုးရှိန်ကတော့ ပြန်နားနေပြီ ထင်တယ်။
လူတော်တော်များများလည်း ကျမတို့ ပတ်ဝန်းကျင်မှာ မရှိတော့ဘူး။ စခန်းမှူးလို့ ထင်ရတဲ့သူရယ် အစောင့်ရဲသားလေး တချို့ရယ်ကိုပဲ တွေ့ရတော့တယ်။ ‘‘အဲဒါကြောင့် ပြောတာပေါ့ဗျာ၊ ခင်ဗျားတို့ကို အမှန်အတိုင်းပြောပါလို့၊ အခုတော့ ခင်ဗျားတို့လည်း အိပ်ချင်နေပြီမလား။ ကျုပ်လည်းအိပ်ချင်နေပြီ။ တကယ်ပြောတာ ဒီရက်ပိုင်း မနားရသေးဘူးဗျ၊ အတော်ပင်ပန်းတယ်၊…ခက်တယ်ဗျာ’’ဆိုပြီး ညည်းတော့တာပဲ။‘‘သိမှ မသိပဲဗိုလ်ကြီးရယ်၊ဘယ်နှယ့်ဖြေရပါ့မလဲ’’ ဆိုပြီး ကျမတို့ သားမိနှစ်ယောက်ကလည်း ပြန်ညည်းကြတာပေါ့။
‘‘ကဲဒါဆို ခင်ဗျားယောက်ျား သွားနိုင်တဲ့နေရာကို မှန်းပြောကြည့်ဗျာ’’
‘‘ကျမတို့လည်း ရှမ်းပြည်ဘက်က ဆီဆိုင် လို့ခေါ်တဲ့နယ်ဘက်ကို သွားမယ်ထင်တယ်’’
‘‘ဘာကြောင့် ထင်တာလဲ’’
‘‘အဲဒီမှာ သူနဲ့တူအရီးတော်တဲ့ သူရှိတယ်လို့ပြောဘူးတယ်’’ ဆိုပြီး ဖြေပေးလိုက်တယ်။ အဲဒီနောက် မနက်(၄)နာရီဝန်းကျင်မှာပဲ ကျမတို့ကို အနားပေးပြီး လွင်မောင်မောင်ကို ခေါ်မေးပြန်တယ်။ ဒါပေမယ့် ခဏပါပဲ၊ သဘောလောက်မေးပြီး အနားပေးပါတော့တယ်။
No comments:
Post a Comment