အရှင်ဉာဏိန္ဒ
(ရွှေဝါရောင် ၃ နှစ်ပြည့် ဆောင်းပါး)
မဇ္ဈိမဒေသဆိုတာ ဗုဒ္ဓပွင့်တော်မူရာအရပ် ဖြစ်ပါတယ်။ သာသနာပြု သိရီဓမ္မာသောက မင်းကြီးဆိုရင် ဗုဒ္ဓဘာသာဝင်များ သာမက အခြားဘာသာဝင်တွေကပါ သိဖူး၊ ကြားဖူးကြတဲ့ သာသနာပြု မင်းမြတ်တပါးပါ။ ကမ္ဘာကျော်လောက်အောင်လည်း သာသနာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်ကောင်းတွေလည်း ရှိတာကိုး။ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ ဇရပ်၊ ဂူကျောင်း၊ စေတီ၊ ပုထိုး ရှစ်သောင်းလေးထောင် စသည်ဖြင့် လှူခဲ့တယ်လေ။ အခုအချိန်ထိ အိန္ဒိယမှာ သူ့ကောင်းမှု ရှေးဟောင်းလက်ရာတွေ ပေါ်ထွက်ဆဲ၊ သုတေသီများက မှတ်တမ်းတင်ဆဲပါ။ အဲဒီလို အလှူကြီးတွေပေးတာက ဘုရားရှင်ရဲ့ သာသနာတော်ကို ကြည်ညိုလွန်းလို့ပါ။
အရင်က သီရိဓမ္မာသောက မင်းကြီးဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ ရှေးဘဝက ဆွေမျိုးတော်စပ်ဖူးတဲ့ ကိုရင်လေးနဲ့ တွေ့မှ “အပ္ပမာဒေါအမတပဒံ” ဆိုတဲ့ ဂါထာလေးတပါဒ (တကြောင်း) ကို နာယူမိရာက ရတနာ ၃ ပါးကို ကိုးကွယ်တဲ့ ဘုရင်ကြီး ဖြစ်လာရတာပါ။ “သတိမမေ့တဲ့သူဟာ နိဗ္ဗာန်ရောက်ဖို့ အကျင့်ကို ကျင့်နေကြောင်းပါ” တဲ့။ ကုသိုလ်ကို မမေ့တဲ့သူကို သမ္မာသတိ ခေါ်ပါတယ်။ အကုသိုလ်လုပ်ဖို့ မမေ့တဲ့ သူကို မိစ္ဆာသတိ ခေါ်ပါတယ်။ ကုသိုလ်သတိကို ကျင့်နေတဲ့သူဟာ နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ နောက်ပြီး ဘုရင်ကြီးကို အမြဲတမ်း ဆုံးမသြဝါဒပေးနေတဲ့ ရှင်မဟာ မောဂ္ဂလိ ပုတ္တတိဿဆိုတဲ့ မထေရ်ကြီးတပါးလည်း ရှိပါတယ်။
အဲဒီလို ဆရာတော်ကြီးတွေကလည်း ဆုံးမတယ်၊ သူကလည်း နားထောင်တယ်။ အကျိုးဆက်က သာသနာမှာ ဘုရင်ကြီး ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခွင့်ရခဲ့တာပေါ့။ ဆရာတော်၊ သံဃာတော်တွေလည်း သူ့လက်ထက်တော်မှာ ချမ်းသာစွာနဲ့ ပရိယတ် (စာသင်ခြင်း)၊ ပဋိပတ် (တရား အားထုတ်ခြင်း)၊ ပဋိဝေဓ (ရတဲ့တရားကို အေးချမ်းစွာ ခံစားနေနိုင်ခြင်း) တွေ အားထုတ်နိုင်ခဲ့ပါတယ်။
သာသနာဆိုတာ တိုင်းပြည်အုပ်ချုပ်တဲ့ လူတန်းစားတွေအပေါ် လုံးဝမှီတည်နေပါတယ်။ မင်းပရိသတ်ကောင်းရင် သာသနာပြု ရဟန်းသံဃာတော်တွေ စိတ်လက်ချမ်းသာစွာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ အကျင့်ကို ကျင့်နိုင်ပါတယ်။ အဲဒီအချိန်မှာ သာသနာဟာမြင့်တယ်၊ ပွင့်တယ်၊ ထွန်းကားတယ်ပေါ့။
မင်းပရိသတ်မကောင်းရင် သာသနာမပွင့်ဘူး၊ နိမ့်တယ်။ သံဃာတွေ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ အလုပ်ကို စိတ်တထင့်ထင့်နဲ့ ကောင်းစွာ မလုပ်နိုင်ဘူးပေါ့ ။ အဲဒါကြောင့် သာသနာဟာ တိုင်းပြည်နဲ့ လုံးဝကို ဆက်စပ်နေပါတယ်။
ငှက်ခါးများနိမ့်ချီ၊ မြင့်ချီပျံသလိုပဲ နိမ့်လိုက်၊ မြင့်လိုက် ဖြစ်ခဲ့ရတဲ့ ခေတ်တွေလည်း သံဃာတော်တွေ ကြုံခဲ့ဖူးတယ်လေ။
မင်းကြီးက သာသနာကို လုံးဝဥဿုံ ယုံကြည်လာတော့ ရေတွင်း စတဲ့ အလှူတွေ လှူပြီး သာသနာ့ဒါယကာ-သာသနပြုမင်းအဖြစ် သမိုင်းမှာ နာမည်ကျန်ရစ်ခဲ့ချင်တယ်။ အလှူရေစက်ချပွဲတခုမှာ ရှင်မဟာ မောဂ္ဂလိ ပုတ္တတိဿ မထေရ်ကြီးကို လျှောက်တယ်။
“အရှင်ဘုရား- တပည့်တော် ယခုလို အလှူကြီးလှူခဲ့ပါတယ်ဘုရား၊ တပည့်တော် သာသနာ့ဒါယကာဖြစ်ပြီ မဟုတ်လားဘုရား” လို့ မေးလျှောက်တယ်။
“မင်းအလိုလိုက်၊ မင်းအကြိုက်ဆောင်ပြီး မင်းပြောသမျှ အမိန့်ထုတ်၊ မင်းခိုင်းသမျှ လုပ်တတ်တဲ့ အရှင်မြတ်ကြီး မဟုတ်တော့ မှန်ရာကို မိန့်တယ်။ အရှင်မင်းကြီး အခုလို ပစ္စည်းလှူရုံမျှနဲ့ သာသနာ့ဒါယကာလို့ မသတ်မှတ်နိုင်ပါဘူး။ မိမိက မွေးထားတဲ့ သားသမီးရင်သွေးမျက်ရှုတို့ကို ရှင်ရဟန်း (ဘိက္ခုနီ) အဖြစ် သာသနာဘောင်ထဲ သွတ်သွင်းမှ သာသနာ့တကာ၊ သာသနာ့အမွေ ခံခေါ်နိုင်ပါတယ်”
သာသနာ့ဒါယကာဖြစ်ချင်နေတဲ့ မင်းကြီးကလည်း “မှန်ပါ့ဘုရား၊ တပည့်တော်ရဲ့ သားတော် အိမ်ရှေ့စံ မဟိန္ဒမင်းသားနဲ့ သမီးတော် သင်္ဃမိတ္တာတို့ကို ရဟန်း (ဘိက္ခု) ရဟန်းမ( ဘိက္ခုနီ) ပြုလုပ်ပေးပါမယ် ဘုရား”
အဲဒီကနေစပြီး သီရိဓမ္မာသောကမင်းကြီး သာသနာ့ဒါယကာ၊ သာသနာပြုမင်းကြီး ဖြစ်ခဲ့ရပါတယ်။ သူ့သားတော် မဟိန္ဒမင်းသားလည်း အဲဒီထဲက ရဟန်းပြုပြီး လူမထွက်တော့ဘဲ သာသနာမှာ နေရင်း တရားအားထုတ်တာ ရဟန္တာ ဖြစ်သွားကုန်ကြတယ်။ သမီးတော်လည်း လူမထွက်ဘဲနဲ့ ရဟန္တာမ ဖြစ်သွားပါတယ်။
အဲဒီအချိန် ခေတ်ကာလတုန်းကဆိုရင် ရဟန္တာမဖြစ်ဖူးတဲ့ သစ်ပင်၊ တောတောင်အရပ် မရှိပါဘူး။ သာသနာပွင့်လင်းတယ်ဆိုတာ အဲဒီလိုမျိုးပါ။ မင်းနဲ့ ပြည်သူ ကောင်းတော့ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေ ကောင်းစွာ တရားဘာဝနာ ပွားခွင့်ရတာပေါ့။
သီရိဓမ္မာသောကမင်းကြီး ကျေးဇူးနဲ့ လွှတ်တဲ့ ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့တွေထဲမှာ သူ့သားတော် အရှင်မဟိန္ဒလည်း တပါးအပါအဝင်ပေါ့။ မြန်မာနိုင်ငံ သထုံသုဝဏ္ဏဘုမ္မိအရပ်ကိုတော့ ရှင်သောဏ၊ ရှင်ဥတ္တရ မထေရ်နှစ်ပါး ခွဲတမ်းကျလို့ ကြွလာပြီး သာသနာပြုတယ်လေ။ ပုဂံသာသနာပြုရှင်အရဟံဆိုတာ ရှင်သောဏ၊ ရှင်ဥတ္တရ မထေရ်တို့တပည့်တပါးပါ။
ရှေးမင်းကောင်း၊ မင်းမြတ်တွေဟာ ရတနာ ၃ ပါးနဲ့ သာသနာတော်ကို အလွန်ပဲ ကြည်ညိုလေးစား ညှာတာထောက်ထားတာတွေ တွေ့ရပါတယ်။ ဘုရားမှန်း၊ ကျောင်းမှန်း၊ သံဃာမှန်းလည်း သိကြပါတယ်။ အာဏာစက်နဲ့ ရဟန်းရှင်လူပြည်သူ အနိုင်မကျင့်ခဲ့ပါဘူး။ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့ အင်္ဂလိပ် (တိုင်းတပါး) အစိုးရကို ဆန့်ကျင်ဆန္ဒပြတာတောင် ညစ်ပတ်တဲ့ နည်းတွေနဲ့ မရက်စက်ခဲ့ကြပါဘူး။ လူထုရဲ့ မျက်နှာကို ကြည့်ပြီး မလုပ်ရဲပါဘူး။ ခုတော့ - မီးကုန်၊ ယမ်းကုန် အာဏာစက်ကို အပြည့်သုံးတယ်။
အခု စစ်အာဏာရှင်အစိုးရဟာ သူတို့ရဲ့ သားသမီးတွေ မဟုတ်ကြတော့ သံဃာတော်တွေကျေးဇူး မထောက်မညှာကြဘဲ လွတ်လပ်ရေးခေတ်မှ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်တွေထိ အနေကျပ်စေခဲ့တယ်။ ဖိနှိပ်ချုပ်ချယ်ကြတယ်။ ဆွမ်းဆန်လှူရင်လည်း သူတို့သြဇာခံတဲ့ ဆရာတော်တွေကိုပဲ လှူပါတယ်။ အခြားသံဃာတွေ၊ ဆွမ်း၊ သင်္ကန်း၊ ဆေး၊ ကျောင်း ပြည့်စုံ/မစုံ သူတို့နဲ့ မဆိုင်ဘူးပေါ့။
သူတို့မကြိုက်လို့ နှိမ်ချင်ရင် နိုင်ငံတော် သံဃာနာယကအဖွဲ့ ဆရာတော်တွေကို လျှောက်ပြပြီး အမိန့်တွေ ထုတ်ခိုင်းတာပါပဲ။ ဟန်လုပ်ပြီး ကြားကောင်းအောင် အမိန့်ထုတ်ခိုင်းတာပါ။ အမိန့်ထုတ်ခိုင်းရင်း တပည့်တော်က အာဏာစက်နဲ့ ပံ့ပိုးပေးပါမယ် ဘုရားဆိုရင် မဟနအဖွဲ့ကလည်း ဆွမ်းဆန်တော်ရရှိရေး၊ ဘွဲ့တံဆိပ်ရရှိရေး၊ ကျောင်းဆောက်မယ်ဆိုပြီး အပြင်ပွဲစားနဲ့တိုင်ပင် ငွေ၊ ဘိလပ်မြေ၊ သွပ်၊ သစ်၊ သံတွေကို လိုတာထက် ပိုပြီး စာရင်းလိမ်ထုတ်လို့ ရရေး အမိန့်ကြော်ငြာစာတွေ ထုတ်ရတာပေါ့။ ခံရတာက အဲဒီ မျက်စိကြီး နားကြီး ရပ်ကွက်နဲ့ ဝေးတဲ့ သံဃာထုပါပဲ။
ဘုရားဟော ဒေသနာတော်ရှိတယ်။ ဒေါသနဲ့ သေရင် ငရဲရောက်တယ်။ မောဟနဲ့ သေရင် တိရစ္ဆာန်ဖြစ်ပါတယ်။ လောဘနဲ့ သေရင် ပြိတ္တာဖြစ်ရတယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားတွေပါ။ ကမ္ဘာနဲ့ စကြာဝဠာနဲ့ချီပြီး ခံရတယ်။ လောဘ၊ ဒေါသ၊ မောဟ တရားတွေကို ၂၂ နှစ်တိုင်တိုင် တရားသေဆုပ်ကိုင်ပြီး ရဟန်းရှင်လူ၊ ပြည်သူလူထုကို ဒုက္ခမျိုးစုံ ရောက်အောင် လုပ်နေတဲ့ စစ်အစိုးရခေါင်းဆောင် တစုဟာ ၂၂ ကမ္ဘာမက ခံရဖို့ ရှိပါတယ်။ ကုသိုလ်ကံ အကျိုးပေးချိန်မှာ သတ္တဝါတွေဟာ လုပ်တိုင်းဖြစ်၊ ကြံတိုင်းမြောက်ပါတယ်။ အကုသိုလ်အကျိုးပေးပြီဆိုရင် သေချာစွာ လုပ်ထားတဲ့ ကိစ္စတွေတောင် လွဲချော်ပျက်စီးပါတယ်။ မီးပုံးပျံဟာ လေတိုက်နေမယ်။ မှိုင်းလည်း ရနေရင် အထက်ကို တက်ပါတယ်။ လေမတိုက်၊ မှိုင်းမရတာနဲ့ အောက်ကို ပြုတ်ကျပျက်စီးရတာနဲ့ တူညီပါတယ်။ မျက်မှောက်အချိန်မှာ ရုပ်ပြကောင်းအောင် ဆွမ်းဆန်ဇရပ်တန်ဆောင်း ဘယ်လိုပြောင်းလဲပြီး လှူဒါန်းပါစေ၊ သူတို့ အတွင်းစိတ်သဏ္ဌာန်မှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟကြောင့် နွားခြေရာနောက် ထပ်ကြပ်မကွာ လိုက်တဲ့ လှည်းဘီးရာလို - သူ့အရိပ် သူ့နောက်လိုက်တာ ခံရပေဦးမယ်။ ။
(အရှင် အရှင်ဉာဏိန္ဒသည် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သော ရဟန်းတပါးဖြစ်ပြီး၊ ယခုအခါ ထိုင်း-မြန်မာ နယ်စပ်တွင် သီတင်းသုံးနေသည်။)
No comments:
Post a Comment