Sunday, September 19, 2010

ရန်ကုန်ဆေးရုံကြီး အဆောင် ၁၂ ခုတင်နံပါတ် ၁၂

ဆက်လင်း

“လူနာရှင်ဘယ်မှာလဲ၊ လူနာရှင်”

အသက် အစိတ်ဝန်းကျင် တာဝန်ကျ ဆရာဝန်မလေး တဦးရဲ့ ကျယ်ကျယ် လောင်လောင် အော်လိုက်သံ ဖြစ်ပြီး သူ့ရဲ့အော်သံမှာ ဒေါသသံကလည်း ရောပါနေတယ်။

ရန်ကုန်ဆေးရုံကြီးရဲ့ အဆောင် ၁၂၊ ခုတင်နံပါတ် ၁၂ ပေါ်မှာ နှာခေါင်းမှာရော လက်မှာပါ ပိုက်တန်းလန်းနဲ့ အသက် ၅၀ အရွယ် စကားပြန် မပြောနိုင်တဲ့ အမျိုးသားလူနာ တဦး ရှိနေပါတယ်။

ရန်ကုန် ဆေးရုံကြီး အဆောင် ၁၂ ဆိုတာက ခွဲစိတ်လူနာ မဟုတ်တဲ့၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အစာအိမ် စတဲ့ ရောဂါ ဝေဒနာတွေ ခံစားနေရတဲ့ လူနာတွေ ထားတဲ့ အဆောင် ဖြစ်ပါတယ်။

“လူနာရှင်တွေက ဆေးဖိုး မရှိတော့ဘူး ဆိုရင် လူနာတွေကို ထားပြီး ထွက်သွား ကြတယ်။ ကျမတို့ ကလည်း လူနာရှင်က ဆေးမ၀ယ်ဘဲနဲ့ ဘယ်ကဆေးနဲ့ ထိုးရ၊ ကုရမှာလဲ” လို့ ခုနက အော်လိုက်တဲ့ ဆရာဝန်မလေးက တယောက်တည်း ညည်းတွား ပြောဆိုပြီး ပြန်လှည့် ထွက်သွားတယ်။

လူနာကတော့ ဘာစကားမှ ပြန်မပြောနိုင်ဘဲ လက်လေးတဘက် ထောင်ပြလိုက်တာ တွေ့လိုက်ရတယ်။

အဲဒီ ဆရာဝန်မလေး ထွက်သွားတဲ့ တလျှောက် လိုက်ကြည့် မိလိုက်တော့ အဆောင် ၁၂ ရဲ့အ၀င်အ၀ အတွင်းဘက်မှာ “စရိတ်မျှပေး ကျန်းမာရေး” ဆိုတဲ့ ဆိုင်းဘုတ်လေးဟာ ညစ်မှိုင်းမှိုင်း အုတ်နီရောင် နံရံမှာ ချိတ်ထားတာ တွေ့ရတယ်။

အဆောင်တဆောင်လုံးမှာရှိတဲ့ လူနာခုတင် ခပ်စိတ်စိတ်မှာ ပိုက်တန်းလန်းနဲ့လူနာတွေ အပြည့်။ ဒီ အပြင်ဆောင်ရဲ့ ကော်ရစ်တာ နှစ်ဘက်စလုံးမှာလည်း လူနာခုတင်တွေအပြည့်။ အဆောင်ထဲမှာရှိတဲ့ ကြမ်းပြင်တွေမှာတော့ သွေးကွက်လား၊ ရေကွက်လား ခွဲခြားမရနိုင်တဲ့ အကွက်ပေါင်း မြောက်မြားစွာကို တွေ့နေရပြီးတော့ ခုတင်တွေပေါ်မှာရှိတဲ့ ညစ်ထေးထေး အခင်းစတွေကလည်း ချေးရောင်ဆင်တူ ဆိုးထားသလား ထင်ရပါတယ်။

“ခုနကတော့ သူ့အမျိုးသမီးစောင့်နေပါတယ်။ အခုဘယ်ထွက်သွားလဲ မသိဘူး” လို့ဘေးခုတင်မှာရှိတဲ့ လူနာစောင့် အမျိုးသားတဦးက ဘယ်သူ့ကို ရည်ရွယ်ပြောမှန်းမသိ ပြောလိုက်တယ်။

ဆရာဝန်မလေး ထွက်သွားတာ၊ ဘေးခုတင်က လူနာစောင့် ပြောလိုက်တာနဲ့ သိပ်မကြာလိုက်ပါဘူး။ မိနစ်ဝက်လောက် အကြာမှာပဲ ခုတင် ၁၂ ပေါ်ကလူနာက လက်မှာတပ်ထားတဲ့ ပိုက်ကို ကျန်လက်တဘက်နဲ့ ဆွဲဖြုတ်လိုက်တယ်။ ပြီးတော့ သူ့ဘာသာသူ ခုတင်ပေါ်က လှိမ့်ချလိုက်တယ်။ ပိုက်ပြုတ်သွားတော့ လက်က သွေးတွေကလည်း ဖြာခနဲကျလာတယ်။

ဘေးခုတင်တွေမှာရှိတဲ့ လူနာစောင့်နေတဲ့သူတွေ ပြေးလာကြပြီး တချို့က တာဝန်ကျ ဆရာဝန်နဲ့ ဆရာမကို ပြေးခေါ်တယ်။ သူနာပြု ဆရာမ ၂ ယောက်နဲ့ ဆရာဝန်တယောက် ရောက်လာပြီး ဘေးကလူနာစောင့်တွေနဲ့ ခုတင် ၁၂ က လူနာကို ခုတင်ပေါ် ပြန်တင်ဖို့လုပ်တယ်။

လူနာကတော့ ဘာစကားမှ မပြောနိုင်ဘဲ ခေါင်းတွေလက်တွေကိုသာ အတွင်တွင် ခါရမ်းနေတာတွေ့ရတယ်။
ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာပဲ လူနာရှင်ရဲ့ အမျိုးသမီးဆိုသူ အပြေးအလွှားပြန်ရောက်လာတယ်။

“ခင်ဗျားတို့ကလည်း လူနာကိုထားပြီး ဘယ်လျှောက်သွားနေတာလဲ” ဆိုပြီး တာဝန်ကျ ဆရာဝန်က လူနာရှင် အမျိုးသမီးကို ဆီးဟောက်လိုက်တယ်။

“ခုန ဆရာမက ဆေးသွားဝယ်ရမယ်ဆိုလို့ ကျမ တူဆီက ပိုက်ဆံသွားယူတာပါ” ဆိုပြီး လူနာရဲ့ အမျိုးသမီးက ပိုက်ဆံထောင်တန် ၅ ရွက်ကိုပြရင်း ပြန်ပြောတယ်။

ဒီလို စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတွေကတော့ ရန်ကုန်ဆေးရုံကြီးမှာ နေ့စဉ်ဆိုသလို မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါလို့ ကျောက်ကပ်ရောဂါကို ရန်ကုန်ဆေးရုံကြီးမှာ ၂၄ ရက်လောက် တက်ရောက်ကုသ ခံယူနေရတဲ့ ဖခင်ရဲ့ လူနာစောင့် အဖြစ်နဲ့ နေရသူ ကိုမျိုးမင်းက ဆိုပါတယ်။

ဆေးရုံတင်ဖို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်လာပြီဆိုတာနဲ့ ဆရာဝန်တွေ၊ ဆရာမတွေက ပြုစုကုသမှု တန်းလုပ်ပေးတာမျိုးမဟုတ်ဘဲ လူနာရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေကို အရင်မေးမြန်းတာမျိုးတွေ လုပ်တတ်ပြီး လူနာအများစုကတော့ အရေးပေါ် အခြေအနေကျမှ ဆေးရုံကိုပြေးလာကြတာဖြစ်လို့ မှတ်ပုံတင်ပါမလာတာ မျိုးတွေ၊ မိသားစု သန်းခေါင်စာရင်း အကြောင်း ပြောမပြနိုင်တာတွေ ရှိတယ်လို့ ဖခင်လူနာကို စောင့်ရှောက်နေရသူ အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်းက ပြောပါတယ်။

“ကျနော်က အဖေ့ကို ပထမဆုံးအကြိမ် ဆေးရုံတင်တော့ ဘာမှ မကုသသေးဘဲ မှတ်ပုံတင်ပါလား၊ သန်းခေါင်စာရင်း ၀င် လူပါလား၊ အဲဒါတွေမေးတာ အရင်ဖြေရှင်းရတယ်။ နောက်တော့ သူများပြောတာနဲ့ ဆေးရုံတင်ဖို့ ပွဲစားနဲ့လုပ်လိုက်တော့ ဘာမှမရစ်တော့ဘူး” လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးကို တင်တော့မယ်ဆိုရင် ဆေးရုံတင်ဖို့ လုပ်ပေးတဲ့ ပွဲစားတွေကို ငွေကျပ် ၃၀၀၀ ပေးရတယ်လို့ သိရပါတယ်။

“ဘယ်လောက် အသည်းအသန်ဖြစ်နေတဲ့ လူနာမျိုးဖြစ်ဖြစ်၊ လူနာရှင်၊ ဒါမှမဟုတ် လူနာကိုလိုက်ပို့တဲ့သူက လိုအပ်တဲ့ဆေး ၀ယ်မပေးဘူးဆိုရင် ဒီအတိုင်းပဲ ပစ်ထားတာ” လို့ ကိုမျိုးမင်းက ဆက်ပြောပြပါတယ်။

ဒါ့အပြင် ဆေးရုံကြီး အပေါက်ဝကို ၀င်လိုက်ပြီဆိုတာနဲ့ လူနာကိုတင်တဲ့ ဘီးတပ်ကုလားထိုင်တွန်းခ၊ ဒါမှမဟုတ် တွန်းလှည်းခ ဆိုတာမျိုးတွေလည်း အတွင်တွင် လာတောင်းနေတာနဲ့ ကြုံရတယ်လို့ဆိုပါတယ်။

“ဆရာဝန်တွေရှေ့ ရောက်ပြီဆိုရင် သူတို့ဝယ်ခိုင်းတဲ့ဆေးတွေကို အရေးပေါ်ထဲမှာရှိတဲ့ ဆေးဆိုင်မှာ ပြေးဝယ်ရတယ်။ ဆေးထိုးအပ်၊ ဆေးထိုးပိုက်၊ မိုးရေပုလင်းကအစ၊ ပတ်တီး၊ ပလာစတာအဆုံး ကိုယ်ကပဲ ၀ယ်ပေးရတယ်။ သူတို့ဆီမှာလည်း ဘာဆေးမှမရှိဘူး။ ကိုယ်က သူတို့ဝယ်ခိုင်းတာကို ၀ယ်ပေးမှ သူတို့က လူနာကို စကုတယ်” လို့ သူကပြောပြပါတယ်။

အရေးပေါ်မှာ ကုပြီးလို့ ကိုယ်တက်ရမယ့် အဆောင်၊ ခုတင်ကို သွားတဲ့အခါမှာလည်း တွန်းလှည်းခ ဆိုတာမျိုးထပ်ပေးရတယ်။ ပြီးတော့ အရေးပေါ်မှာ ကိုယ်တက်ခဲ့တဲ့ ခုတင်သန့်ရှင်းရေး လုပ်ဖို့ဆိုပြီးလည်း ပိုက်ဆံ ကျပ် ၅၀၀ တောင်းထားသေးတယ်လို့ ဆိုတယ်။ ဒီလိုတောင်းထားပေမယ့်လည်း ရှေ့ကလူနာ ဆင်းသွားတာနဲ့ ဘာသန့်ရှင်းရေးမှ မလုပ်ဘဲ နောက်လူနာကို ဒီအတိုင်း ထပ်တင်တယ်လို့ ကိုမျိုးမင်းက သူမြင်တွေ့ခဲ့ရတာကို ပြောပြပါတယ်။

ကိုမျိုးမင်း အဓိက ကြားနေရတဲ့ ပြဿနာတွေကတော့ ဆရာဝန်တွေဝယ်ခိုင်းတဲ့ ဆေး၊ ဆေးထိုးအပ် စတာတွေကို လူနာရှင်တွေက အဆင်သင့် ၀ယ်မပေးနိုင်တာ၊ လူနာရှင်တွေဟာ လူနာတွေကို ပစ်ထားသွားတာတွေပါ။

“ဟိုအဒေါ်ကြီးဆို စောင့်မယ့်သူက သူတယောက်ပဲရှိတယ်။ နေ့လယ်ဆို ပိုက်ဆံသွားဆွဲတယ်ထင်တယ်။ ခဏခဏ ထွက်ထွက်သွားတယ်။ ပြန်လာမှ ဆရာဝန်ပြောတဲ့ဆေးတွေကို ၀ယ်ဝယ်လာတာတွေ့တယ်။ ဆရာဝန်လာပြီဆို လူနာစောင့် မရှိတော့ လူနာက အမြဲအော်ငေါက်ခံရတယ်” လို့ကိုမျိုးမင်းက ကုတင် ၁၂ ပေါ်က လူနာနဲ့ လူနာ စောင့်အမျိုးသမီးကို လက်ညှိုးထိုးပြီး ပြောပြပါတယ်။

“မတတ်နိုင်တဲ့သူက ဆရာဝန်ဘယ်နှခေါက် လာပြောပြော ဆေးဝယ်စရာ ပိုက်ဆံမရှိရင် ဒီအတိုင်း ထိုင်နေရတာ။ ကိုယ် ဆေးမ၀ယ်နိုင်လို့ကတော့ ဘယ်သူကမှ စိုက်မပေးဘူး။ အဲဒီလို လူနာမျိုးဆိုရင် အလွန်ဆုံးခံ နောက် ၂ ရက်၊ ၃ ရက်ပဲ” လို့ ကိုမျိုးမင်းက ဆက်ပြောပြပါတယ်။

နောက်နေ့မနက် လင်းအားကြီး ၃ နာရီလောက်မှာတော့ ကုတင် ၁၂ က လူနာရဲ ဇနီးဖြစ်သူထံက ငိုသံသဲ့သဲ့ထွက်လာတယ်။

“သူ့ရဲ့ တာဝန်ကြီးကို ထမ်းထားရတယ်ဆိုပြီး ဆေးကုတာ မခံတော့ဘူး။ ဘယ်လောက်ကုန်ကုန် လူက အရေးကြီးပါတယ်ပြောတာ လက်မခံဘူး” ဆိုပြီး ပြောငိုနေတာကိုလည်း စိတ်မကောင်းစွာ ကြားလိုက်ရတယ်။

ဒါပေမယ့် ခုတင် ၁၂ လူနာပိုင်ရှင်လည်း ကြာကြာဝမ်းနည်းချိန် မရလိုက်ပါဘူး။ ရေခဲတိုက်ကိုသယ်ဖို့ ကတ်တခုနဲ့ အိန္ဒိယ အမျိုးသား အလုပ်သမား နှစ်ယောက် ရောက်လာပြီး ပိုက်ဆံတောင်းနေတာ တွေ့လိုက်ရတယ်။ လူနာပိုင်ရှင် အဘွားကြီးက ပိုက်ဆံ တထောင်တန်တရွက် ထုတ်ပေးတာကိုလည်း တွေ့လိုက်ရတယ်။

ခူတင် ၁၂ က လူနာအလောင်း ရေခဲတိုက်ရောက်ပြီးလို့ လူနာရှင်အဘွားကြီးက အိမ်ပြန်အကြောင်းကြားမယ်လုပ်တော့ ဆေးရုံက ဆရာဝန်တွေက အဘွားကြီးကို ပေးမသွားပါဘူး။ လူနာရှင်လည်း ပစ္စည်းတွေ ထုတ်ပိုးပြီး တာဝန်ကျဆရာဝန်ရဲ့ အခန်းထဲ လိုက်သွားတာတွေ့လိုက်ရတယ်။

“လူနာက ဆုံးပြီဆိုရင် ဒီလိုပဲ အလောင်းကိုထားထားပြီး သွားတဲ့သူတွေများလို့ လူနာရှင်တယောက်ကို ဆေးရုံကခေါ်ထားပြီး မိသားစုကို သူတို့က ဖုန်းဆက်အကြောင်းကြားပေးတယ်။ အလောင်းပိုင်ရှင်ကို သူတို့က ခေါ်ထားပြီး ဘယ်မှ ပေးမသွားတော့ဘူး” လို့ဆေးရုံမှာ ၂၄ ရက်ကြာနေလာခဲ့တဲ့ ကိုမျိုးမင်းက ပြောပြပါတယ်။

“ဒီလောက် တင်းကျပ်နေတဲ့ကြားကတောင် ကျနော်ရောက်ပြီး အဲဒီလို အလောင်းကိုပစ်ပြေးသွားတာ သုံးလောင်းလောက်ရှိပြီ။ မတတ်နိုင် ကြလွန်းလို့ လုပ်လုပ်သွားကြတာ။ တချို့ဆို လူနာကို ဒီအတိုင်းထားပြီး ပြေးသွားတဲ့သူတွေလည်းရှိတယ်” လို့ ကိုမျိုးမင်းက စိတ်မကောင်းစွာ ပြောပါတယ်။

တချို့လူနာတွေဆိုရင် ဒီဆေးတလုံးထိုးလိုက်ရင် အသက်ရှင်မယ်၊ ဒီဆေးမထိုးနိုင်ရင် အခြေအနေ မကောင်းနိုင်ဘူး ဆိုတာ သိရက်နဲ့ ဆေးဖိုးမတတ်နိုင်လို့ လူနာကိုစွန့်လွှတ်လိုက်ရတဲ့ ကိစ္စမျိုးတွေလည်း အများကြီးရှိခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ၅ နှစ်လောက် တာဝန်ကျခဲ့ဖူးပြီး အခု NGO တခုမှာ ပရောဂျက်မန်နေဂျာ အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ဆရာဝန်တဦးက ပြောပြပါတယ်။

နအဖ စစ်အစိုးရဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ငွေ ၆ ထရီလီယံ အသုံးပြုပြီး သန်း ၆၀ နီးပါးရှိတဲ့ ပြည်သူ လူထုအတွက် ကျန်းမာရေးအသုံးစရိတ်ကတော့ ကျပ် ၅၂၃ ဘီလီယံ ခန့်သာ အသုံးပြုတယ်လို့ သိရပါတယ်။

ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေဟာ ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေရဲ့ ၉ ရာခိုင်နှုန်းကျော်သာ ရှိတဲ့အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ချို့ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေတယ်လို့လည်း လေ့လာသူ ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ပါတယ်။

ဆေးရုံကြီးမှာ တကယ် လိုအပ်နေတာက ဆေးဝါးတွေအပြင် စက်ကိရိယာတွေလည်း ဖြစ်တယ်လို့ သိရတယ်။ ကင်ဆာလူနာ တွေဟာ ဓာတ်ကင်ဖို့ အကြာကြီး တန်းစီစောင့်နေရသလို၊ အစာအိမ်မှန်ပြောင်း ကြည့်ဖို့ကိုလည်း လူနာများရင် များသလို အနည်းဆုံး တပတ်လောက် စောင့်ရတတ်ပါတယ်။

“ကျနော့် ညီတယောက်က ဆေးရုံကြီးမှာ အစာအိမ်မှန်ပြောင်းကြည်ဖို့ ၁၀ ရက်လောက်စောင့်ရမယ်ဆိုလို့ ဆေးရုံကြီးက ဆင်းပြီး အောင်ရတနာ ဆေးခန်းမှာသွားပြောင်း ပြလိုက်တာ၊ အထူးကုဆေးခန်းလည်းရောက်ရော ၀န်ဆောင်မှုကတော့ကောင်းပါတယ်၊ ပိုက်ဆံက ဆယ်သိန်းလောက်ကုန်သွားတယ်” လို့ ဆေးရုံကြီးကနေ အထူးကုဆေးခန်းကို ပြောင်းရွှေ့ကုသခံခဲ့ရသူရဲ့ လူနာရှင်တဦးက ပြောပြပါတယ်။

အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားအများစုက ဒီဆေးရုံကြီးမှာ ဒီလိုစိတ်ဆင်းရဲမှုတွေကြုံတွေ့ရမှာ၊ ကုသရေး ပစ္စည်းကိရိယာတွေ မလုံလောက် တာတွေကို သိပေမယ့် နာမကျန်းဖြစ်လို့ သွားပြပြီဆိုတာနဲ့ ကြိုတင်ငွေက ကျပ် ၂ သိန်းလောက် တင်ရပြီး ဆေးကုသစရိတ် မပါ၊ အခန်းခတင် တနေ့ကို ကျပ် နှစ်သောင်းခွဲလောက်ရှိ တဲ့ အထူးကုဆေးခန်းတွေကိုလည်း အနား မကပ်နိုင်ကြတာက များပါတယ်။

ရွှေဗဟို၊ ဗဟိုစည်၊ သျှင်ပါဂူ၊ အောင်ရတနာတို့လို အထူးကုဆေးခန်း အငယ်စားလေးတွေကို တက်ပြီဆိုတာနဲ့ ကြိုတင်ငွေ ကျပ် ၂ သိန်းလောက် ပေးရပြီး အနည်းဆုံး ကျပ် ၅ သိန်းလောက်ကုန်ကျတာပါ။ SSC၊ အာရှတော်ဝင်၊ ပန်းလှိုင်တို့လို နာမည်ကြီး အထူးကုဆေးခန်းကြီးတွေ တက်ရပြီဆိုရင်တော့ စပေါ်ငွေတင် ကျပ် ၁၀ သိန်းလောက် တင်ရပြီး ၂ ရက်၊ ၃ ရက်လောက် တက်လိုက်ရပြီဆိုတာနဲ့ ၁၅ သိန်း၊ သိန်း ၂၀ လောက် အနည်းဆုံးကုန်ကျမှုရှိတယ်လို့ သိရပါတယ်။

ဆေးရုံကြီးမှာကတော့ နေ့၊ ည ဆရာဝန်ကြီးတွေမရှိဘဲ အလုပ်သင် ဆရာဝန်ပေါက်စလေးတွေနဲ့ ဆမ လက်မှတ်ရဖို့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရတဲ့ ဆရာဝန်တွေပဲ ရှိတယ်လို့ ကိုမျိုးမင်းအပါအ၀င် ဆေးရုံစောင့်နေတဲ့ လူနာရှင်တွေက ပြောပါတယ်။

“ဆရာဝန်ကြီးတွေက ဂျူတီတွေရှိပေမယ့် အထူးကုဆေးခန်းတွေကိုပဲ အချိန်ပြည့် ပတ်ထိုင်နေတာ။ လူကြီးတွေ ဘာတွေ လာစစ်မယ်ဆိုတဲ့ ရက်လောက်ပဲ ဆရာဝန်ကြီးတွေ ရှိတယ်။ တခါတလေ ဆရာဝန်ကြီးတွေ လူနာလိုက်ကြည့်နေရင်း အထူးကုဆေးခန်းကြီးတွေက လူနာအရေးကြီးတယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ ပြန်ပြေး သွားတာမျိုးတွေလည်းရှိတယ်” လို့ NGO မှာ တာဝန်ထမ်းဆောင်နေသူ လူငယ် ဆရာဝန်က ပြောပြပါတယ်။

ဒီလို တာဝန်ကျဆရာဝန်ကြီးတွေက ဆေးရုံမှာ မရှိတဲ့အတွက် အလုပ်သင်ဆရာဝန်တွေ၊ ဆရာဝန် ပေါက်စတွေ အတွက်လည်း ဆေးပညာလက်ဆင့်ကမ်း သင်ယူဖို့ အခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးရုံပေါ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ခုတင် ၁၂ ကဝေဒနာသည်လို၊ ကိုမျိုးမင်းရဲ့ ဖခင်ကျောက်ကပ်ဝေဒနာရှင်လို လူနာတွေ အဓိက မျှော်လင့်မိတာကတော့ တာဝန်ကျ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေရဲ့ ကြင်နာနွေးထွေးမှုပါလို့ ကိုမျိုးမင်းက ဆိုပါတယ်။

“အဓိကကတော့ဗျာ နေ့တိုင်း ချိုသာတဲ့စကားဆိုတာ မကြားရဘူး။ တနေ့တနေ့ အော်သံ၊ ငေါက်သံ ဆိုတာမျိုးတွေပဲ ကြားနေရတယ်” လို့ သူက ညည်းတွားလိုက်ပါတယ်။

No comments: