Thursday, September 2, 2010

အတောင်မစုံမှီပြန်သန်းနေရတဲ့ငှက်ငယ်များ

စစ်မုန်းလူ၊

သူ.အသက်အရွယ်ကိုကြည့်မယ်ဆိုရင် မိဘရဲ့အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းစွာ နှားခိုပြီး သူငယ်ချင်းတွေ နဲ.အတူ ကျောင်းတော်ကြီး ဆီကို ပညာဆည်းပူးလေ့လာရမယ့်အရွယ်လေးပါ၊ ဒါပေမဲ့ သူ.အသက်ရွယ်နဲ. မလိုက်အောင် သူ.ရုပ်ရည်တွေကတော့ နေထိ ပန်းတပွင့် လို စိုပေခြင်းမရှိ၊ ပင်လယ်ပြင်ကျယ်ကို လက်ပစ်ကူး လို.ခြေ ကုန်လက်ပန်းကျ နွမ်းလျနေဘိ သကဲ့သို.ဖြစ်နေပါတယ်။

သူမဟာလွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက မိသားစုစားဝတ်နေရေး အတွက် တစ်လ ရူပီး ၁ဝဝဝ နှင့် အိုင်ဇောလ်မြို.တွင် အိမ်ဖော်အလုပ်ကို လုပ်ကိုင် နေသူတဦးပါ။

“မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို. ဒီဘက်ကိုထွက်လာပြီး အိမ်ဖော် အလုပ်လာလုပ်တာပါ တစ်လ ကို ရူပီး ၁ဝဝဝ ရပါ တယ်၊ မြန်မာငွေနှင့်ပြန် လှဲရင် ကျပ်ငွေ ၂၅ဝဝဝ ကျော်ဆိုတော့ မြန်မာပြည်က မိဘတွေဆီကို အနည်းကျင်းတော့ပို့နိုင်တာပေါ့နော်” ဆိုပြီး အိန္ဒိယ - မြန်မာ နယ်စပ် မီဇိုရမ်ပြည် နယ်အိုင်ဇောလ်မြို့တွင် အိမ်ဖော်အလုပ်လုပ်ကိုင်နေတဲ့ သူမက ပြောပြလိုက်တာပါ။

ဒီလိုလုပ်ကိုင်လာပြီး ရရှိတဲ့ လခငွေလေးကို မသုံးရက်ဘဲ မြန်မာပြည်က မိသားစုထံကို တစ်လ မှာ ကျပ်ငွေ ၁ဝဝဝဝ ခန့်တော့ ပုံမှန်ပို့ နိုင်လေ့ရှိ ပါ တယ်။

ဒါပေမဲ့သူမအလုပ်ဟာ အိမ်ဖော် အလုပ်ဆိုတဲ့အတိုင်း အိမ်ရှင်တွေရဲ့ အဝတ် အစားတွေကို နေ့တိုင်း လျှော် ပွတ်၊ထမင်း၊ဟင်းချက် အိမ်မှုလုပ်ငန်း မှန် သမျှအားလုံးကို သူမတစ်ယောက်တည်း ဒိုင်ခံလုပ်နေရတာဆိုတော့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ သူမရဲ့မိသားစု စားဝတ်နေရေးအတွက် ကြိုး စားပြီး ရုန်းကန်လှုပ်ရှားခဲ့ပါတယ်၊ သူတို.တွေရဲ့ဘ၀မှာ လွတ်လပ်စွာ သူ ငယ်ချင်း၊မိတ်ဆွေများနဲ.အလည်အပတ်သွား လာခြင်းတွေလုပ်ဖို. အချိန် မရှိပါဘူး၊ တစ်ပတ်မှာ တနင်္ဂနွေနေ့မှာသာ အချိန်အနည်းအငယ်တွေတော့ ရရှိကြပါတယ်၊ ဘုရားကျောင်းတက် ပြီးရင် အိမ်ပြန်ထမင်းဟင်း တွေချက် ပြုပ် ဒီလိုနဲ့ဘဲ နေ့တဓူဝကိုဖြတ်သန်းနေကြရတာပါ။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ သူ့လိုအိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင် နေသူ မြန်မာပြည်သားများဟာ စုစု ပေါင်း (၁ဝဝဝ) ကျော်ခန့်ရှိတယ် လို့သိရ ပါတယ်၊ အများစုမှာ ချင်းလူမျိုးများဖြစ်ကြပြီး မြန်မာနိုင်ငံ စစ်ကိုင်း တိုင်း ကလေးမြို့ နယ်နှင့် ချင်းပြည်နယ်တို့ကဖြစ်ကြပါတယ်။ သူတို.တွေ ဟာ တလမှာ ရူပီး ၈၀၀ မှ ၁၂၀၀ အထိ ပုံမှန်ရလေ့ရှိပါတယ်။ နေ.တွက် စရိတ်နဲ.တွက်ကြည့်ပါက တနေ.မှာ ရူပီး ၃၀ ခန်.သာသာရရှိကြတယ်လို. ဆိုရမှာပါ။ ကမ္ကာပေါ်မှာ လုပ်အားခအနည်းဆုံးရရှိကြသူတွေလို.ပြောလို. ရ မယ်ထင်ပါတယ်။

ဒီလိုအိမ်ဖော်လုပ်ကိုင် နေသူများ မှာ မြန်မာပြည်ကတက္ကသိုလ်ကျောင်းသူ တွေလည်းရှိကြပါတယ်၊ တက္ကသိုလ် ဆက်တက်နိုင်ရန် သူ.ကျောင်းစရိတ် ကို သူများအိမ်တွင်အိမ်ဖော်နေပြီး ရှာနေရတာပါဟု ကလေးမြို.နယ် ပျဉ်း တော်ဦးကျေးရွာမှချင်းအမျိုးသမီး ပွီးသဲက ပြောပြပါတယ်။

သူက “တက္ကသိုလ်လည်းဆက်တက်ချင်တယ် အိမ်ကလည်းအဆင်မပြေ ဘူး ဆက်မထားနိုင်တော့ဘူးလို့ ပြော တယ်၊ ဒါနဲ့ကျမလည်းဒီဘက်ကို လာပြီး ကျောင်းစရိတ် အတွက် အလုပ်လာလုပ်နေရတာ ပါ”ဟုသူ့ ဘဝကိုပြော ပြခဲ့တာပါ။ သူဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဆန်တန်းစာမေးပွဲ အောင်မြင်ခဲ့ ပြီးဖြစ် သော်လည်း မိသားစု စားဝတ်နေရေးခက်ခဲမှုကြောင့် တက္ကသိုလ်ဆက်မတက်နိုင်တော့ပါဘူး၊ ဒါကြောင့် သူအင်မတန်တက် ချင်တဲ့ တက္ကသိုလ်ကျောင်းတက် ရောက်နိုင်ဖို.အတွက် ယခုလိုငွေရှာဖွေနေ တာပါ။

ပြည်ပမှာအမ်ဖော်လုပ်နေကြသော မြန်မာအမျိုးသမီးတွေဟာ တခါတလေ အိမ်ရှင်တွေ့ရဲ့ မညှာမတာဆဲဆိုမှု တွေ အလိုမတူဘဲ အိမ်ရှင်များ၏ အတင်း အဓမ္မပြုကျင့်ဆက်ဆံမူတွေခံရတတ်ပါတယ်။ အဲလိုအကျဉ်းတန် လှတဲ့ အဖြစ်ပျက်တွေကိုမည်သူ့ကိုမှပြန်လည်တိုင်ကြားမပြောဆိုရဲဘဲတစ်ယောက် တည်း လျှို့ဝှက်စွာတိတ်တိတ်ကလေး ငိုကြွေးခဲ့ရသူတွေလည်း မနည်း ပါဘူး။

အိမ်ဖော်တွေရဲ.ဘဝဟာလုံခြုံမူအပြည့်အဝမရှိခဲ့ပါဘူး၊ လွန်ခဲ့တဲ့၂၀၀၆ခုနှစ် ကလည်းအိုင်ဇောလ်မြို့ ဇာကော့တ် ရပ်ကွပ်မှာ အိမ်ဖော်အဖြစ် အလုပ်လုပ် နေတဲ့ချင်းပြည်နယ်၊ ဖလမ်းမြို့က မဘွဲနိုက်ဆုန်း အသက် (၁၉)နှစ် အရွယ် ကို ဒေသခံတစ်ဦးက လည်လှီးသတ်ဖြတ်ခဲ့ပါတယ်၊၊ အဲဒီချိန်ကစလို. အိမ်ဖော်အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံက ချင်းအမျိုးသမီးတွေဟာ အိမ်ဖော်လုပ်ရမှာကို ကြောက်ရွံ့လာကြရပါတယ် ဒါပေမဲ့မိသားစု စားဝတ် နေရေး အတွက်ဆိုပြီး အရဲစွန့်လုပ်ကိုင်နေကြဆဲပါဘဲ။

မြန်မာ့နိုင်ငံရေးအခြေအနေမတည်မငြိမ်မှုကြောင့် မြန်မာနိုင်ငံသူနိုင်ငံသား တွေဟာ တနေ.ထက်တနေ. စားဝတ် နေရေးကြပ်တည်းလာကြသည်နဲ. အမျှ မိဘပြည်သူများကလည်း ကိုယ့်သားသမီးများအား ပညာဆက်လက် ဆည်းပူးနိုင်ရန်ထောက်ပံ့နိုင်ဖို.ခက်ခဲလာကြပါတယ်။ ဒါကြောင့်မြန်မာ့မျိုး ဆက်သစ်လူငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းထွက်ပြီးရရာအလုပ် ကိုရှာဖွေလုပ်ကိုင်နေကြရတော့တယ်။ ဒါကြောင့်လည်း မြန်မာပြည် ထက် လုပ်အားခကောင်းမွန်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာ့လူငယ်လေးတွေ ဟာ ရှိတဲ့အလုပ်ကိုထွက်လုပ် နေကြရပါတယ်။

မီဇိုရမ်ဆိုတာအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်တွင်တည်ရှိတဲ့သေးငယ်တဲ့ပြည် နယ်တစ်ခုလေးပါ၊ သူ့ပြည်နယ် မှာဆိုရင် ဘာမှကိုမထွက်တာ၊ ထွက်တာ ဆိုလို့ ဝါး၊ ဂျင်း၊ငရုတ်သီး အဲဒီလောက် ဘဲထွက် ပါတယ် ဒါပေမဲ့ သူ့ပြည်သူ တွေ ချမ်းချမ်း သာသာနေနိုင်ကြတယ်၊ လူဦးရေ ၈ သိန်းကျော်ရှိတဲ့ သူ့ပြည် နယ်မှာ လူတိုင်းလိုလိုဟာ တီဗီ၊ ရေခဲသေတ္တာ စသည့်ဖြင့် နေနိုင်ကြ ပါတယ်။ နိုင်ငံခြားထွက်ပြီး အြလုပ်သွားလုပ်စရာလည်းမလိုဘူး သူ့နိုင်ငံက လူ တွေက စားဝတ်နေရေးဖိုလုံတာကိုး၊ မိသားစု တစ်စုမှာ အစိုးရဝန်ထမ်း တစ်ယောက်ရှိရင် သူ့ လစာနဲ့တင်ကျွေးမွေးနိုင်ပါတယ်။

ဒီလိုမျိုး ပြည်နယ်ထွက်ကုန်ဘာတခုမှမရှိတဲ့ ဆင်းရဲတဲ့ပြည်နယ်တခုမှာ နေထိုင်နေကြတဲ့ မီဇိုရမ်က လူထုတွေ ဟာ ယခုလို ချမ်းချမ်းသာသာ မဟုတ်ရင်တောင် အသင့်အတင့်နေထိုင်နိုင်ကြတာဟာ သူ့ပြည်နယ်ကို အုပ်ချူပ် တဲ့အစိုးရရဲ့ အကူအညီအထောက်အပံ့တွေကြောင့်လို. ပြောလို. ရမယ်ထင်ပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရဟာ သူ.လူထုတွေကို မိဘက သားသမီးများအပေါ် ထားရှိတဲ့မေတ္တာစစ်နဲ့အုပ်ချူပ်တယ်လို.ဆိုရမှာပါ၊ သူ့ ကိုယ်ကျိုး ထက် ပြည်သူ့ အကျိုးကို ပိုအလေးထားတယ်၊ ပြီးတော့ ဒီမို ကရေစီနိုင်ငံလည်းဖြစ် နေလို.ပါဘဲ။

မြန်မာနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံလို့ပြောကြတယ်၊ ဆန်စပါး၊ သဘာဝဓာတ် ငွေ.၊ရွှေ၊ငွေ၊ ကျောက်မြတ်ရတနာ တွေ အမြောက်အများထွက်ရှိတဲ့ နိုင်ငံတ နိုင်ငံလို.နားလည်းထားပါတယ်။ ဒီလိုမျိုးဆန်စပါးတွေ စားမကုန်၊ သောက် မကုန်အောင်ထွက်ရှိနေတာတောင်မှဘာကြောင့်ကျနော်တို့မြန်မာနိုင်ငံသား တွေဟာ စားဖို.သောက်ဖို.အတွက် အင်မတန်ခက်ခဲနေကြရတာလဲ၊ ဘာ ကြောင့်နေ.စဉ်နဲ.အမျှစိုးရိမ်ပူပမ်မှုတွေနဲ. အသက်ဆက်နေကြ ရတာလဲ၊ ဒီလောက်ချမ်း သာတဲ့ ကိုယ့်နိုင်ငံမှာ မနေ နိုင်ဘဲ သူများနိုင်ငံမှာ သွားပြီး တော့ သူများမလုပ်ချင် တဲ့အရာအားလုံးကို မြန်မာပြည်သားတွေ လုပ်ကိုင် နေရတာလဲ၊ဘာ့ကြောင့်လဲ အရမ်းကိုစဉ်းစား စရာဖြစ်နေပါ တယ်၊ မြန်မာ နိုင်ငံမှာထွက်ရှိတဲ့ သယံဇာတ၊ ကျောက်မြက် ရတနာ၊ သဘာဝဓာတ်ငွေ့ တွေက ရတဲ့ငွေကြေး တွေဟာ ဘယ်မှာလဲ။ ဘယ် ရောက်ကုန်ပြီလဲ။ ဘယ်သူ တရားခံလဲ မြန်မာနိုင်ငံကို စိတ်ကြိုက် ခြယ်လှယ်နေ တာဘယ်သူ တွေလည်း၊ အဓိကတရာခံတွေဟာ ဘယ်သူ တွေဖြစ်မယ်ဆိုတာ မြန်မာ ပြည် သားတိုင်းသိကြမှာပါ။

အနီးစပ်ဆုံးကိုကြည့်မယ်ဆိုရင် ယခုမီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားအများစုတွေဟာ ကားလမ်းတိုး၊ စားပွဲထိုး၊ လွှဆွဲ၊ အိမ်ဖော်၊ ယက်ကန်း၊အရက်ချက်စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေရပါတယ်၊၊ ပညာ သင်တဲ့အရွယ်တွေမှာ ပညာဆက်မသင်နိုင်ဘဲ တိုင်းတပါးကို ထွက်ပြီး ကျေးဇူး ရှင်အမိနှင့်အဖကို လုပ် ကျွေးဖို့ကြုံရာအလုပ် ကို လုပ်ကြရတာပါ၊ ပညာကိုပြည့်စုံ အောင်မသင် နိုင်ခဲ့ရလို့ ပညာမဲ့ခဲ့ရတာ၊ တစ်သက် လုံးလမ်း တိုးနိုင်မှာလား၊ တစ်သက်လုံး စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နိုင်မှာလား ကျနော်တို့ လူငယ် ဘဝတွေရဲ့အနာဂတ်ဟာ မှုန်ဝါး နေတယ်၊ မရေရာဘူး၊ ဘဝအတွက်ခိုင်လုံတဲ့အဖြေဆိုတာမရှိပါဘူး။

တကယ်တော့ နိုင်ငံရေးမတည်ငြိမ်ကြောင့် နိုင်ငံ့စီးပွားရေးတွေကျဆင်း လာပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဟာလည်း လူသားတဦးကဲ့သို. အသက်ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အတောင်တွေစုံ အောင် မပေါက်ခင်မှာ၊ အသိုက်အမြုံထဲမှာ၊ မိဘရင်ခွင်ထဲမှာ၊ နေလို့တောင် မဝခင် အစာရှာဖွေရန် ပျံသန်းနေကြရ တာပါ။ တကယ်ကို အတောင်ပံတွေ မစုံသေးဘဲနဲ. ပျံသန်းနေရတဲ့ငှက်ငယ်လေးတွေပါ။

No comments: