မင်းဆက်ခိုင်
ကုလားတန် မြစ်ကြောင်း စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်းတည်ဆောက်ရေးကို စတင် လုပ်ကိုင်ရန် အတွက် အိန္ဒိယမှ တာဝန်ရှိသူ ၇ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့သည် ယခုအခါ စစ်တွေမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရခိုင်အမျိုးသား အရာရှိ တစ်ဦးက ပြောသည်။
“ လွန်ခဲ့တဲ့ သြဂတ်စ်လကတည်းက အိန္ဒိယ နိုင်ငံသား ၇ ဦး ပါတဲ့ အဖွဲ့ တစ်ဖွဲ့ စစ်တွေ ဆိပ်ကမ်း စီမံကိန်းကို စတင် ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ စစ်တွေကို ရောက်ရှိလာခဲ့ပါတယ်။ အခုသူတို့ကို “ဆိပ်ကမ်းသာ” တည်းခိုခန်းမှာ နေရာချပေးထားပါတယ်။ နောက်ထပ် အိန္ဒိယက အင်ဂျင်နီယာတွေ ရောက်လာဖို့ရှိ ပါသေးတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
စစ်တွေဆိပ်ကမ်းကို လာမည့် အောက်တိုဘာလမှ စတင် အကောင်အထည် ဖေါ်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် တည်ဆောက်မည့်နေရာများကို အိန္ဒိယ အဖွဲ့မှ လိုက်လံ စစ်ဆေးမူများ ပြုလုပ် နေကြောင်း သူက ပြောသည်။
“ အခုရောက်နေတဲ့ သူတွေကတော့ စစ်တွေဆိပ်ကမ်း စီမံကိန်း အတွက် လာတဲ့ အိန္ဒိယက အင်ဂျင်နီယာတွေနဲ့ တာဝန်ရှိသူတွေ ဖြစ်ပေမယ့် ဘယ်ဆောက်လုပ်ရေး ကုမ္ပဏီက ဖြစ်ပြီးတော့ ဘယ်သူတွေ လဲဆိုတာတော့ ကျနော်လည်း မပြောတတ်ပါဘူး။ လာမယ့် အောက်တိုဘာလမှာ စတင် အကောင်အထည် ဖေါ်တော့မယ်လို့ သိရပါတယ်။”
သူတို့ တည်းခိုနေရာ ဆိပ်ကမ်းသာ တည်းခိုရိပ်သာမှာ စစ်တွေ ဆိပ်ကမ်း အာဏာပိုင်များက ဖွင့်လှစ်ထားသော တည်းခိုခန်း ဖြစ်ပြီး ယခင်က ပြည်သူများ အခကြေးငွေဖြင့် တည်းခိုရန် ဖွင့်လှစ်ထားခဲ့သည်။ ယခုအခါတွင် အိန္ဒိယမှ ဧည့်သည်များ အတွက် သီးသန့် ဖွင့်လှစ်ထားကြောင်း သိရသည်။
“ဆိပ်ကမ်းသာ တည်းခိုခန်းမှာ နေရာ ချပေးထားတယ် ဆိုတာက မြန်မာနဲ့ အိန္ဒိယတို့ ချုပ်ဆိုတဲ့ စာချုပ်ပါ သဘောတူညီမှု အရ သူတို့(အိန္ဒိယ တာဝန်ရှိသူများ) အတွက် နေရေး ထိုင်ရေး နဲ့ ရုံးခန်းကို စစ်တွေဆိပ်ကမ်းနဲ့ နီးစပ်တဲ့ နေရာတခုမှာ ပြုလုပ်ပေးရမယ် ဆိုတဲ့ အချက်ကြောင့် အခုလို အာဏာပိုင်တွေက စီစဉ် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
၎င်းအပြင် စာချုပ်ထဲတွင် ပါသည့်အတိုင်း အိန္ဒိယမှ ယူဆောင်လာသော စက်ကရိယာများနှင့် တခြား လိုအပ်သော စက်ကရိယာများ ထားရှိရန် နေရာ မြေ တဧကကိုလည်း စစ်တွေ လေဆိပ်အနီးတွင် သတ်မှတ် ပေးထားပြီး ယခုအခါ သံဆူးကြိုးများဖြင့် ကာရံနေသည်ဟု သိရသည်။ အဆိုပါနေရာတွင် ဂိုဒေါင်များ အဆောက်အဦးများ ဆောက်လုပ်သွားမည်ဟု သူက ပြောသည်။
စစ်တွေဆိပ်ကမ်း စီမံကိန်းကြောင့် စစ်တွေမြို့ရှိ စစ်တွေဆေးရုံးကြီး၊ စာတိုက်၊ ဈေးကြီးနှင့် အိုးတန်းရပ်ကွက်ရှိ နေအိမ်များ၊ ကျေးပင်ကြီးရပ်ကွက်ရှိနေအိမ်များ ပြောင်းရွေ့ရမည် ဆိုသော သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ကျေးပင်ကြီး ရပ်ကွက်သားတဦးက ပြောသည်။
“ဒီအနီးအနားက အိမ်တွေ၊ စာတိုက်၊ ဆေးရုံးကြီးနဲ့ တခြားအဆောက်အအုံးတွေ ပြောင်းရွေ့ ရမယ် ဆိုတော့ စိုးရိမ်နေကြတာပေါ့။ အဓိက လူနေအိမ်တွေ ပြောင်းရွေ့ရမယ်ဆိုတဲ့ သတင်းကြောင့်ပါ။ အစိုးရက တရားဝင် ထုတ်ပြန် ထားတာက မရှိသေးပါဘူး။ အခုကျနော်တို့ကြားတာက စစ်တွေ ဆေးရုံးကြီးကို စစ်တွေမြို့အပြင်ဘက် မှာရှိတဲ့ မင်းဂံ ရပ်ကွက် ဘက်ကို ပြောင်းရွေ့မယ်လို့ သိရ ပါတယ်။”
အမည်မဖေါ်လိုသော သတင်း ရပ်ကွက် တစ်ခုအရ စစ်တွေ ဆိပ်ကမ်း အနီး တည်ရှိသော စစ်တွေဈေးကြီးကို ယခင် စစ်တွေ သချိုင်းဟောင်းရှိရာ အာကျိတ်တောင်ကုန်းသို့ ပြောင်းရွှေ့မည် ဖြစ်ပြီး စာတိုက်ကြီးကို စစ်တွေ မင်းဂံသို့ ပြောင်းရွေ့မည်ဟု သိရသည်။
အဆိုပါ အဆောက်အဦးများနှင့် လူနေရပ်ကွက်များကို အတင်း ပြောင်းရွှေ့ပါက မကျေနပ်မူများနှင့် အတူ ဆူပူများ ဖြစ်မည်ကို စိုးရိမ်သဖြင့် စစ်အစိုးရမှ ပြောင်းရွှေ့ရေးကိစ္စကို ရေငုံနုတ်ပိတ် လုပ်ထားသည် ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
အိန္ဒိယနှင့် မြန်မာစစ် အစိုးရတို့ ချုပ်ဆိုသည့် စာချုပ်တွင် စီမံကိန်းအတွက် လိုအပ်သော မြေနေရာများကို မြန်မာဘက်မှ တာဝန်ယူရမည်ဟု ပါရှိသဖြင့် လူနေအိမ်များ ပြောင်းရွှေ့ ခံရလျှင်လည်း တစ်စုံတရာ လျော်ကြေးရနိုင်ဖွယ် အခြေအနေမရှိဟု သိရသည်။
စစ်တွေ ဆိပ်ကမ်း စီမံကိန်း အပါအ၀င် ကုလားတန် မြစ်ကြောင်း စီမံကိန်းအတွက် အတွက် ၂၀၀၈ ခုနှစ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး စစ်တွေဆိပ်ကမ်း လုပ်ပိုင်ခွင့်ကို အိန္ဒိယနိုင်ငံမှ Essar ကုမ္ပဏီမှ ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် အိန္ဒိယ ရူပီငွေ ကုဋေ ၃၄၂ ကန်ထရိုတ် ပေးထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများဖြင့် ဆက်သွယ်မှု တိုးမြင့်ရေးနှင့် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း ပြည်နယ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် စစ်တွေဆိပ်ကမ်း အပါအဝင် ကုလားတန် ဘက်စုံ စီမံကိန်းအတွက် အိန္ဒိယ ရူပီငွေ ကုဋေ ၁၇၀၀ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် စစ်တွေဆိပ်ကမ်းမှ စက်ပစ်ပြင်အထိ ကုန်တင်သင်္ဘောများ သွားလာနိုင်ရန် ရေကြောင်းလမ်းကို ရှင်းလင်း တည်ဆောက် သွားမည်ဖြစ်ပြီး စက်ပစ်ပြင်မှ တဆင့် အိန္ဒိယနယ်စပ်သို့ မိုင် ၄၀ ရှည်လျားသည့် ကားလမ်းကိုလည်း ဖောက်လုပ်သွားမည်ဖြစ်သည်။
No comments:
Post a Comment