Friday, September 10, 2010

ရင်ထဲက ဆရာ ဆမ်

ဆလိုင်း ဟန်သာစန်း

ဆရာ ဆမ် ကလျာဏီကို ကျနော်တို့ စတွေ့တာက အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာပါ။ ၂ဝဝ၉ ခုနှစ် ဇူလိုင်လထဲမှာ ဖြစ်ပါတယ်။ မဇ္ဈိမက တီဗီသတင်းထောက် သင်တန်း ပေးပါတယ်။ အဲဒီမှာ သူဟာ ကျနော်တို့ရဲ့ ဆရာဖြစ်လာတာပါပဲ။

အသားဖြူဖြူ၊ အရပ်မြင့်မြင့်။ သူ့အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ထည်က လိုက်ဖက်ပြီး ကြည့်လို့ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ စကားပြောရင် အပြုံးလေးနဲ့ ပြောလေ့ရှိသူပါ။ သင်တန်းပေးတဲ့အခါလည်း ငါသိငါတတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ၊ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဝေမျှ (Share) ပေးတဲ့ ပုံစံမျိုးနဲ့ သင်ပေးပါတယ်။

သင်တန်းသားတွေ မေးသမျှကို မညည်းမညူ ဖြေတဲ့အပြင် ကျနော်တို့တွေ လက်တည့်စမ်းပြီး ရိုက်ထားတဲ့ ကင်မရာ ရိုက်ချက်တွေကို စိတ်ရှည်လက်ရှည်နဲ့ အလေးထား ကြည့်ပေးတတ်သူပါ။ ကောင်းတဲ့ ရိုက်ချက်လေးတွေ ရွေးချီးကျူးလေ့ရှိတယ်။ မှတ်ချက်တွေလည်း ပေးပါတယ်။ မှားတဲ့ရိုက်ချက်ဆိုရင်လည်း မှားရကောင်းလားလို့ အပြစ်မတင်ဘဲနဲ့ ဒီအနေအထားဆိုရင် ဘယ်လို ရိုက်ယူသင့်တယ်လို့ အကြံဥာဏ်ပေးပါတယ်။

သင်တန်းကာလ တပတ်လောက်ရှိတော့ သင်တန်းသား ၅ ယောက်စီ အဖွဲ့တွေခွဲပြီး လက်တွေ့ ရိုက်ခိုင်းတယ်။ အဲဒီမှာ ကျနော်တို့အဖွဲ့က တယောက်ဟာ အိမ်ကိုအပြန် လမ်းလျှောက်လာတဲ့ ပုံစံမျိုး ရိုက်ဖြစ်တယ်။ မရိုက်တတ် ရိုက်တတ်နဲ့ စိတ်ကူးထဲရှိတဲ့ ရိုက်ချက်လေးတွေပါပဲ။ တံခါးလက်ကိုင်ဘုလေး လည်ပြီး တံခါးပွင့်သွားတာ၊ လှေကားကနေ အိမ်ပေါ်ကို တက်လာတာကို အပေါ်စီးကနေ ရိုက်ထားတာပါ။

ဆရာ ဆမ်က “ဒီရိုက်ချက်လေးတွေ ကောင်းတယ်။ ဘယ်သူရိုက်တာလဲ။ မဆိုးဘူး။ ကြိုးစားရင် Special Camera Man ဖြစ်လာနိုင်တယ်” လို့ ဆိုလာပါတယ်။ ကျနော်တို့မှာ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ ကောင်းကွက်ကိုရှာပြီး အားပေးတတ်သူ ဆရာကောင်း တယောက်အဖြစ် နားလည်ခဲ့ရပါတယ်။

သင်တန်းကာလ ၁ဝ ရက်ပဲ ဖြစ်ပေမယ့် အဲဒီရက်ပိုင်းထဲမှာ ဆရာနဲ့ ကျနော်တို့ဟာ တကယ့်ကို ဆွေမျိုးရင်းချာလို ချစ်ခင်ခဲ့ရတယ်။ နိုင်ငံခြားသား ဆရာတယောက်ဖြစ်လို့ စကားအပြောအဆို တိုးမပေါက်ပေမယ့် ဆရာ့ရဲ့ မေတ္တာအငွေ့အသက်နဲ့ ပျော့ပြောင်းနူးညံ့တဲ့ ဆက်ဆံရေးဟာ ရင်ထဲကို စူးနစ်ခဲ့မှန်း ကျနော်တို့ ခံစားခဲ့ရတယ်။ အထစ်အငေါ့မရှိ နွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးကို သတ္တုချကြည့်မိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာကျောင်းသားတွေကို အကြင်နာတွေ ရက်ရက်ရောရာ ပေးကမ်းခဲ့တဲ့ ဆရာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် စခန်းတွေဆီ တောကိုနင်း၊ တောင်ကိုကျော်ပြီး သေနတ်သံတွေကြား တိုးလို့ဝင်ရောက်ခဲ့သူပါ။

ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေတဲ့ မိခင်တိုင်းပြည်ကြီး ပြန်လည်အားအင်ပြည့်ဖြိုး စည်ပင်ဝပြောစေဖို့ အနေအထိုင် ဆင်းဆင်းရဲရဲနဲ့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ ခံစားချက်တွေ၊ ဘဝပေး သီအိုရီတွေနဲ့ ဘဝကြမ်းကြမ်း ဖြတ်သန်းနေတာတွေကို တွေ့ဆုံမေးမြန်းရင်း ဗီဒီယိုရိုက်ကူးနေတဲ့ ဆရာပါ။ တန်ဖိုးရှိတဲ့ မှတ်တမ်းမှတ်ရာတွေ၊ မြန်မာကျောင်းသားလူငယ်တွေရဲ့ မှတ်ကျောက်တွေကို ဖော်ထုတ်တင်ပြပေးခဲ့တဲ့ ဆရာပါ။

ဆရာဟာ အေးဆေးပုံရပေမယ့် ဇဝနဥာဏ်နဲ့ တခါတလေ အရွှန်းဖောက်တတ်သူပါ။ အိန္ဒိယ တီဗီလိုင်းတွေ ကြည့်တဲ့အခါ အမြဲတမ်း သီချင်းတွေဆို၊ အကတွေ ကနေတတ်လို့ “Every singing and every dancing” လို့ ဆရာ ပြောခဲ့ဖူးတာ အမှတ်ရမိပါတယ်။ အပြစ်တင်လိုတာ မဟုတ်ဘဲ စိတ်လက်ကြည်သာ ပျော်ရွှင်စရာအဖြစ် ဟာသနှောခဲ့တာပါ။

သင်တန်းပေးပြီး အားလပ်ချိန်လေးမှာတောင် နောက်ထပ်လုပ်ရမယ့် Documentary အတွက် စာဖတ်၊ စာမှတ် ရှိနေခဲ့သူပါ။ သင်တန်းတွေ ပြီးသွားတဲ့အခါ သူက ထိုင်းကိုပြန်၊ ကျနော်က နယူးဒေလီဘက် ပြန်လှည့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ စိတ်အာရုံနဲ့ ရင်ဘတ်တွေထဲမှာ ဆရာဆမ်ဟာ ဝင်ရောက်စွဲကပ်သွားခဲ့ပြီလို့ သိလိုက်ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၊ နယူးဒေလီမှာ တီဗီသင်တန်းတခု လုပ်တော့ ဆရာနဲ့ ပြန်ဆုံကြပါတယ်။ ဝမ်းသာအားရ နှုတ်ဆက်ကြပါတယ်။ ကျနော်တို့ရဲ့ ဆရာသာမက ဆွေမျိုးရင်းခြာ တယောက်အဖြစ်နဲ့ပါ။ အလုပ်တွေ အဆင်ပြေသလား၊ နေကောင်းသလားဆိုတဲ့ မေးခွန်းတွေနဲ့ ဖက်လဲတကင်း မေးပါတော့တယ်။ အိမ်ကနေ ခေတ္တခွဲခွာသွားတဲ့ မိသားစုဝင်တယောက်နဲ့ မခြားပါပဲ။

ဒီအထဲကမှ “အိမ်ထောင်ပြုမယ်ဆိုရင် သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ နောက်မှ နောင်တရတာ မကောင်းဘူး” လို့ ဆိုသံကိုလည်း သတိပြုမိခဲ့ပါတယ်။ ဆရာ့ကို နောက်ဆုံး တွေ့ဆုံခြင်းအဖြစ် ဘယ်သူများ ထင်မှတ်ခဲ့မှာလဲ။

ပြီးခဲ့တဲ့ သောကြာနေ့မှာ “ဆရာ ဆမ် အဆုတ်ကင်ဆာနဲ့ ဆေးရုံတက်နေတယ်။ အခြေအနေ မကောင်းဘူး” ဆိုတဲ့ သတင်းစကားတွေ ဝင်လာပါပြီ။ အံ့သြစိတ်၊ စိုးရိမ်စိတ်တွေနဲ့ပဲ ကျနော်တို့ရဲ့ စိတ်တွေဟာ ထုံကျင်လေးလံခဲ့ရတယ်။ ဆရာ့မှာ ဒီရောဂါ ရှိမှန်းလည်း မသိခဲ့ကြ။ ဆရာ အမြန်ဆုံး ကျန်းမာလာပါစေလို့ပဲ ဆုတောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ညနေပိုင်းအရောက်မှာတော့ ဆရာဟာ နေမင်းနဲ့အတူ ဝေးလံတဲ့ အရပ်ဆီ လိုက်ပါသွားခဲ့ပါပြီ။ ကျနော်တို့တွေ နှမြေတသသနဲ့ ကျန်ရစ်ခဲ့ကြရတာပါ။ ဓာတ်ပုံတွေ ပြန်ကြည့်ပြီး စုတ်တသတ်သတ် ဖြစ်ရင်းနဲ့ပါပဲ။

ဆရာဆမ် ဆုံးပါးသွားပေမယ့် ဆရာရဲ့ နှလုံးသား၊ သဘောထားနဲ့ စိတ်ထားတွေက ကျနော်တို့ ရင်ထဲ ကိုင်လှုပ်ရိုက်ခတ် သွားခဲ့ပါပြီ။ တိုင်းတပါးသား မြန်မာပြည်သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ ဖေးမကူညီခဲ့သူမို့ ဆရာဟာ ကောင်းမြတ်တဲ့ ဘုံမှာပဲ ရှိနေပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရင်ဘတ်ထဲကနေလည်း ဆရာ ထွက်ခွာမသွားနိုင်ပါဘူး။ ကျနော်တို့ ယုံကြည်ပါတယ်။ သံသရာတကွေ့အထိ စောင့်နေစရာ မလိုဘဲ၊ ကျနော်တို့တွေရဲ့ နှလုံးသားထဲမှာ ရှိနေတော့မှာပါ … ဆရာ။

No comments: