ဆူးငှက်
နိုင်ငံရေး ပွင့်လင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ်များရဲ့ စာမျက်နှာတွေလည်း ပြောင်းလဲသွားတာ တွေ့ရတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီး သမိုင်းဝင် ဓာတ်ပုံတွေနဲ့ အတူ ဆောင်းပါးဟောင်းတွေကိုလည်း ပြန်လည်တူးဆွလာကြတယ်။ လူဆိုတာ နိုင်ငံရေးနဲ့ကင်းတဲ့ သတ္တဝါမှ မဟုတ်တာ။ အခြေအနေအရ နှစ်ပေါင်း ၅ဝနီးပါး ပြောရ၊ ရေးရမယ့် နိုင်ငံရေးလမ်းကြောင်း တမျိုးတည်းကိုပဲ အီလည်လည်ကြီး ပြောဆိုရေးသားခဲ့ကြရာက အခုတော့ ကိုယ်ယုံကြည်ရာတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားကြဖို့လည်း အားယူလာတဲ့ သဘောပါပဲ။
တကယ်တော့ စာပေအနုပညာဆိုတာ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ခဲ့တယ်။ မြန်မာပြည် စာပေအနုပညာက အမျိုးသားလွတ်လပ်ရေးနဲ့ တွဲဖက်ပြီး မြှင့်တင်ခဲ့တာဖြစ်လို့ပါပဲ။ လွတ်လပ်ရေး အကြိုကာလ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးတွေက အဓိကပြယုဂ်တွေဖြစ်ခဲ့တယ်။ အရင်ကတော့ မြန်မာစာပေဆိုရင်
''ခိုးမှောင်ရီမင်လွင့်၊ နန်းငွေ့ပွင့်တာရိန်၊
သာဓု-ခု-ခါချိန်ဝယ်၊ ညှာတသိန်မြဖျား။
ဇမ္ဗူမှဲ့ရွှေရည်ငယ်၊ ရောင်ကြည်ကြည်ထွန်းပါရော့လား'' ဆိုတာမျိုးတွေပါပဲ။
ဒါမှမဟုတ်
''ဟေမန် နွေလှန်လို့ တုံ့ပြန်တော့၊ ဆွေသဟံ
ဝေယန်အုံ့ဆီက၊ လေပြန်လှုံ့ဆော်ခဲ့ပြီ'' ဆိုတဲ့ အဖွဲ့အနွဲ့မျိုးတွေနဲ့ပါ။
မြန်မာစာပေရဲ့ အဆီအနှစ်တွေပါပဲ။ သို့ပေမယ့် စာပေဆိုတာ လူတွေဆီက သန္ဓေတည် မြစ်ဖျားခံတာမဟုတ်လား။ လူတွေခံစားတွေ့ကြုံကြတာတွေဟာ စာပေမှာ အရိပ်ထင် ရောင်ပြန်ဟပ်တာပါပဲ။ တိုင်းပြည်က သူ့ကျွန်အောက် ရောက်နေချိန် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် တိုင်းပြည် လွတ်လပ်ဖို့ကိစ္စ ဆန္ဒပြင်းပြ အံကြိတ် လက်သီးဆုပ်နေကြတော့ ဒီခံစားမှုတွေက စာပေမှာ မဖြစ်မနေ ထင်ဟပ်တာပါပဲ။ ဥပမာ-ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုပါစို့၊ ဆရာကြီးဟာ ပထမဆုံး ပဒေသရာဇ်နဲ့ ပဒေသရာဇ် တပိုင်းခေတ်ကို ဖြတ်သန်းခဲ့ရတယ်။ ဒုတိယအနေနဲ့ နယ်ချဲ့စနစ်နဲ့ အရင်းရှင်ခေတ်၊ တတိယအနေနဲ့ လွတ်လပ်ရေးတိုက်ပွဲခေတ်တွေကို ဖြတ်သန်းခဲ့ရတယ်။ ဒီဖြတ်သန်းတဲ့ခေတ်တိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်ကိုပဲ မမှိတ်မသုန် ဦးတည်ထားရှိပြီး စာပေတွေရေးဖွဲ့ခဲ့တယ်။ အထူးသဖြင့် အဲဒီခေတ်၊ အဲဒီကာလက မြန်မာလူမျိုးအများစုတွေ နားရည်ဝပြီး ရင်းနှီးနေတဲ့လေးချိုးကြီးပုံစံမှာ ဒီအတွေးအခေါ် ဒီစိတ်ဓာတ်တွေ အခြေခံပြီးရေးဖွဲ့တော့ လူထုအထဲ လွယ်လွယ်ကူကူ ကျယ်ပြန့်သွားတာပါပဲ။ ဒါဟာ ဆရာကြီးရဲ့ ရိုးသားမှုနဲ့ ပြည်သူလူထုအပေါ် ကရုဏာမေတ္တာကို တကယ် စစ်စစ်မှန်မှန်ထားရှိနိုင်မှုတို့ကြောင့် ဖြစ်ပါတယ်။
''မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နဲ့
(သြော်...) မန်းအပျက်တွင်ဖြင့်၊ ကြငှာန်းမက်လိုက်ရပုံက၊
ပခန်းထွက်တဲ့ပြီး၊ အကြမ်းပတမ်းဖက်ကရော့မဟဲ့လို့၊
ငမ်းငမ်းတက်သရေယိုအောင်၊
နန်းဆက်အမွေကိုလည်း မှန်းမိတဲ့ပြင်'' ဆိုတဲ့ အရေးအသားမျိုးတွေ
''ရွှေဒေါင်းတောင် ကလောင်တစ်မျိုးရယ်နှင့်
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့'' အစရှိတဲ့ စာသားတွေဟာ စာပေလက်နက်နဲ့ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်မှုရဲ့ ထိရောက်တဲ့ပြယုဂ်တွေ ဖြစ်ခဲ့ပါတယ်။
တိုင်းပြည်လွတ်လပ်ရေး ရယူပြီးနောက် လုပ်ဖော်ကိုင်ဖက် လူတော်လေးတွေ အချင်းချင်း သဘောထားမမျှဖြစ်ပြီး ကွဲကြ၊ ပြဲကြ၊ ဆော်ကြ၊ နှက်ကြရုံမက လက်နက်ဆွဲကိုင်ပြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်ကြပုံတွေမြင်ရတော့ စိတ်လက်မချမ်းမသာဖြစ်ပြီး 'လွတ်လပ်ရေး' ပြီးတာနဲ့ အနားမယူနိုင်သေးဘဲ အိုကြီးအိုမရောက်ပါမှ 'ငြိမ်းချမ်းရေး' အတွက်၊'ဒီမိုကရေစီရေး' အတွက် မြန်မာပြည်တနံတလျား စုန်ဆန်ပြေးလွှားလှုပ်ရှားရပြန်သေးတယ်။
''မက်လည်း မက်စရာ လူတကာဖမ်းနေကြ၊
လက်ဝဲလက်ယာ အဖြူအဝါ နှစ်လမ်းဟာကြောင့်၊
ရှက်ပဲရှက်ပကွာ လူမှာဖြင့် နွမ်းလှပေါ့'' လို့တောင် ညည်းညူခဲ့တာပါ။
ဒါပေမယ့် အားမပျက်ခဲ့ပါဘူး။ အားပျက်လို့လည်း မရဘူး။ အနားယူ ဇိမ်ခံ၊ ခံစားလို့လည်း မရသေးပါဘူး။ လွတ်လပ်ပြီး တိုင်းပြည်မှာ ထူထောင်ရေးတွေ ဘာမှမလုပ်နိုင်သေးဘူး။ အချင်းချင်းတိုက်ကြ ခိုက်ကြလို့ လောင်တဲ့၊ ရှို့တဲ့မီးတွေ ငြှိမ်းသတ်ရတာနဲ့တင် အချိန်ကုန်နေတာကိုး။ မြန်မာစာပေမှာ အဲဒီဂယက်၊ အဲဒီပုံရိပ်တွေနဲ့ တင်းကျမ်းပါပဲ။ ရှောင်လို့ လွှဲလို့လည်း မရနိုင်ဘူးပေါ့။ တက္ကသိုလ်မှာ ခေတ်ပညာသင်ပြီး တိုင်းပြည်ထူထောင်ရေးအတွက် ကမ္ဘာနဲ့အညီ ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးတဲ့ လူငယ်တွေလည်း ကျောင်းစာအုပ်ဘေးချပြီး ဗုဒ္ဓံသရဏံ ပန်းပွင့်ရောင်စုံတွေနဲ့ 'သမဂ္ဂ' အဝန်းအဝိုင်းမှာ ခေါင်းချင်းဆိုင်ပြီး တိုင်းရေးပြည်ရာတွေကို ဆွေးနွေးပြောဆိုကြရ၊ ရေးသားထုတ်ဝေ လှုံ့ဆော်ကြရတဲ့အလုပ်တွေကို အန္တရာယ်အသွယ်သွယ်ကြားမှာ နေ့မအိပ်၊ ညမနား လုပ်ကိုင်ကြရတာပါပဲ။ မြန်မာပြည်သူလူထုအများစုကြီး ဒုက္ခပင်လယ်ဝေနေချိန်မို့ ဒီဒုက္ခကြီးက ကယ်တင်မယ့်စာပေတွေ ပြုစုရေးသားကြတာ မဆန်းပါဘူး။
ဒီမှာတင် တက္ကသိုလ် ပညာတတ်အသိုင်းအဝိုင်းကြားမှာ ကြေးရတတ်လူနည်းစုရဲ့ စိတ်ကူးယဉ်ဆန်တဲ့ လူသားဝါဒတွေလည်း ပေါ်လာတာပါပဲ။ ပြာပုံထဲက တိုင်းပြည်ထူထောင်ကြရတဲ့ ကာလမှာ 'အနုပညာသည် ပြည်သူအတွက်' ဆိုတဲ့ အယူအဆ လှိုင်းလုံးကြီးတွေနဲ့အတူ 'အနုပညာသည် အနုပညာအတွက်' ဆိုတဲ့ ခေတ်ပြိုင်အယူအဆတွေ ပေါ်ပေါက်တဲ့ကာလတွေပါ။ ဒါပေမယ့် အဲဒီကာလတွေမှာ 'ပြည်သူ့အတွက်' ဆိုတဲ့ ရည်ရွယ်ချက်ထုထည်ကြီးအပေါ် အခြားအယူအဆတွေ မလွှမ်းမိုးနိုင်ခဲ့ပါဘူး။
'မန္တလေးဂိုဏ်း'ရဲ့ ဓမ္မဗိမာန်အလုပ်စခန်းတွေဟာ 'အနုပညာသည်ပြည်သူ့အတွက် 'ဆိုတဲ့ အယူအဆအပေါ် မြဲမြံခိုင်မာစွာ ဆုပ်ကိုင်ထားတယ်။ 'လွတ်လပ်ရေး' ဦးတည်ချက်အပြီး ဆက်လက်ဆောင်ရွက်ရဦးမယ့် 'ငြိမ်းချမ်းရေး'၊ ဒီမိုကရေစီရေး' အလံတွေကို ဆက်လက်ကိုင်ဆွဲခဲ့တယ်။ အဲဒီအချိန်က သက်ဆိုင်ရာ အာဏာရပါတီအဖွဲ့အစည်းကို အဓိကအင်အားကြီးကြီးမားမားနဲ့ လက်နက်ကိုင်ရင်ဆိုင်နေတာက ဗမာပြည်ကွန်မြူနစ်ပါတီဖြစ်တယ်။ ဒီလက်နက်ကိုင်တိုက်ပွဲကြီးတွေကို ရပ်ဆိုင်းပြီး သဘောထားချင်းညှိယူ ဆွေးနွေး၊ ငြိမ်းချမ်းစွာလက်တွဲပြီး တိုင်းကျိုးပြည်ပြုလုပ်ဆောင်စေလိုတဲ့ 'ငြိမ်းချမ်းရေး' လှုပ်ရှားမှုတွေကို အဲဒီအချိန်က အစိုးရအပါအဝင်အချို့သော ပါတီအဖွဲ့အစည်းတွေက နားလည်မှုလွဲခဲ့တယ်။ မြေအောက်ပါတီရဲ့ မြေပေါ် (Pro) အဖွဲ့တွေလို့ မြင်ကြတယ်။ တည့်တည့်ပြောရရင် 'ငြိမ်းချမ်းရေး'လှုပ်ရှားမှု လုပ်ဆောင်သူ တဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ (ဘီ.စီ.ပီ)တွေလို့ပဲ စွပ်စွဲခဲ့ကြတယ်။ အဲဒီကာလ အာဏာရအစိုးရသာမက ဆရာကြီးရဲ့ အားကိုးရဆုံး ထက်ထက်မြက်မြက် တပည့်နှစ်ဦးဖြစ်တဲ့ (စိုးနဲ့သန်း) သခင်စိုးနဲ့ သခင်သန်းထွန်းတို့ရဲ့ အကွဲအပြဲကြောင့် သခင်သန်းထွန်းရဲ့ ဘီစီပီနဲ့ သခင်စိုးရဲ့အလံနီ (RF) တို့ကလည်း ရန်သူတော်ကြီးတွေ ဖြစ်ခဲ့တယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးလမ်းကြောင်းနဲ့ ဖဝါးခြေရာထပ်လိုက်ခဲ့တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ဘီစီပီတွေလို့စွပ်စွဲတာတွေ ရှိခဲ့တယ်။ အာဏာရအစိုးရမဟုတ်ဘဲ စာရေးဆရာအချင်းချင်းမှာလည်း ဒီလိုစွပ်စွဲပြီး ခပ်ကင်းကင်းနေတာ ဆန့်ကျင်ဘက်လုပ်တာတွေ ရှိခဲ့တယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှ မဟုတ်ပါဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ငြိမ်းချမ်းရေးအဖွဲ့ တရုတ်ပြည်သွားတော့ အိုးဝေသတင်းစာက 'တရုတ်နီ၏ဧည့်သည်တော် မြန်မာနီများ ဘကြီးကိုယ်တော်မှိုင်းပင် လူနီစာရင်းဝင်နေပြီ' ဆိုတဲ့ ခေါင်းစီးနဲ့ ရေးသားခဲ့သေးတာပဲ။ အဲဒီအချိန်က ဖွဲ့စည်းတည်ရှိနေတဲ့ 'စာရေးဆရာအသင်း'မှာ ဆရာဒဂုန်တာရာ ဥက္ကဋ္ဌအဖြစ်ရွေးခံရတော့ 'ကလောင်နီဥက္ကဋ္ဌ'ဆိုတဲ့ အသုံးအနှုန်းနဲ့ ထောပနာပြုခဲ့တာပါ။ ဆိုလိုတာက အဲဒီ 'အနီ'ဆိုတဲ့ ဝေါဟာရနဲ့ သမုတ်ခံ၊ ကမ္ပည်းတင်ခံရရင် နိုင်ငံရေးဖိနှိပ်မှုကြီးအတွက် ရာဇဝတ်ကောင်လို့ သတ်မှတ်ခံရခြင်း ဖြစ်တယ်။
စာရေးဆရာအချင်းချင်း 'အနီ'လို့၊ 'ဘီစီပီ'လို့ သတ်မှတ်ရာမှာ အာဏာရပါတီကသာမက အလံနီလို့ခေါ်တဲ့ (RF)တွေက အဓိကနေရာကပါခဲ့တယ်။ ရန်ကုန်က စာရေးဆရာအသင်း၊ စာရေးဆရာသမဂ္ဂ၊ ကဗျာသမဂ္ဂစတဲ့ အသင်းအဖွဲ့အစည်းများ၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းစတဲ့နေရာတွေရဲ့ ပဋိပက္ခတွေမှာ ဘီစီပီနဲ့ အာရ်အက်ဖ်တို့ရဲ့ ပဋိပက္ခအခြေခံတွေရဲ့ အမွေတွေဖြစ်ခဲ့တယ်။ ကမ္ဘာအေး စာပေညီလာခံကြီးမှသည် မန္တလေး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ဘိုးဝဇီရခန်းမအထိ ဒီဂယက်တွေ အရှိန်မသေခဲ့ပါဘူး။
အခု နိုင်ငံရေးဆိုင်ရာ ပြောဆိုရေးသားမှုများ အနည်းငယ်လမ်းပွင့်နေချိန်မှာ အတိတ်က အသံအချို့လည်း မသိမသာ ပြန်လည်ကြားနေရပါသေးရဲ့။ စာရေးဆရာတွေမှာ ဘယ်သူက ဘီစီပီ၊ ဘယ်သူက အာရ်ဖက်ဖ်ဆိုတာတွေလေ။ ဒီကနေ့ ဒီအချိန်အခါ ဒါတွေတော်ကြပါတော့။
No comments:
Post a Comment