Tuesday, September 14, 2010

ပြည်သူများကို အတင်း အဓမ္မ ညကင်းစောင့်ခိုင်း

တာကလူး

အာဏာပိုင်များက မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ဒေသတလျှောက်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒေသလုံခြုံရေး အတွက် အရပ်သား ပြည်သူများကို အတင်းအကျပ် ညကင်း စောင့်ရန် အမိန့် ထုတ်ထားကြောင်း သတင်း ရရှိသည်။
ကျေးရွာသား တစ်ဦးက “ ဓါးပြတွေ သောင်းကျန်းနေတော့ ရွာတိုင်း ရွာတိုင်းကို ကင်းစောင့်ရမယ်ဆိုပီး အမိန့်ထုတ်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ နယ်တွေမှာ ညဥ့်ဆိုရင် ရွာတိုင်းမှာ ကင်းရှိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဒေသ အာဏာပိုင်များမှ ကျေးရွာသားများကို မဖြစ်မနေ ကင်းစောင့်ရမည်ဟု အမိန့် ထုတ်ထားခြင်းမှာ နေပြည်တော်မှ ဒေသ အတွင်းရှိ အာဏာပိုင်များကို ဖိအားပေးလာသည့် အတွက် ဖြစ်သည်ဟု ခယက ၀န်ထမ်းတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဓါးပြတွေကို နှိမ်နှင်းဖို့ ပျက်ကွက်တယ် ဆိုပြီး နေပြည်တော်ကနေ ဒေသခံ ခယက၊ မယက၊ စစ်တပ်၊ နစက နဲ့ ရဲတွေကို ဒီဒေသမှာ ဓါးပြတိုက်မှုတွေ ဆက်ဖြစ်ရင် ဓါးပြတွေကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ မိအောင် ဖမ်းရမယ်ဆိုပြီး လွန်ခဲ့တဲ့ သြဂတ်စ် လလယ်ပိုင်းကနေ အမိန့်ထုတ်ပြန်ထားပါတယ်။ ဓါးပြတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေက တချိန်လုံး ထိုင်စောင့်မယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရပ်ကွက် ကျေးရွာ အလိုက် မိမိတို့ ရပ်ရွာ လုံခြုံရေးအတွက် ညနေချိန်မှာ ကင်းစောင့်ကြဖို့ ညွှန်ကြား ထားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော်မှ ညွန်ကြားသော စာတွင် မြို့ပေါ်တွင် ဓါးပြတိုက်မှု ဆက်ဖြစ်ခဲ့ပါက ခယက၊ မယကနှင့် ရဲများတွင် တာဝန်ရှိကြောင်းနှင့် နစက နယ်မြေများနှင့် စစ်တပ် တပ်ရင်း အနီးအနားရှိ ရွာများတွင် ဖြစ်ပွားပါက နစက နှင့် စစ်တပ်တွင် တာဝန်ရှိကြောင်း ဖေါ်ပြထားသည်ဟု သူက ပြောကြားသည်။

မြန်မာစစ်အစိုးရမှ အနောက်ဘက် ရခိုင် နယ်စပ်တွင် ဒေသ လုံခြုံရေး အကြောင်းပြကာ စစ်တပ် တပ်ရင်း (၁၄)ခု၊ နစက နယ်မြေ (၉)ခု၊ ရဲတပ်ရင်း (၂)ခု နှင့် ရဲစခန်း (၉)ခု တို့ကို အခြေစိုက် ထားသည်။

သို့သော်လည်း အင်အား ၂၀ မှ ၃၀ အကြားရှိ ဓါးပြများသည် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များကို ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်ဖြတ်ကျော်ကာ နေ့စဉ် ရက်ဆက် ဆိုသလို ၀င်ရောက် ဓါးပြတိုက်နေကြသည်။

“ အခုတိုက်နေတဲ့ ဓါးပြ အဖွဲ့က နှစ်ဖွဲ့ရှိတယ်လို့ သိရပါတယ်။ အင်အားက ၂၀ မှ ၃၀ အထိ ရှိပါ တယ်။ ဓါးပြတွေ ကြီးလာတော့ သူပုန်တွေ ဖြစ်လာပြီး နစက စခန်းနားက ရွာတွေကိုတောင် ၀င်တိုက် တာပါဘဲ။ ဒါကြောင့် ကျေးရွာ အလိုက် ရွာသား ၁၀ ဦး ကျစီ အဖွဲ့ ၂ ခု ကနေ ၃ ခုထိ ဖွဲ့ပြီး ရွာငယ် အကြီးလိုက် ညစဉ်ညတိုင်း ရွာကို လှည့်ပြီး အလှည့်ကျ ကင်းစောင့်နေကြရပါတယ်” ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ကင်းစောင့်ရန် ပျက်ကွက်သူများကို ဒဏ်ငွေ ၃၀၀၀ အပါအ၀င် အရေးယူမည်ဟု ခယကမှ အမိန့် ထုတ်ထားခြင်းကြောင့် ဒေသခံ အရပ်သား ပြည်သူများမှာ မအားလပ်သည့် ကြားမှ ညစဉ် ညတိုင်း ကင်းစောင့် နေကြရကြောင်း သိရှိရသည်။

No comments: