Saturday, December 11, 2010

ဝမ်းရေး၏ ခွင့်ပြုချက်

နှောင်းလှိုင်

အာရုံဦး လင်းကြက်တွန်သံ ကြာရပြီဆိုရင် ကရင်နီကျေးလက်တောရွာ ဒေသခံများသည် တနေ့နှင့် တနှစ်တာ ဝမ်းစာရေးအတွက် တောင်ယာသွားရန် ပြင်ဆင်နေကြပါသည်။ တောင်ယာကို နွားလှည်းများဖြင့်သွားရာ တအီးအီး မြည်နေသည့် နွားလှည်းအသံများက ရွာ၏သာယာမှုကို ဖော်ကျူးနေသယောင်ပင်။ သို့သော်လည်း မြန်မာစစ်အစိုးရတပ်များ၏ ထိန်းချုပ်မှုအောက်တွင် ဒေသခံပြည်သူများ သွားလာလှုပ်ရှားနေရသည်နှင့် ပတ်သက်၍ ကန္တာရဝတီတိုင်း(မ်) သတင်းထောက် နှောင်းလှိုင်က ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာနမှ ပြည်ထဲရေး ဒု-တာဝန်ခံ ဗားမားနိုင်အား ဆက်သွယ်မေးမြန်ပြီး စုစည်းတင်ပြထားပါသည်။

မေး။ ကရင်နီပြည်မှာ အခုတလော ကျေးလက်တောရွာဒေသတွေမှာ တောင်ယာသွားခွင့် ပိတ်ဆို့မှုတော်တော်များများ လုပ်နေတယ်လို့ ကြားရတယ် ဘယ်ဒေသတွေ ဘက်မှာလဲရှင့်။

ဖြေ။ အခု ကရင်နီဒေသတော်တော်များများပဲ ဥပမာ- ဒီးမော့ဆို ဒေါတမကြီးဂွင်ရယ် နောက် ပွန်ချောင်း ပါလောင်းဂွင်ရယ် နောက် ရှားတောဂွင်ရယ်။ သူတို့တောင်ယာသွားပြီဆို သွားခွင့်လက်မှတ်နဲ့ သူတို့ သွားရတယ်လေ။ အဲဒါ ခုတလောမှာ သူတို့ ပိတ်ထားတယ်။ သွားရင် သွားအိပ်လို့မရဘူး ။ ပြန်လာရမယ်။ အဲမျိုးပေါ့။


မေး။ အခုလို တောင်ယာသွားခွင့် ပိတ်ဆို့မှုတွေ ပြုလုပ်နေတာကြာပြီလား။

ဖြေ။ ဒေါတမဆိုရင် ပြီးခဲ့တဲ့ တပတ်မှာပဲကြားတယ်။ တောင်ယာသွားခွင့်ပိတ်တယ်။ ဘာဖြစ်လဲဆို တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ အခုသူ တပ်စခန်းတွေ ဘာတွေ ပြင်တယ်လေ။ တိုက်ပွဲက အောက်တိုဘာ ၁၆ ရက်မှာ ထင်တယ်။ အဲဒီမှာ တိုက်ပွဲဖြစ်ပြီးတော့ နောက်ပိုင်း ရွေးကောက်ပွဲအတွက် သူပိတ်တာပေါ့။ ဒါပေမယ့် အခုက ပြီးခဲ့တဲ့ပတ်က ထပ်ကြားတာက လုံးဝ သွားအိပ်လို့ မရဘူး။

မေး။ အခုနောက်ပိုင်း တောင်ယာသွားခွင့် ပိုတင်းကျပ်ထားလာတာ ဘာကြောင့်လဲ။

ဖြေ။ ကျနော်ထင်တယ် သူတို့ တပ်စခန်းတွေ သူတို့ ပြင်ဆင်တယ်ဆိုတော့ ဥပမာ- ကရင်နီတပ်တွေရဲ့ လှုပ်ရှားမှုက အဲဒီအပေါ်မှာ မူတည်တယ်လို့ ကျနော်ထင်တယ်။ နှစ်စဉ်နှစ်တိုင်း ဒီအချိန်ရောက်ပြီ ဆိုရင် ကရင်နီ တပ်တွေက ဝင်ဝင်လာတယ်လေ။ ဝင်လာတဲ့ခါကျတော့ သူတို့က ကရင်နီတွေ လာနိုင်တယ်။ လာရင် အဲဒီတောထဲမှာ ရှိတဲ့ တဲတွေမှာ ရိက္ခာ ရယူတယ်။ အဲမျိုးတွေပေါ့ ။ သူတို့ အဲမျိုး ယူဆပြီးတော့မှ ပိတ်တယ်လို့ ကျနော်ထင်တယ်လေ။

မေး။ ဒေသခံတွေအနေနဲ့ ရွာကနေ တောင်ယာကိုရောက်ဖို့ ဘယ်လောက်ကြာသွားရတာလဲ။

ဖြေ။ ဥပမာ တချို့က ဒေါတမကြီး ဆိုရင် သူ့တောင်ယာခင်းက ပွန်ချောင်းနားမှာ ရှိတာပေါ့နော်။ ပွန်ချောင်းနားမှာ ရှိတဲ့ခါကျတော့ သူသွားရင် နေ့တပိုင်းလောက်ကုန်ပြီ။ သူပြန်လာရင်လည်း နေ့တပိုင်းနောက်ကုန်ပြီလေ။ အဲမျိုး နေရာမျိုးကို သွားအိပ်လို့မရဘူးဆိုတော့ လူထုက သွားတာနဲ့ ပြန်တာနဲ့ တရက်ကုန်ပြီလေ။

မေး။ သူတို့ အဲလိုမျိုး တောင်ယာသွားဖို့ ပိတ်ထားတော့ ရွာသူ၊ သားတွေ ဘယ်လို အခက်အခဲနဲ့ ရင်ဆိုင်ကြရလဲ။

ဖြေ။ အင်းပေါ့။ တချို့က ကြားနေရတာက ပိတ်ပင်တားမြစ်တဲ့အတွက် တချို့က တောင်ယာခင်းဝေးတဲ့လူတွေကတော့ ထိခိုက်တာပေါ့။ ထိခိုက်တယ်ဆိုတာက ခုနက ညအိပ်မရဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်တဲ့ခါကျတော့ သူ့အလုပ်ကို ပစ်ထားရတော့မဲ့ အခြေအနေမျိုး ရှိတာပေါ့။ တောင်ယာနီးတဲ့လူတော့ အဲဒီ ရွာဘေးမှာ ရှိတဲ့လူအတွက်တော့ ကိစ္စ မရှိဘူးပေါ့။ ဒါပေမဲ့ ကျေးရွာဘေးမှာ လယ်မြေကွက်မရှိတဲ့လူက ဟိုအဝေးကြီးမှာ တောင်ယာသွားခုတ်ရတယ်။ နေ့တပိုင်းသွားရတဲ့ နေရာမျိုးမှာ သွားလုပ်ကိုင် စားသောက်ရတာမျိုး ရှိတယ်လေ။

မေး။ အခုလို တောင်ယာမှာ ညအိပ်မသွားရဆိုတာက ဒေါတမကြီး ရွာတရွာပဲလား။ တခြားရွာတွေမှာကော ဒီလိုမျိုး ပိတ်ပင်တားမြစ်တာ ရှိလား။

ဖြေ။ အဲဒီမှာ ဒေါတမကြီး ရှိတယ်။ ဒေါသော်ကလဲ ဆိုတာ ရှိတယ်။ နောက်ပြီးတော့မှ ဒေါညေခူ၊ နောက်ပြီးတော့ ဒေါကော့၊ ဒေါတချ၊ ဒေါပျလော်ကလဲ နဲ့ ဒေါဖျ ဆိုတာ ရှိတယ်လေ။ ဒီဒေါတမအုပ်စုက ၇ ရွာလောက် ရှိတာပေါ့။

မေး။ အဲဒီကျေးရွာအုပ်စု တခုပဲဖြစ်နေတာလား။ တခြား မြို့နယ်နေရာဒေသတွေမှာကော မရှိဘူးလား။

ဖြေ။ အင်း။ အဲဒီ ဒေါတမအုပ်စုရယ် နောက် အခုပွန်ချောင်းမှာလည်း အဲလိုဖြစ်တယ်လေ။ ပွန်ချောင်း တိုက်ပွဲဖြစ်ပြီးတော့ အဲဒီ ပွန်ချောင်းနဲ့ ပါလောင်းကြားမှာရှိတဲ့ တောင်ယာခင်းတွေ ညအိပ်သွားလို့မရဘူး ။ နောက်ပွန်ချောင်း အရှေ့ဖက် ပွန်ချောင်း တဝိုက်မှာ ရှိတဲ့ နေရာတွေ ညအိပ်သွားလို့မရဘူးပေါ့ကွာ။ သွားရင်လည်း အကန့်အသတ်နဲ့ သူသွားခိုင်းတာပေါ့။ နောက်တခုရှိသေးတယ် နွားလဝိုးစုစည်းရွာက သူ့ရွာက လွိုင်ကော်မြောက်ဖက်မှာ ရှိတယ်လေ။ လွိုင်ကော်မြောက်ဖက်နားမှာ ရှိတဲ့ခါကျတော့ သူတို့က သူ့တို့ရွာဟောင်းဖက်ကို ပြန်လာ လုပ်ကိုင်စားသောက်ရတယ်လေ။ လောပိတ အရှေ့ဖက်မှာပေါ့။ အဲဒီမှာလည်း တောင်ယာသွားခွင့် လက်မှတ်တွေနဲ့သွားရတယ်လေ။

မေး။ တောင်ယာသွားခွင့် လက်မှတ်ယူတဲ့အချိန်မှာ ပိုက်ဆံဘယ်လောက်ပေးရလဲး။

ဖြေ။ လက်မှတ်က ပိုက်ဆံပေးရပါတယ်။ အဲဒီ နွားလဝိုးဂွင်ဖက်က လက်မှတ် တခါကို ၂ဝဝဝ ကျပ်ပေးရတယ်လို့ ပြောတယ်။ သူ့ဟာက ရက်တော့ အကန့်အသတ်မရှိဘူး။ တခေါက်ဆို ၂ဝဝဝ ကျပ် တပတ်ကြာရင်လည်း ၂ဝဝဝ ပဲလေ။ အဲဒါ သူတို့လုပ်တာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပဲ။ နောက် အဲဒီ ရှားတောမှာဆိုရင် တပတ်စာ သူပေးတယ်။ တပတ်စာဆိုရင် ၅ဝဝ ကျပ် ပေးရတယ်လေ။ ရှားတောဖက်မှာလည်းကြာပြီ။ ၇ လပိုင်းကတည်းကပဲ။

မေး။ အဲဒီ ဒေါတမကြီးအုပ်စု ဖက်မှာ ဘယ်တပ်ရင်းတွေ အခြေစိုက်မှုရှိလဲ။

ဖြေ။ အခုက စကခ ( စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်) ၂ လက်အောက်ခံ တပ်ရင်းအမှတ် ခမရ ၂၄၇ တပ်ရင်း ထိုင်တယ်။

မေး။ နောက်ဆုံး မေးခွန်းတခုအနေနဲ့ ဆရာ့အနေနဲ့ပေါ့လေ အခုလို မြန်မာစစ်အစိုးရတပ်တွေက ဒေသခံပြည်သူတွေကို တောင်ယာသွားခွင့် ပိတ်ပင်တားမြစ်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ကျနော်မြင်တာကတော့ နအဖကတော့ တခုခုဖြစ်တိုင်း တခုခုလုပ်တိုင်းက သူတို့က လူထုကို ပိတ်ပင်တားမြစ်ပြီးတော့မှ သွားလာစေတာမျိုးတို့ တောင်ယာသွားခွင့်လက်မှတ်နဲ့ သွားတာမျိုးတွေက လူထုကို ဥပမာ ၂ဝဝဝကျပ်ပေးရတာမျိုး ၅ဝဝ ကျပ်ပေးတာမျိုး ဆိုတာက လူထုဆီက အကြံအဖန်ရယူတာတခုပဲလို့ ကျနော် ထင်တယ်လေ။ တရားဝင် စရင်း၊ ဇယားနဲ့ အထက်ကို စရင်း၊ ဇယားနဲ့ တင်ပြပြီးတော့မှ ဒီလောက်ရပါတယ်ဆိုတာမျိုးတော့ မရှိဘူးထင်တယ်။ သူ့တပ်ရင်း ဥပမာ - နွားလဝိုးကနေ လောပိတ အရှေ့ဖက်ကနေ ပြန်လည်လုပ်ကိုင်စားသောက်တဲ့လူဆိုရင် ၇၂ ဂိတ်ကို ဖြတ်ရတယ်။ အဲဒီ ၇၂ ရံပုံငွေပဲ ဖြစ်သွားမှာပေါ့။ ဥပမာ- ပွန်ချောင်းမှာ ဆိုရင်လည်း ပွန်ချောင်းမှာ ရှိတဲ့တပ်တွေရဲ့ ရံပုံငွေပဲ ဖြစ်သွားမှာပေါ့။ နောက်ပြီးတော့ ခုနက ဒေါတမကြီး ဆိုရင်လည်း ဒေါတမကြီးမှာ ထိုင်တဲ့ တပ်တွေရဲ့ ရံပုံငွေတွေပဲ ဖြစ်မှာပေါ့။

No comments: