Sunday, December 12, 2010

တပ်စခန်း ခြံစည်းရိုးအတွက် စစ်အစိုးရတပ်မှ ရွာသားများအား ၀ါးနှင့် တိုင်များ ခုတ်ခိုင်း

အောလို

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ထီးဖိုးကလိုးနှင့် ဒေါတမကျေးရွာအုပ်စုတို့အား မြန်မာစစ်အစိုးရတပ်မှ တပ်စခန်း ခြံစည်းရိုးကာရန်အတွက် ၀ါးနှင့် တိုင်များကို ယခုလ၂ ရက်နေ့က ခုတ်ခိုင်း ပြီး တပ်စခန်းသို့ အရောက်လာရောက်ပို့စေခိုင်းသည်ဟုသိရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါတမကျေးရွာ အနီး၌ အခြေစိုက်ထားသော စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၁၀၂ သည် ၎င်းတို့ တပ်စခန်း ခြံစည်းရိုးကို ပြန်လည်မွမ်းမံရန်အတွက် ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၇ ရွာအား ၀ါးအချောင်းရေ ၂၀၀ ကျော်နှင့် ဒေါတမကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၇ ရွာအား ၀ါးနှင့်၅ ပေရှိ တိုင်များကို ခုတ်ခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရသိရှိရသည်။

“ဒေါတမရွာ အနီးမှာ စခန်းထိုင်တဲ့ နအဖတပ်ပေါ့။ သူတို့က ရွာသားတွေကို ၀ါးတွေနဲ့ သစ်တွေ ခုတ်ခိုင်းတယ်။ နောက်ပြီး သူတို့ တပ်စခန်း ခြံစည်းရုံးနဲ့ ကာတယ်လေ” ဟုအခြေအနေကို တွေ့ရှိခဲ့သည့် ပြည်တွင်းနယ်လှည့်ကျန်းမာရေးလုပ်သားတဦးက ပြောပြသည်။

စစ်အစိုးရတပ်မှ ၀ါးနှင့် တိုင်များ ခုတ်ခိုင်းခြင်းကြောင့် ထီးဖိုးကလိုးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၇ ရွာ ရှိ၍ တရွာလျှင် ၀ါးအချောင်းရေ ၃၀ တာဝန်ယူခုတ်ယူကြရသည်။ အလားတူ ဒေါတမကျေးရွာအုပ်စုမှာလည်း ကျေးရွာပေါင်း ၇ ရွာ ရှိ၍ ၄ ရွာမှာ တိုင်များကို ခုတ်ယူရပြီး ကျန် ၃ ရွာမှာ ၀ါးများကို ခုတ်ယူကြရသည်ဟု ဆိုသည်။

ကျေးရွာလူထုများသည် ၎င်းတို့ ခုတ်ယူရရှိထားသော ၀ါးနှင့် သစ်များကို စစ်အစိုးရတပ် တပ်စခန်း ရှိရာသို့ သွားရောက်ပို့ဆောင်ကြရသည့်အပြင် တပ်စခန်းအတွက် ခြံစည်းရိုးကာရာတွင်းလည်း လုပ်အားပေးများ ကိုယ်တိုင် ထပ်မံပြုလုပ်ကြရသည်ဟု ဒေသခံတဦးကပြောသည်။

စစ်တပ်များအတွက် လုပ်အားပေးစေခိုင်းမှုများရှိပါက ကျေးရွာလူထုများအနေဖြင့် လုပ်ပေးရမည်ဖြစ်ကြောင်း အကယ်၍ မလုပ်ပါက အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ထီးစဲကလိုကျေးရွာမှ ရွာသားတဦးကလည်း ပြောပါသည်။

သူက “အကယ်၍ ကျနော်တို့ နအဖစစ်တပ်တွေကို သွားမပို့ရင် တခုခု ဖြစ်မယ်ဆိုရင် သူတို့က ကျနော်တို့ရဲ့ ကျေးရွာဥက္ကဌကို ကျနော်တို့ ရွာသားတွေကို လာရောက်ဖမ်းဆီးမယ်၊ နှိပ်စက်မယ်လေ” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်မှ ခမရ ၁၀၂ တပ်စခန်းနှင့် အနေနီးသော ကျေးရွာများသည် စစ်တပ်အတွက် နေ့စဉ် လုပ်အားပေးမှုများ ဖြစ်သော သတင်းများ ပေးပို့ခြင်းနှင့် ရေခပ်ပေးခြင်းတို့ကို လုပ်ပေးနေရသည်ဟု သူက ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ်ရှိ ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ကျေးရွာများမှာ ထီးဖိုးကလိုး၊ ဒေါလျခူ၊ ဒေါဗျာကူး၊ ဒေါလောခူ၊ ထေးသဲကလို၊ ဒေါတဒါးနှင့် ဖရလျား တို့ဖြစ်ပြီး ဒေါတမကျေးရွာအုပ်စုမှ ကျေးရွာများမှာ ဒေါတမ၊ ဒေါညေခူ၊ ဒေါစောင်ဖျ၊ ဒေါကော၊ ဒေါခဲ၊ ဒေါဖါနှင့် ဒေါဟေလဲ တို့ဖြစ်သည်။

No comments: