Friday, December 17, 2010

နမ့်ခမ်းအနီးရွာရှိ လက်ဖက်ခြံများကို ရဲစိုက်ခင်းအဖြစ် သိမ်းမည်

နမ့်ခမ်းရွာသား တစ်ဦး

နမ့်ခမ်းမြို့ ရဲတပ်ဖွဲ့မှူး ဦးလှဝင်းက ဝိန်းကန်းကျေးရွာနှင့် မိန့်မိုင်ကျေးရွာ ကြားရှိ ရွာသားများရဲ့ လက်ဖက်ခြံ (၂၁) ခြံများကို ရဲစိုက်ခင်းအဖြစ် သိမ်းပစ်တော့မယ်လို့ နှစ်ရွာစလုံးရဲ့ ရယက ဥက္ကဋ္ဌများက တဆင့် ခြံပိုင်ရှင်များကို (၅.၁၂.၁၀၁၀) နေ့မှာ အကြောင်းကြားခဲ့ပါတယ်။

ဒီကိစ္စကြောင့်ခြံပိုင်ရှင် (၂၁) ဦးက စုပေါင်းပြီး ရဲစခန်းကို အကျိုးအကြောင်း မေးဖို့အသွားမှာ မိန့်မိုင် ရယက ဥက္ကဋ္ဌ မိုင်းထွန်းကျော်က ရဲမြို့နယ်မှူးဦးလှဝင်းဆီ အကြောင်းကြားတော့ ကန့်ကွက်တဲ့လူတွေကို ဘိန်းအရောင်းအဝယ် အမှုနဲ့ တရားစွဲ ထောင်ချပစ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ဦးလှဝင်းက ခြံပိုင်ရှင်များကိုလည်း အတွေ့မခံခဲ့ပါ။

လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်တွင်လည်း ဒီလိုပဲ ရဲစိုက်ခင်းအဖြစ် အခုခြံများနဲ့ မနီးမဝေးခြံတွေကို သိမ်းခဲ့ဖူးပြီး နောက်ကြတော့ ပန်းဆေးကျော်မြင့်ကိုပဲ ရောင်းပေးလိုက်တယ်။ ပန်းဆေးကျော်မြင့်က ဘိန်းအစားထိုး သီးနှံ စိုက်ခင်းလို့ အမည်တပ်ပြီးတကယ်တော့ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့များရဲ့ ဆက်ကြေးကောက်တဲ့ဂိတ်အဖြစ်နဲ့ သူ့တပည့်တွေရဲ့ ဘိန်း၊ ရာမ ရှူဖို့ တဲတွေကိုဆောက်ပေးထားတာပဲတွေ့ရပါတယ်။

အခုသိမ်းပစ်မဲ့ ခြံတွေရဲ့အလယ်မှာရှိတဲ့ ပန်းဆေးကျော်မြင့်ရဲ့တပည့် ဦးသက်နိုင်ရဲ့ ခြံကိုတော့မသိမ်းပဲချမ်းသာပေး ထားတယ်။ ဒီလိုဆိုတော့ ပန်းဆေးရဲ့ လက်ချက်ပဲလို့ရွာသားများက ယုံကြည်နေကြတယ်။ ရွေးကောက်ပွဲမှာ မတရားတဲ့ နည်းလမ်းနဲ့ ရှူံးပေးမဲ့လည်း အရှက်မရှိတဲ့ မျက်နှာနဲ့ ကော်မရှင်နဲ့ပေါင်းပြီး လွှတ်တော်နေရာကို ဒမြတိုက်လုယူထားတာမကြာသေး ပလောင်နဲ့ ရှမ်းလူမျိုးတို့ကို လက်နက်အားကိုးနဲ့ ကောက်ကောက်ကျစ်ကျစ် ခြေစွမ်းပြနိုင်ဖို့ ခြေလှမ်းစနေပြီလို့ ရွာသားများက ပြောနေကြတယ်။

ဒီခြံတွေဟာ ပျှမ်းမျှအားဖြင့် တစ်ခြံမှာ (၄) ဧကကျော်လောက်ရှိပြီး မန့်မိုင်သင်္ချိုင်းအနီးမှာတည်ရှိပါတယ်။ ရွာသားများက အခုမှာအလုပ်လုပ်ရတာ ပင်ပန်းပြီး ငွေရှာရတာခက်ခဲ့လွန်းတဲ့အထဲ အားကိုးစရာဆိုလို့ ဒီခြံတွေ ပဲရှိတာမို့ တကယ်လို့ အသိမ်းခံလိုက်ရရင် အလုပ်လက်မဲ့နဲ့ ဘဝဆုံးသွားမယ်လို့ ညဉ်းနေကြပါတယ်။

No comments: