Friday, December 17, 2010

ကရင်နီပြည်နယ်က ကြံ့ဖွံ့

အောလို

နှစ်ပေါင်း ၂ဝ အတွင်း မြန်မာစစ်အစိုးရမှ ဦးဆောင်ကျင်းပတဲ့ ပထမဆုံးအကြိမ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ ပြီးစီးသွားပြီး ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံရေးပါတီတွေဟာ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံပါတီတွေ၊ စစ်အစိုးရနဲ့ နီးစပ်တဲ့ ပါတီတွေ၊ အတိုက်အခံမှ ခွဲထွက်သွားတဲ့ ပါတီတွေ၊ တသီးပုဂ္ဂလ ပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ဖြစ်ကြပါတယ်။

စစ်အစိုးရ ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရှိ ပြည်နယ်တိုင်းလိုလိုတွေမှ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အများအားဖြင့် ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ်စားပြုပြီး နိုင်ငံရေးပါတီ ထူထောင်ကြကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကရင်နီပြည်နယ်မှာမူ ကိုယ့်ပြည်နယ်နဲ့ ကိုယ်လူမျိုးအတွက် ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ တဖွဲ့မှ မတွေ့ရှိရပါဘူး။

ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ်မှာက စစ်အစိုးရရဲ့ ကိုယ်စားပြုပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)နဲ့ ကယန်းအမျိုးသားပါတီ (ကေအဲန်ပီ) စတဲ့ နိုင်ငံရေးပါတီ ၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရေးပါတီတွေဟာ ကရင်နီပြည်နယ်မှ ဆင်းသက်လာတဲ့ ထူထောင်ထားတဲ့ ပါတီတွေ မဟုတ်ပါဘူး။ တခြားတိုင်းနဲ့ ပြည်နယ်မှ လာရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့ အဖွဲ့အစည်းတွေထဲမှာ ကရင်နီပြည်နယ်မှ ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

စစ်အစိုးရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ်က တိုင်းရင်းသားတွေဟာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိဘူးဆိုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ ကရင်နီတိုင်းရင်းသားတွေက ကိုယ့်ပြည်နယ်နဲ့ ကိုယ်လူမျိုးကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီ ထူထောင်ကာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အထမြောက်ခြင်း မရှိခဲ့ပါဘူး။ အကြောင်းရင်းကတော့ ကရင်နီပြည်နယ်က ပြည်နယ်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ကြံ့ဖွံ့)ရဲ့ နှောက်ယှက်မှု၊ တားဆီးမှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကရင်နီပြည်နယ်မှ တိုင်းရင်းသားအဖွဲ့တဖွဲ့ဟာ ကရင်နီပြည်နယ်နဲ့ ကရင်နီလူထုတွေကို ကိုယ်စားပြုပြီး စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လူမျိုးပေါင်းစုံစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အဲန်ယူဒီပီ) ဆိုတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတခု ပေါ်ထွက်ခဲ့ပါတယ်။ နောက်ပြီး အဲဒီနိုင်ငံရေးပါတီဟာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ရာ သြဂုတ်လ ၅ ရက်နေ့မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ အဲန်ယူဒီပီ ပါတီက ရွေးကောက်ပွဲမှာ ပါဝင်မယှဉ်ပြိုင်နိုင်အောင် ကြံ့ဖွံ့ အသင်းမှ အဲန်ယူဒီပီ ပါတီရဲ့ လှုပ်ရှားမှုပေါ်မှာ အမျိုးမျိုး လိုက်လံနှောက်ယှက်ခြင်း၊ အဲန်ယူဒီပီရဲ့ ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးရာ ပုတ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကြောင့် စက်တင်ဘာလအတွင်းမှာ အဲန်ယူဒီပီမှ ပါတီ ပြန်လည်ဖျက်သိမ်းခံခဲ့ရပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင် စည်းရုံးရေးကာလ အတောအတွင်းမှာ ကရင်နီပြည်နယ်မှာ ကြံ့ဖွံ့မှ လွတ်လွတ်လပ်လပ် စည်းရုံးရေး ဆင်းနေပြီး တခြားနိုင်ငံရေးပါတီတွေကိုတော့ နှောင့်ယှက်မှုတွေ လိုက်လံပေးနေတာတွေလည်း ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် နှစ်ခုမှာ ကယန်းလူမျိုးနဲ့ စာပေယဉ်ကျေးမှုအတွက် ဝင်ရောက်အရွေးခံခဲ့တဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် အခြေစိုက် ကယန်းအမျိုးသားပါတီ (ကေအဲန်ပီ)ဟာ စည်းရုံးရေး ဆင်းတဲ့ ကာလမှာလည်း ကြံ့ဖွံ့ရဲ့ နှောင့်ယှက်ကန့်သတ်မှုတွေကို ခံခဲ့ရပါတယ်။

“ဒီးမော့ဆိုမှာ စည်းရုံးရေး ဆင်းလို့ မရဘူးလေ။ ကြံ့ဖွံ့ပါတီက ဘာကြောင့် ကန်သတ်နေသလဲဆိုတာ ဘာကြောင်းပြချက်မှ မပေးဘူး။ ဒါမတရားဘူးဆိုတာ ထင်ရှားနေပါတယ်” ဟု ကေအဲန်ပီ အဖွဲ့မှ ခွန်ဘိုဘိုက သျှမ်းသံတော်ဆင့် သတင်းဌာသို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန် ရက်ပိုင်းအနည်းငယ်မှာ ကရင်နီပြည်နယ်ရှိ မြို့နယ်တွေမှ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ကြံ့ဖွံ့မှ ကြိုတင်မဲ ကောက်ယူမှုတွေကို အမြောက်အများ လုပ်ဆောင်ခဲ့ပါတယ်။ ကြံ့ဖွံ့မှ ကြိုင်တင်မဲ ကောက်ယူရာမှာလည်း တချို့ကျေးရွာနဲ့ ဒေသဆို မဲပြားမဲစာရွက်ဖြင့် နည်းစနည်းကျစွာ ဆောင်ရွက်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“ဖရူဆိုဒေသမှာ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ ကြိုတင်မဲ ကောက်တုန်းက သူတို့ ကျေးရွာလူထုတွေကို ဒီလိုပဲ လိုက်မေးပြီး နာမည်စာရင်း ရေးမှတ်ထားတယ်လေ။ က ရွေးမှာလား၊ တ ရွေးမှာလားပေါ့။ ဒီးမော့ဆိုဒေသဖက်မှာကြတော့ သူတို့ လူထုတွေကို မဲစာရွက် လိုက်ပေးပြီး ကိုယ်ရွေးချင်တဲ့ဟာကို ပေးခြစ်ခိုင်းသေးတယ်တဲ့” လို့ ဖရူဆိုမြို့နယ် မော်ခရိုရှေးကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။

လွိုင်ကော်မြို့မြောက်ပိုင်းမှ ဒေသခံတဦးကလည်း “ကြံ့ဖွံ့ ကြိုတင်မဲ ကောက်တာ မဲစာရွက်တွေ လိုက်ပေးပြီး ပေးမခြစ်ဘူး။ ဒီလိုပဲ တအိမ်တက်တအိမ်ဆင်းပြီး ဘယ်တခု ရွေးမှာလဲပေါ့။ မေးပြီး နာမည်စာရင်းတွေကို ရေးမှတ်ထားတယ်လေ” လို့ ပြောပါတယ်။

ကြံ့ဖွံ့တွေဟာ ရွေးကောက်ပွဲအတွက် ကျေးရွာလူထုတွေဆီ ကြိုတင်မဲ ကောက်ယူပြီး ရရှိထားတဲ့ မဲတွေကိုလည်း သူတို့ ကော်မရှင်ရုံးမှာ မထားရှိပဲ အများအားဖြင့် ရဲရုံးမှာ သွားရောက်ထားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ ခုနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၇ ခုတို့ကို ကြေညာထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရ အကြောင်းပြပြီး တချို့မဲဆန္ဒနယ်တွေကို ပြန်လည်ဖျက်သိမ်းခဲ့တာတွေ ရှိပါတယ်။ မဲရုံတွေကို အများအားဖြင့် မြို့ပေါ်တွေမှာပဲ ဆောက်လုပ်ကြပြီး အဝေးမှာ နေတဲ့ ကျေးရွာလူထုတွေကတော့ မြို့ပေါ်အထိ မဲလာပေးကြရပါတယ်။ မဲရုံတရုံကို မဲဆန္ဒရှင်တွေ မဲပေးဖို့ အယောက် ၃ဝဝ ပဲ သတ်မှတ်ထားပြီး ကျေးရွာအုပ်စုတစုလျှင် အယောက် ၃ဝ ပဲ ပေးခိုင်းတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်မှာ ရွေးကောက်ပွဲကော်မရှင်မှ မဲရုံတွေကို မနက် ၆ နာရီ စဖွင့်ရာမှ ညနေ ၄ နာရီမှာ ပိတ်ထားဖို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့ရဲ့ ကြိုတင်မဲ ကောက်ယူမှု များပြားခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်မှာ ကရင်နီပြည်နယ်ရှိ မဲရုံတွေမှာ မဲလာပေးတဲ့ မဲဆန္ဒရှင်တွေက အလွန်နည်းပါးပြီး တချို့မဲရုံမှ မဲရုံးမှူးတွေဟာ မဲတွေကို စောစီးစွာ ရေတွက်ကာ ပိတ်ကြရပါတယ်လို့ မဲပေးခဲ့သူတွေက ပြောပါတယ်။

“ကျနော် ပေးခဲ့တဲ့ မဲရုံမှာ မဲလာပေးကြတဲ့ လူတွေက တစညကိုပဲ ခြစ်ကြတာ များတယ်။ အဲဒါ ရွေးကောက်ပွဲ ရက်မှာ တစည နိုင်တယ်တဲ့။ ဒါမဲ့ ကြံ့ဖွံ့ ကြိုတင်မဲကြောင့် တစည ပြန်ရှုံးခဲ့တယ်လေ” လို့ လွိုင်ကော်မြို့မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၁ မဲရုံ နံပါတ် ၄ မှာ မဲပေးခဲ့သူ ဒေသခံတဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့မှာ မဲပေးခဲ့သူ မဲဆန္ဒရှင် တယောက်ကလည်း “ဒီးမော့ဆိုမြို့မှာက ကယန်းလူမျိုးတွေ နေထိုင်များတယ်လေ။ အဲဒါ ရွေးကောက်ပွဲမှာ ကယန်းပါတီ (ကေအဲန်ပီ)ကိုပဲ မဲပေးကြတော့ ရွေးကောက်ပွဲ ရက်မှာ ကယန်းပါတီ နိုင်တယ်လေ။ ဒါပေမဲ့ ကြံ့ဖွံ့ရဲ့ ကြိုတင်မဲကြောင့် ကြံ့ဖွံ့ ပြန်နိုင်သွားတယ်” လို့ ပြောပါတယ်။

စစ်အစိုးရမှ ခေါ်ယူကျင်းပခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ်မှာ နိုင်ငံရေးပါတီ ဖြစ်တဲ့ ကြံ့ဖွံ့၊ တစညနဲ့ ကယန်းပါတီ (ကေအဲန်ပီ)တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် နိုဝင်ဘာ ၁၂ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှ ရွေးကောက်ပွဲရလဒ် ဖော်ပြချက်အရ ကရင်နီပြည်နယ်ရှိ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အားလုံးရဲ့ နေရာမှာကတော့ တစညနဲ့ ကယန်းပါတီ (ကေအဲန်ပီ)မှ အမတ်လောင်း တယောက်မှ ဆွတ်ခူးခြင်း မရှိပဲ ကြံ့ဖွံ့ အမတ်လောင်းတွေကိုသာ တွေ့ရှိရပါတော့တယ်။

No comments: