ရန်ကုန်သားတာတေ
ဖိုးရှုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ်ကို တွေ့လိုက်ရတော့မှပဲ သူ့ကို လူတွေ ဘယ်လောက်ထိ ချစ်နေသေးတယ်၊ မျှော်လင့်နေသေးတယ် ဆိုတာ ပို သဘောပေါက်လာတယ်။ ဒါတောင် ဘုရားဖူး ခရီးစဉ်ပဲ ရှိသေးတာ။
ရုက္ခစိုး။ ။ အေးလေကွာ … နိုင်ငံရေးအတွက် စည်းရုံးရေးခရီးသာဆို ဘယ်လိုနေမလဲမသိဘူး။ ပြောင်ကြီးတို့ အဖွဲ့ကတော့ မျက်ခုံးလှုပ်နေမှာ အသေအချာပဲ။
ကြွက်စုတ်။ ။ ကျနော်တော့ မနှစ်ကနဲ့ တနှစ်က ချိုကုပ်ဒူးကြီးရဲ့ ပုဂံ ခရီးစဉ်ကို သွားမြင်ယောင်မိတယ်ဗျ။ ဓာတ်ပုံထဲမှာ သူနဲ့ ဒေါ်ကွိုင်ကွိုင်ရယ်၊ အစောင့်အရှောက် ချိုကုပ်တွေရယ်ပဲ တွေ့ရတယ်။ ပုဂံ ပြည်သူလူထုကတော့ အစအနတောင် မတွေ့ရပါဘူးဗျာ။
ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ချင်းမိုင်မြို့က ချင်းမိုင်ဂိတ်အနီး ကျုံးနဘေးတွင် လေညင်းခံရင်း ရောက်တတ်ရာရာများ ပြောဆိုနေကြခြင်း ဖြစ်သည်။
“ခင်ဗျားတို့က အဲဒီလောက်လေးပဲ မြင်တာကိုးဗျ။ ကြည့်နေ ကျုပ် သွားကို သွားပြဦးမယ်” ဆိုသော အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ သမ္မတ ဦးသိန်းဂိန်ကို မြင်လိုက်ကြရသည်။
ရုက္ခစိုး။ ။ သမ္မတကြီးပါလား။ ချင်းမိုင်ကို ဘာလာလုပ်ပြန်တာတုန်း။ တော်တော် အားနေတယ်ထင်တယ်။
သိန်းဂိန်။ ။ အားတယ်တော့ မထင်နဲ့ဗျ … မှတ်ပုံတင်တခုကို ၆ ကျပ်နဲ့ လုပ်ပေးဖို့ကိစ္စ အစည်းအဝေးရှိသေးတယ်။
ကြွက်စုတ်။ ။ ဒါက အစည်းအဝေး လုပ်စရာလိုသေးလို့လား … လဝကကို ညွှန်ကြားလိုက်ရင်ပြီးရော မဟုတ်လား။
သိန်းဂိန်။ ။ ခင်ဗျားတို့က ဒီလောက်လေးပဲ မြင်တာကိုး။ ဒီလောက် မလွယ်ဘူးဗျ။ မှတ်ပုံတင် တခု ၆ ကျပ်နဲ့ လုပ်ပေးရင် လူတွေမှာ ကျပ်တန်နဲ့ ၅ ကျပ်တန်တွေ လိုလာမယ်။ အဲဒီအတွက် ကျပ်တန်နဲ့ ၅ ကျပ်တန်ကို အစိုးရ ဘဏ် အသီးသီးက ထုတ်ပေးရတော့မယ်။ ကျပ်တန်တရွက်ကို ကျပ် ၁ သောင်းနှုန်း၊ ၅ ကျပ်တန်တရွက်ကို ကျပ် ၃ သောင်းနှုန်းနဲ့ ရောင်းချဖို့ ဝန်ကြီး အသီးသီးနဲ့ အစည်းအဝေး ထိုင်ရမှာပေါ့။
ရုက္ခစိုး။ ။ ဒါများ … အစကတည်းက မှတ်ပုံတင်တခု ကျပ် ၄ သောင်းနဲ့ လုပ်ပေးတယ်ဆိုပြီးရော မဟုတ်လား။
သိန်းဂိန်။ ။ အဲဒီလောက် မလွယ်ဘူးလေ။ ၆ ကျပ်နဲ့ ၄ သောင်းဆိုတာ အများကြီး ကွာခြားတယ်ဗျ။ လူတွေကို တမျိုးအမြင် မခံနိုင်ဘူး။ အစိုးရက ဈေးသက်သာစွာနဲ့ မှတ်ပုံတင်လုပ်ပေးနေတယ် ဆိုတာမျိုးပဲ အဖြစ်ခံနိုင်မယ်။
ဖိုးရှုပ်။ ။ ထူးဆန်းပါပေ့ဗျာ။ ဒါနဲ့ ခုနက ဦးသိန်းဂိန် ရောက်လာတော့ ပြောတာ ကြားလိုက်ပါတယ်။ ဘာတဲ့ … သွားပြလိုက် ဦးမှာဆိုတာ ဘယ်ကိုလဲ … ရေဝေးကိုလား။
သိန်းဂိန်။ ။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ဘယ်ကလာ ရေဝေးရမှာလဲ။ ဟို ချာတိတ်မက ပုဂံဘုရားဖူးသွားပြတယ် မဟုတ်လား။ အဲဒီတော့ ကျုပ်ကလည်း ပဲခူးလောက်တော့ ဘုရားဖူး သွားပြမှ ကောင်းမှာပေါ့။ အဲဒီအခါကျ ခင်ဗျားတို့ ကြည့်နေလိုက်စမ်းပါ။
ကြွက်စုတ်။ ။ ကြည့်စရာ မလိုပါဘူး၊ သိပါတယ် ပဲခူးပဲ သွားသွား၊ ပုဂံပဲသွားသွား ဒေသခံဈေးသည်တွေကို အဲဒီနေ့ ဈေးမရောင်းနဲ့ ဆိုပြီး အမိန့်ထုတ်မှာ မဟုတ်လား။
သိန်းဂိန်။ ။ ဟာ အဲဒီလို လုံးဝ မလုပ်ဘူး။ စိတ်ချ။ ဈေးသည်တွေကော ဒေသခံပြည်သူတွေကော ကျုပ်ကို လာကြိုဆိုရမှာ။ ဟိုကလေးမကို လူ ၁ ထောင်လောက်က ကြိုတယ်ဆိုရင် ကျုပ်ကို လူ ၁ သောင်းလောက် ကြိုစေရမယ်။
ဖိုးရှုပ်။ ။ တယ်ဟုတ်ပါလား။ ရိုးတော့ မရိုးဘူးထင်တယ်။
သိန်းဂိန်။ ။ တယောက်ကို ၁ ထောင်နှုန်းနဲ့ တွက်ရင် လူတသောင်းကို သိန်း ၁၀၀ ပဲ ကျမယ်ဗျာ။ အစိုးရ စရိတ်ထဲက ပေးလိုက်မှာပေါ့။ တအိမ်တယောက် မလာမနေရ အမိန့်ထုတ်မယ်။ လာတဲ့သူ တယောက် ၁ ထောင်ပေးမယ် … ဟဲဟဲ။
ဖိုးရှုပ်။ ။ စကားတောင် မဆုံးသေးဘူး ဇာတိက ပြလာပြီ။ ဟိုက သူ့ကိုချစ်လို့ ပြည်သူလူထုက ဝိုင်းကြိုတာဗျ။ ပိုက်ဆံ လိုချင်လို့မဟုတ်ဘူး။
သိန်းဂိန်။ ။ ဘာကြောင့် လူအုံအုံပေါ့ဗျာ။ လူအုံဖို့ လိုရင်းပဲဟာ။ နောက်တခုက NLD ဘာလုပ်လုပ် … သူတို့ထက် သာအောင် လိုက်လုပ်ရမယ့် တာဝန်ကလည်း ရှိတယ်လေ။
ရုက္ခစိုး။ ။ ရှင်းပါတယ်ဗျာ။ ဒါနဲ့ … ခင်ဗျားရဲ့ သမ္မတအကြံပေးကြီးကို NLD မှာ စာတမ်းဖတ်ပွဲ ဘာလို့ ခွင့်မပြုတာလဲဗျ။ မနာလိုလို့လား။
သိန်းဂိန်။ ။ မနာလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ကျုပ်ရဲ့ အကြံပေးအဖွဲ့ဝင်လေ။ ဘယ်လွှတ်လို့ ဖြစ်မလဲ။
ကြွက်စုတ်။ ။ တကယ်ဆို အဲဒီပုဂ္ဂိုလ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေ အရင်ဖြစ်တာလေ။ ပြီးမှ ခင်ဗျားရဲ့ အကြံပေး ဖြစ်တာမဟုတ်ဘူးလား။
သိန်းဂိန်။ ။ သူ့ဘာသာသူ အရင်က မိတ်ဆွေမကလို့ ဘာပဲဖြစ်ဖြစ်လေ၊ အခုအချိန်မှာ သမ္မတရဲ့ အကြံပေးအဖွဲ့ဝင် ဖြစ်နေပြီ၊ မရတော့ဘူး။ နောက်တချက်က ဂစ်တာသွားတီးတာဆို ခွင့်ပြုပါတယ်၊ အခုဟာက စာတမ်း သွားဖတ်မှာဗျ၊ စာတမ်းတောင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စာတမ်းလေ။ ဒါ ကျုပ်တို့အစိုးရ မူပိုင်ဗျ။ သူ ဖတ်ချင်တိုင်း ဖတ်လို့ဘယ်ရမလဲ။
ရုက္ခစိုး။ ။ မကြားဖူးပါဘူးဗျာ။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတောင် မူပိုင်လုပ်ထားရတယ်လို့။ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံကြီးတွေ လုပ်နေတာ ကြာပဲ ကြာလှပြီ။ တချို့စီမံကိန်းတွေတောင် ပြီးလို့ ပြန်ဆုတ်ကုန်ပြီ။
သိန်းဂိန်။ ။ ဒါ ကမ္ဘာမဟုတ်ဘူးဗျ၊ မြန်မာပြည် …။ မြန်မာပြည်မှာတော့ ကျုပ်တို့ မူပိုင်ပဲ။
ဖိုးရှုပ်။ ။ ဒါဆိုရင် ဆင်းရဲမွဲတေမှု လျှော့ချရေးကို အစိုးရပဲလုပ်မယ်၊ တခြား ဘယ်အဖွဲ့အစည်းမှ မလုပ်ရဘူး … အဲဒီလိုလား။
သိန်းဂိန်။ ။ သေချာတာပေါ့။ အခုဆိုကြည့် ကျုပ်တို့ စာတမ်းဖတ်လိုက်တာနဲ့တင် ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှု လျော့သွားတာ၊ နောက်ထပ် စည်းဝေးထပ်လုပ်၊ စာတမ်းထပ်ဖတ်ရင် ထပ်လျော့ဖို့ပဲ ရှိတယ်လေ။ ဒီအချိန်ကျမှ NLD က သူလည်း လုပ်ပါတယ်ဆိုပြီး ပဏာဝင်ယူရင် ဘယ်လိုလုပ်မလဲ။
ကြွက်စုတ်။ ။ စာတမ်းဖတ်ရုံနဲ့ ဆင်းရဲမွဲတေမှု လျော့ကျသွားတယ်နော် … အံ့မခန်း အစိုးရပါပဲ။
သိန်းဂိန်။ ။ ဒါတင် ဘယ်ကမလဲ သတင်းစာထဲမှာ အဲဒီအကြောင်း ဆောင်းပါးရေးပြီး ၃ ရက်လောက် ဆက်တိုက် ထည့်လိုက်ရင် ဆင်းရဲမွဲတေမှုက ဆက်ကျဖို့ပဲ ရှိတယ်။
ဦးရုက္ခစိုးက “အင်း … မြှောက်ပေးရင် အဝှာတက်အောင် ကမယ့်သဘောမှာရှိတယ်” ဟု စဉ်းစားရင်း “ဘာဆောင်းပါးတွေ ရေးမှာလဲဗျ” ဟု မေးလိုက်သည်။
သိန်းဂိန်။ ။ အပေါင်ဆိုင် အရေးပါပုံအကြောင်း တရက်၊ အောင်မြင် ကြီးပွားရေး လမ်းညွှန် ဆိုပြီး ဟိုတက်ကျမ်း၊ ဒီတက်ကျမ်းက ခိုးချပြီး ရေးမှာက တရက်၊ ထမင်းမစားဘဲ ရေသောက် ဗိုက်မှောက် နေထိုင်နည်းဆိုပြီး တရက် ရေးလိုက်မယ်။ ဒါတွေကို ပြည်သူလူထုက တကယ်ကျင့်သုံးရင် ဆင်းရဲမှုတွေလည်း လျော့ကျမှာပေါ့ဗျာ။
ဖိုးရှုပ်။ ။ သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးက ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက လုပ်တာနဲ့ မတူဘူးဆိုတော့ မြန်မာပြည်မှာ ဘယ်လိုပုံစံနဲ့ လျှော့ချမှာလဲ လုပ်ပါဦး။
သိန်းဂိန်။ ။ အဓိက ဆင်းရဲမွဲတေမှုဒဏ်ခံနေရတာက ကျေးလက်တောရွာ တွေက လူတွေဆိုတော့ ကျေးရွာဝါဒ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝပ်ရှော့ တပတ်လုပ်မယ်။ အဲဒီအတွက် နိုင်ငံတော် အသုံးစရိတ် ကျပ် သိန်း ၁၀၀၀ ခန့်မှန်းထားတယ်။ အဲဒါပြီးရင် နဂါးနီ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပွဲ ၃ ရက် လုပ်မယ်။ အဲဒီအတွက်ကတော့ အသုံးစရိတ် ကျပ် သိန်း ၇၀၀ ခန့်မှန်းထားတယ်။
ကြွက်စုတ်။ ။ ကျေးရွာဝါဒ ဆိုတာ ကြားဖူးသလိုပဲ။ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းမဟုတ်လား။
သိန်းဂိန်။ ။ မောင်ရင် ဗဟုသုတ ရှိသားပဲ၊ မဆိုးဘူး။ အရင်ကနဲ့မတူ … ဓာတ်မီးရောင်ထိန်၊ ကုသိုလ်ဖြစ် ဆေးရုံ၊ ပွဲနဲ့လမ်းနဲ့ သာသာယာယာ ဆိုတဲ့ အပိုဒ်ကလေးကို ကျုပ်က အတော်ခိုက်တာဗျ။ အဲဒါကြောင့် ဒီခေါင်းစဉ်နဲ့ ဝပ်ရှော့ လုပ်မယ်လို့ ပြောတာ။
ဖိုးရှုပ်။ ။ အင်း ကြိုက်မယ်ဆိုလည်း ကြိုက်လောက်ပါတယ်။ အဲဒီအပိုဒ်မှာ အားလုံး ကိုယ်ထူကိုယ်ထချည်းပဲ။ ဓာတ်မီးရောင် ထိန်အောင်လည်း ကိုယ့်ဘာသာပဲ လုပ်ရမှာပဲ၊ ကုသိုလ်ဖြစ် ဆေးရုံဆိုမှတော့ အစိုးရဘယ်ပါမလဲ။ ပွဲနဲ့ လမ်းနဲ့ သာယာဖို့လည်း ကိုယ့်ဘာသာပဲ ရန်ပုံငွေထည့်ပြီး လုပ်ရမှာပဲ။
သိန်းဂိန်။ ။ ဒါပဲလေ … မြန်မာပြည်မှာ ဆင်းရဲမွဲတေမှု လျှော့ချဖို့ ဆိုတာက ကိုယ့်ဘာသာ လုပ်ရမယ်။ အဲဒီအကြောင်း ဝပ်ရှော့က တပတ်။
ကြွက်စုတ်။ ။ နဂါးနီဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပွဲက ၃ ရက်မဟုတ်လား။ ဒါကတော့ ဆရာကြီး ရွှေတိုင်ညွန့်ရဲ့ သီချင်းပေါ့လေ။
သိန်းဂိန်။ ။ မောင်ရင် တော်ပြန်ပြီ။ ဒီသီချင်းကျတော့ တမျိုးဗျ။ ဒါက ဆင်းရဲမွဲတေမှု လျှော့ချဖို့ ကိုယ်ထူကိုယ်ထ ဘာမှ လုပ်စရာမလိုဘူး ဆိုတာကို စာတမ်းရှင်တွေက ဖတ်မှာ။
ရုက္ခစိုး။ ။ ဟုတ်လား … ဒါဆို အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချမှာပေါ့ …။
သိန်းဂိန်။ ။ ဒီလိုလည်း မဟုတ်သေးဘူးဗျ။ ဒီသီချင်းမှာ ပါတယ်မဟုတ်လား … ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့ မမယ့်ကိန်း စိုက်မည် ဆိုတာလေ။
ဦးသိန်းဂိန်က အသံသေးအသံကြောင်ဖြင့် အော်ဆိုပြလိုက်ခြင်းဖြစ်သည်။
ဖိုးရှုပ်။ ။ အင်းလေ … အဲဒီတော့ ဘာဖြစ်လဲ။
သိန်းဂိန်။ ။ အဲဒီတော့ ဒီစာတမ်းဖတ်ပွဲက ဘာကိုဦးတည်သလဲ ဆိုတာ ခန့်မှန်းကြည့်တော့ပေါ့ဗျာ။ ပြည်သူပြည်သားတွေ အားလုံး ဘာအလုပ်မှ လုပ်စရာမလိုဘူး။ ထီသာ ထိုင်ထိုး … ။ ထီပေါက်ရင် အဲဒီသီချင်းထဲမှာပါသလို ကျောင်းဆောက်ကာ ဘုရားပဲတည်တည်ပေါ့ဗျာ။
ကြွက်စုတ်။ ။ ဟင် … အစိုးရက ဘာမှ မလုပ်ပေးဘူးလား။
သိန်းဂိန်။ ။ လုပ်ပေးမှာပေါ့။ လုပ်ပေးမှာပေါ့။ ကျုပ်တို့ အစိုးရက အတိတ်စိမ်းတွေ၊ အတိတ်နီတွေ၊ အတိတ်ပြာတွေ ထုတ်ပေးမယ်လေ။ လိုအပ်ရင် သမ္မတအိပ်မက် ဆိုပြီး တလ တခါလောက် သတင်းစာမှာ ရေးပေးမယ်။
ဖိုးရှုပ်။ ။ သြော် တော်တော်ကို လုပ်ပေးလိုက်တာပဲကိုး။
သိန်းဂိန်။ ။ စကားကောင်းနေတာနဲ့ လာရင်းကိစ္စတောင် မေ့သွားပြီ။ နဂါးနီခေါင်းစဉ်နဲ့ စာတမ်းဖတ်ပွဲမှာ ဦးရုက္ခစိုးက တရက်လောက် ဝင်ဖတ်ပေးပါလား။ ရုက္ခစိုးအပါအဝင် နတ်အပေါင်းကို ဘယ်လိုပူဇော်ပသခြင်းဖြင့် ဘယ်လို အကျိုး ကျေးဇူးတွေ ရပြီး ချမ်းသာမယ် ဆိုတဲ့ အကြောင်းပေါ့။
ရုက္ခစိုး။ ။ ဟာ မလုပ်နဲ့ မလုပ်နဲ့ … ကျုပ်က ရုက္ခစိုးပေမယ့် အဲဒါတွေ မကျွမ်းဘူးဗျ။
ဦးရုက္ခစိုးက အတင်းငြင်းဆန်သည်ကို ဦးသိန်းဂိန်က ထဆွဲသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်။ မဟန်တော့သည်ကို သိသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ဦးရုက္ခစိုးကို မငဲ့နိုင်တော့ဘဲ ထိုနေရာမှ အပြေးတပိုင်းနှင့် လစ်ခဲ့ရ လေတော့သတည်း။
No comments:
Post a Comment