Tuesday, July 5, 2011

မြောက်ဦးမြို့ ရွှေဂူတောင် စေတီ ပြိုပျက်

မောင်အေး

ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမြို့ရှိ ရွှေဂူတောင် စေတီတော်မှာ မိုး အဆက်မပြတ် ရွာသွန်းမူကြောင့် တခြမ်း ပြိုကျသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခင် မြောက်ဦး ပြတိုက်မှူး ဖြစ်သူ ဆရာဦးကျော်ထွန်းအောင် ဇနီးမှ ရွှေဂူတောင် စေတီ ပြိုပျက်နေကြောင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

" ပြိုတာက ဗောဓိရွှေဂူ မဟုတ်ပါ။ ရွှေဂူတောင် စေတီ ဖြစ်ပါတယ်။ စေတီနှစ်ဆူက တစ်ဆူ ပြိုနေတာ ဖြစ်ပါတယ်။ ဒီလ ၁ ရက်နေ့က စပြီး ပြိုနေတာ ဖြစ်ပါတယ်။ မိုးအဆက် မပြတ်ရွာသွန်း နေတဲ့ အတွက် ဖြစ်ပါတယ်။ အားလုံး ပြိုကျသွားနိုင်ပါတယ်" ဟု ပြောသည်။

ရွှေဂူတောင်စေတီမှာ မြောက်ဦးမြို့ နန်းရာကုန်းမှ အရှေ့မြောက်ဘက် မြောက်ဦးမှ ဆင်အိုးရွာသို့ထွက်လမ်း ရတနာ့ မာန်အောင်ဘုရာ အနီး လမ်းညာဘက် ရွှေဂူတောင် ဘုန်းတော်ကြီးကျောင်း အနီးတွင် တည်ရှိသည်။

" ဌာပနာတွေတော့ တွေ့ရတယ်လို့ ပြောပါတယ်။ လေးမြို့ခေတ်ဆင်းထုတော် တဆူနဲ့ တခြား ဥာဏ်တော်ငယ်တဲ့ ဘုရား တွေ့ရှိတယ်လို့ ပြောပါတယ်။ ကျွန်မတို့ကတော့ မမြင်ရသေးပါဘူး" ဟု သူမက ဆက်ပြောသည်။

အဆိုပါ စေတီ ပြိုကျနေကြောင်းကို မြောက်မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။

"ဟုတ်တယ်မနေ့ညက ပြိုသွားတယ်။ မိုးကြီးလို့ပြိုတာဖြစ်မယ်ထင်တယ်။ ပထမတနေ့က ပေါ်ပိုင်းကပြိုတယ်။ မနေ့ ကတော့ မနည်းတခြမ်းပြိုသွားတယ်။ ၁၂ လက်မလောက်ရှိတဲ့ ဘုရားဆင်းထုတပါးရယ်။ နောက်ပြီး ကြေး ဖလားကြီး ၂ လုံးနဲ့ အဲဒီဖလားထဲမှာ ကြေးဆင်းထု အငယ်လေးတွေရတယ်" ဟုပြောသည်။

အဆိုပါ စေတီမှာ မြောက်ဦးမြို့တည် ရခိုင်ဘုရင် မင်းစောမွန်းလက်ထက်က တည်ထားခဲ့သည့် စေတီတော် ဖြစ်ကြောင်း အဆိုပါ မြို့ခံမှပြောသည်။ ယခုအခါ အဆိုပါ ဘုရားမှ ထွက်ရှိသည့် ဌာပနာများကို ရှေ့ဟောင်းယဉ်ကျေးမှု ဌာနတွင် သိမ်းဆည်းထား ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးတွင် မေလ ၃၀ နေ့ကလည်း ကလည်းလောကမဉ္စူစေတီတော်အား ပြန်လည်ပြုပြင်ရန် ရှင်းလင်းစဉ် ရွှေနှင်ကြေး ရောစပ်ထားသော ဆင်းထုတော်တပါးအပါအ၀င် ရှေ့ဟောင်းဘုရား ၃၇ ဆူရရှိခဲ့သည်။

မြောက်ဦးမြို့မှာ ယခင်ရခိုင်ဘုရင်မင်းအဆက်ဆက် ထီးနန်းစိုက်ခဲ့သည့်နေရာဖြစ်ပြီး ဘုရား စေတီများမှာလည်း လက်ညိုးထိုး မလွဲတည်ရှိပြီး ယခုအခါ ပြုပြင် ထိမ်းသိမ်း သူများမရှိသည့် အတွက် ရာသီဥတုနှင့် မသမာသူများ လက်ချက်ကြောင့် ပျက်စီးလျှက်ရှိကြောင်း သိရသည်။

No comments: