သျှမ်းသံတော်ဆင့်
ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ လက်နက်ကိုင် တိုက်ပွဲများအတွင်း ကေအိုင်အေ ဋ္ဌာနချုပ်ရှိရာတရုတ် နယ်စပ် လိုင်ဇာ မြို့သို့ ထွက်ပြေးရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်များ အတွက် လိုင်ဇာဒေသရှိ မကဒတ (မပ) အဖွဲ့ဝင်ဟောင်းများမှအသုံးအဆောင် ပစ္စည်း များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ဒုက္ခသည်များအတွက် အသုံးအဆောင်ပစ္စည်းများကို ကေအိုင်အို ဒုက္ခသည် ကယ်ဆယ်ရေး ဆပ် ကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း ကိုယ်တိုင်ပါဝင်သည့် မကဒတ(မပ) အဖွဲ့ဝင်ဟောင်း တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“လှူတာက ဆီပုံး ၄ ပုံးပေါ့နော်။ စုစုပေါင်း ပိဿာချိန် ၅၀ ၊ တီရှပ်အကျီက ၃၃ ထည် ၊ ရေပုံးက အလုံး ၃၀ ၊ အဲဒါတွေ လှူတယ် ။ သူတို့က လက်ခံရရှိကြောင်း ကျေးဇူးတင်ကြောင်း ဂုဏ်ပြုဖြတ် ပိုင်းပေးတယ် ” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ ဖြစ်သည့် လွန်ခဲ့သည့်လ ၁၉ ရက်နေ့ကလည်း ဒုက္ခသည်များ အတွက် မကဒတ (မပ) အဖွဲ့ဝင်ဟောင်းများမှ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့သေးကြောင်း သိရသည်။
ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်ရာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ဒုက္ခသည်များအရေး ကေအိုင် အိုအပေါ် ဝန်ထုတ်ဝန်ပိုးနေပြီး အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။
ယခုအခါ နှစ်ဘက်တိုက်ပွဲများကြောင့် ကချင်ဒုက္ခသည် ၁၇၀၀၀ နီးပါးခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လိုင်ဇာမြို့၌ ဒုက္ခသည် ၆၀၀၀ ကျော်ခန့် ရောက်ရှိခိုလှုံနေကြောင်း KIO မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
၈လေးလုံးအရေးတော်ပုံ ကာလက မြန်မာစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရန် ကျောင်းသားများ ကေအိုင်အို အဖွဲ့ထံ ရောက် ရှိလာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ကို ဖွဲ့စည်းတည် ထောင်ခဲ့သည်။
၁၉၉၄ခုနှစ် ကေအိုင်အိုနှင့် မြန်မာစစ်အစိုးရ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ထိုးပြီးနောက် ၁၉၉၇ ခုနှစ်တွင် မကဒတ (မပ) နှင့် ကေအိုင်အိုတို့ အိုးစားကွဲခဲ့သည်။
No comments:
Post a Comment