နော်နိုရင်း
ရန်ကုန် အလုံမြို့နယ်မှာ မနေ့ကစပြီး အာဏာပိုင်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်ခန့်ရာမှာ ပြည်သူတွေရဲ့ ဆန္ဒကို မယူဘဲ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတွေကို ပြန်ခန့်နေတယ်လို့ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုလူမော်လတ်က ပြောပါတယ်။
အလုံမြို့နယ်မှာ ရပ်ကွက် ၁၁ ခုရှိပြီး ကြံ့ခိုင်ရေးပါတီက မဲအနိုင်ရတဲ့ ၄ ရပ်ကွက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်ကို မလဲဘဲ ကျန်ရပ်ကွက်ကို အုပ်ချုပ်ရေးမှူသစ်ကို ခန့်ပါတယ်။
ဒါပေမယ့် အရင်အစိုးရဝန်ထမ်းတွေကိုသာ ထည့်နေတဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်ကြရတယ်လို့ သူက အခုလို ပြောပါတယ်။
“ရွေးကောက်ပွဲမှာ သူတို့မဲနိုင်တဲ့ သစ်တောရယ်၊ ဆင်းမင်းရယ်၊ ဂဋ္ဌုန်ရယ်၊ လွတ်လပ်ရေးရယ် အဲဒါ လေးရပ်ကွက်က သူတို့ မဲနိုင်တဲ့နေရာတွေ မလဲဘူး။ မဲရှုံးတဲ့ ရပ်ကွက်တွေ လဲတယ်။ စောနောက်တို့၊ စောရှေ့တို့ လဲတယ်။ လဲတော့ ကျနော်တို့ စောရန်ပိုင် အနောက်ရပ်ကွက် မှာဆိုရင် ဒီလဲတဲ့ ဦးထွန်းထွန်းဆိုတာ အရင်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အလုပ်အမှုဆောင်ပေါ့ဗျာ။ စောရှေ့ရပ်ကွက်ကို ကြည့်လိုက်တော့လည်း မဆလ လက်ထက်က ရပ်ကွက်ကောင်စီဥက္ကဋ္ဌ ဦးစိုး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ မဆလ လက်ကျန်တွေကို အစားထိုးတာ တွေ့ရတော့ တော်တော်လေး ပြည်သူလူထုက ခံစားရတယ်။ သူတို့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ ၂၈၉ ပြဋ္ဌာန်းထားတာက ရပ်ကွက်က ကြည်ညိုလေးစားတဲ့ လူတွေ ဖြစ်ရမယ်ဆိုတော့ ဒီလို ရွေးတဲ့နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒက ဒီမိုကရေစီဆန်ဆန် အောက်ခြေကနေ တင်မြှောက်စေချင်တယ်။”
အလုံမြို့နယ်နေ ပြည်သူအနေနဲ့ အနည်းဆုံး ရပ်ကွက် ဆယ်အိမ်မှူး နှစ်ယောက်လောက်ကို ခေါ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရွေးချယ်စေချင်တယ်လို့ ပြောပါတယ်။
အလုံမြို့နယ် အဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စကိုစောင့်ကြည့်ပြီး နိုင်ငံတော်လူကြီးနဲ့ အဖွဲ့ချုပ် ဗဟိုဌာနချုပ်ကို အစီရင်ခံစာတင်မှာ ဖြစ်တယ်လို့ ကိုလူမော်လတ်က ပြောပါတယ်။
No comments:
Post a Comment