Saturday, July 16, 2011

ဦးဝင်းတင် ဆေးရုံတက်

မျိုးသိဏ်း | စနေနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၁

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်သည် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံတွင် ယနေ့မွန်းလွဲ ၁ နာရီ ခန့်မှ စတင် တက်ရောက်ကုသမှုခံယူနေကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ဖြစ်ပွားနေသည့် ဝဲဘက်ခြေထောက် နာကျင်ကိုက်ခဲမှု ဝေဒနာမှ ပိုမိုဆိုးရွားလာသဖြင့် ဆေးရုံတက်ရောက်ရခြင်းဖြစ်ကြောင်း လိုက်လံစောင့်ရှောက်ပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

"ခြေထောက် ရေယုန်ဖြစ်တဲ့ ဒဏ်ရာက အခု ရေယုန်အနာတွေတော့ ပျောက်သွားပြီ။ အကြောတွေက ကိုက်နေတယ်။ အခုလည်း မခံနိုင်အောင် ကိုက်နေတော့ ဆရာဝန်က ဆေးရုံတက်ဖို့ ပြောလို့ တက်လိုက်ရတာ။ ဆေးရုံမှာ ခါးကို ဆေးသွင်းထားရတယ်။ အခုတော့ နည်းနည်း သက်သာလာတဲ့ ပုံစံရှိပါတယ်။ အောက်စီဂျင်တော့ ပေးထားတုန်းပဲ။" ဟု လူငယ်အဖွဲ့ဝင်က ယနေ့ည ၈ နာရီခန့်တွင် မဇ္ဈိမကို ပြောသည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် နိုင်ငံရေးသမား ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် မေလကုန်ပိုင်းကလည်း အဆိုပါ ဝဲဘက်ခြေထောက် နာကျင်ကိုက်ခဲမှု ဒဏ်ကြောင့်ပင် အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ထိုစဉ်က အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး ကြည့်ရှုခဲ့သည်။

မေလကုန်ပိုင်းဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ဦးဝင်တင်သည် ခြေထောက်ဒဏ်ရာကြောင့် လမ်းလျှောက်နိုင်ခြင်းမရှိ၍ လမ်းလျှောက်အထောက်အကူပြုပစ္စည်းနှင့် ကူညီဖေးမမှုများကို အမှီပြု သွားလာနေခဲ့ရသည်။

လက်ရှိတွင် ဦးဝင်းတင်သည် အာရှတော်ဝင်ဆေးရုံ သတ္တမထပ်ရှိ အခန်းအမှတ် ၂၇၀၄ တွင် ကုသမှု ခံယူနေကြောင်း သိရသည်။

No comments: