ဒီဗွီဘီ
မွန်ပြည်နယ် ကျေးရွာတချို့မှာ အုပ်ချုပ်သူရွာသူကြီးတွေကို ပြည်သူ့ဆန္ဒမပါဘဲ မြို့နယ်မှူးက သူနဲ့နီးစပ်တဲ့သူတွေကို ရွေးချယ် တင်မြှောက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ် ကျေးရွာတချို့က ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးတဲ့အခါမှာ ပြည်သူ့ဆန္ဒအရ ရွေးတာမျိုးမဟုတ်ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့နဲ့နီးစပ်တဲ့ လူနည်းစုတွေကိုခေါ်ပြီး ရွေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးဟာ ဇွန်လလယ်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာမှာ အများအားဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒါမှမဟုတ် အဲဒီပါတီနဲ့ နီးစပ်တဲ့လူတွေကို ရွေးချယ်သွားတယ်လို့ ဆိုပါတယ်။
ဒီလို ရွေးချယ်ရာမှာ အရင် ရ၀တဟောင်းက အဆိုပြုသူ၊ နယ်မြေခံ မွန်ပါတီတခုက အဆိုပြုသူ စတဲ့ ပုဂ္ဂိုလ်နှစ်ဦးထဲက ရွေးချယ်ခိုင်းခဲ့ပြီး အဲဒီမှာ ရွေးချယ်သူတွေက အစိုးရ၀န်ထမ်းတွေနဲ့ ရွာသားနှစ်ဆယ်လောက်သာဖြစ်ပြီး ကျန်တရွာလုံးကို ဖိတ်ခေါ်ခြင်း မရှိဘူးလို့ ဖယ်ဒိုကျေးရွာသားတဦးက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့ ပတ်သက်လို့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလိုပဲ မွန်ပြည်နယ်မှာလည်း စည်းကမ်းဥပဒေပြဋ္ဌာန်းမှု မရှိသေးတာကြောင့် ခုထက်ထိ တိတိကျကျ ခန့်အပ်နိုင်မှု မရှိသေးဘဲ ဖြစ်နေတာပါ။
ချောင်းဆုံ၊ ကျိုက်မရော ဘီလူးကျွန်းစတဲ့ မြို့နယ်တွင်းက ကျေးရွာတွေမှာလည်း ရာထူးကို မခန့်အပ်နိုင်သေးပေမယ့် ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေကိုသာ လျာထားရွေးချယ်နေတာ တွေ့ရတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။
ရွာသားတွေအကြားမှာတော့ ရွာမှာ သူတို့နှစ်သက်ရာ ပုဂ္ဂိုလ်ကို အုပ်ချုပ်ရေးမှူးအဖြစ် သူတို့ကိုယ်တိုင် တင်မြှောက်ချင်ကြပါတယ်။
ဒါမေပယ့် လက်ရှိ ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်ရေးနဲ့ပတ်သက်လို့ စည်းမျဉ်းဥပဒေ တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိတာကြောင့် မကြာခင်ကျင်းပမယ့် ပါလီမန်မှာ အဆို တင်သွင်းနွေးဖို့ နိုင်ငံရေးပါတီတွေက ပြင်ဆင်နေကြပါတယ်။
No comments:
Post a Comment