Friday, July 1, 2011

ဖားကန့်မြို့နယ်တွင် ဆိုးဆိုးဝါးဝါး ရေကြီးမှုဖြစ်

နော်နိုရင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဒီကနေ့ ရေကြီးရေလျှံမှု ဆိုးဆိုးဆိုးဝါးဝါး ဖြစ်ပွားနေပါတယ်။

ဖားကန့်မြို့ အပါအ၀င် ဥရုချောင်းတလျှောက်က ရွာတွေမှာ ရေနစ်နေတာ ဖြစ်ပြီး ဖားကန့်မြို့နယ် လုံးခင်းရွာလယ်လမ်းမမှာ ရေ ၇ ပေလောက် မြင့်တက်ခဲ့လို့ အကုန်လုံး ခေါင်မိုးတွေပေါ်မှာ တက်နေကြရတယ်လို့ လုံးခင်းရွာသားတဦးက ပြောပါတယ်။

ဒါကြောင့် ပျက်စီးမှုနှုန်းက သိန်းပေါင်း သောင်းချီမယ်လို့ သူက ပြောပါတယ်။

“ဆုံးရှုံးတာပေါ့။ ရှိရှိသမျှ ပတ်ပတ်လည် အကုန်လုံး။ ကိုယ်လည်း သူ့ကို မကယ်နိုင်၊ သူလည်း ကိုယ့်ကို မကယ်နိုင် အကုန်ဆုံးရှုံးတာပဲ။ ဆန်အိတ်တွေ နို့ဆီဖာတွေ အကုန်လုံးပဲ။ ခန့်မှန်းတွက်ရင်တော့ သိန်းပေါင်း သောင်းချီမှာပေါ့။”

ညနေပိုင်းမှာတော့ ရေဆက်မတက်ပေမယ့် ရွာတွင်းရေတွေ တန့်နေတယ်လို့ ဆိုပါတယ်။

လုံးခင်းရွာဟာ အိမ်ခြေ ၇ ထောင်လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး ချင်းတွင်းမြစ် အတွင်း စီးဆင်းနေတဲ့ ဥရုချောင်းဘေးမှာ တည်ရှိနေတဲ့အတွက် အခုလို ရေဘေးကြုံရတာလို့ ဆိုပါတယ်။

လက်ရှိရေကြီးနေတဲ့အတွက် ဒေသခံရွာသားတွေဟာ အိမ်ခေါင်မိုးတွေမှာ တက်နေကြပြီး တချို့တော့ စားရေးသောက်ရေးအတွက် မိမိဘာသာ အဆင်ပြေသလို လုပ်ဆောင်နေကြရတယ်လို့ အဲဒီ ရွာသားက ပြောပါတယ်။

“ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ။ ခေါက်ဆွဲပြုတဲ့သူက ပြုတ်၊ ဆန်ရှိတဲ့သူက ခေါင်မိုးပေါ်မှာ ထမင်းအိုးလေး တည်ပြီးတော့ စားကြပေါ့။ တခြားကတော့ ဘာမှ မျှော်စရာမရှိပါဘူး။”

ဒီလိုဆိုးဆိုးဝါးဝါး ရေကြီးမှု ဖြစ်ပွားတာဟာ စီးပွားရေးသမားတွေက ရွှေတူးဖော်ရာမှာ ချောင်းတွင်း မြေစာတွေဖို့ပြီး ပြန်လည်တူးဖော်တာ မရှိတဲ့အတွက် ချောင်းရေကြီးလာပြီး ရွာထဲ ရေမြုပ်ကုန်တာလို့ ဆိုပါတယ်။

“အဓိက ရေကြီးတာက ချောင်းကိုမဖော်လို့ပါ။ ရွှေကျင်းတွေလုပ်တဲ့ဟာတွေက အကုန်လုံး ချောင်းထဲကို မြေစာတွေ ဖို့ထားတော့ မြေစာက တက်လာလို့ ချောင်းက မြင့်တက်လာပြီး ရွာက နိမ့်ပြီး မြုပ်သွားတယ်။ ဒီနှစ်က ပိုဆိုးတယ်။ ခေါင်းမိုးတွေဘာတွေ ဖောက်ထွက်ပြီးမှ နေရတာဆိုတော့ ပိုဆိုးတာပေါ့။ စားတဲ့လူကတော့ လုပ်စားသွားကြတာပေါ့၊ သူဌေးတွေက ချမ်းသာပြီးရင် ချမ်းသာ၊ ကျုပ်တို့ ဆင်းရဲသားတွေကတော့ နစ်ပြီးရင်း နစ်ကြတာပေါ့။ ”

ဒီအခု ရေကြီးမှု ဖြစ်တာဟာ နှစ်ပေါင်း ၃၀ အတွင်း ရေကြီးမှု အဆိုးဝါးဆုံး ဖြစ်တာလို့ ဒေသခံက ပြောပါတယ်။ အရင် ၁၉၉၄ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးပေမယ့် ဒီနှစ်လောက် မဆိုးဝါးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

No comments: