Thursday, July 14, 2011

SSA နှင့်KIA ပူးပေါင်းတိုက်ခိုက် ၊ အစိုးရတပ်ဘက်မှ ၅ ဦးသေ

သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ် မိန်းမို ကျေးရွာအုပ်စု မန့်စန်ပူးရွာ အနီးတွင်သျှမ်းပြည် တပ်မတော်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တွေ့ဆုံ တိုက်ပွဲ အတွင်း အစိုးရတပ်မှ ၅ ဦးကျဆုံးကြောင်း သိရသည် ။

တစ်နာရီကြာ ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး ၊ တပ်ကြပ်တစ်ဦးနှင့် တပ်သား ၃ ဦး ကျဆုံးသွားကြောင်း သျှမ်းတပ်သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ အဲဒီနယ်မြေမှာတော့ ကွတ်ခိုင်ဗျူဟာအောက်က ခလရ ၁၂၃ တပ်ရင်းလှုပ်ရှားတယ် ပူးပေါင်းတပ်ဖွဲ့ အင်အားကတော့ ၂၀ ကျော်လောက်နဲ့ တွေ့ဆုံတိုက်ပွဲဖြစ်တာပေါ့ နေ့လည် ၁၁ နာရီခွဲလောက်မှာ ပြီးသွားတယ် ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး ” ဟု သျှမ်းတပ်အရာရှိက ဆိုသည် ။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော သျှမ်းနှင့်ကချင်လက်နက်ကိုင်များသည် နယ်မြေခြင်း ထိစပ်နေသဖြင့် စစ်ရေးအရ နီးကပ်စွာ ပူးပေါင်းမှုရှိနေရာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း သျှမ်းတပ်များ ပါဝင် ကြောင်း သိရသည် ။

လွန်ခဲ့သည့် ၅ ရက်ခန့်က ကချင်ပြည်နယ် မန်စီမြို့နယ် စီခမ်းကြီးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်သျှမ်းတပ် များ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည် ။

သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် နမ့်ကိုင်ဖိတ်အနီးတွင် သျှမ်းတပ်နှင့် အစိုးရတပ်တို့ အကြား ယမန်နေ့ညပိုင်းမှ ယနေ့နံနက်ပိုင်း အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည် ။

No comments: