ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့မှာ ညမထွက်ရ အမိန့်ထုတ်ထားပြီး သာမန် အရပ်သားပြည်သူတွေကို ပေါ်တာအဖြစ် လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်နဲ့ ဖားကန့် မြို့နယ်တွေမှာတော့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ပေါ် မူတည်ပြီး တချို့မြို့နယ်တွေမှာ ည ၇ နာရီမှ စတင်ပြီး တချို့မြို့နယ်တွေမှာတော့ ည ၉ နာရီ ကတည်းက ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။
“ညမထွက်ရအမိန့် ထုတ်ထားတာက မိုးကောင်းမြို့နယ် တနယ်လုံးဗျ။ မိုးညှင်းမြို့နယ်လည်း ဒီလိုပဲ။ ဟိုပင်လည်း ပါတယ်။ ည ကိုးနာရီ လည်း မထွက်ရ။ လုံခြုံရေးကတော့ အပြည့်ပဲ။ မြန်မာစစ်သားတွေ ခလရ ၃၈၉၊ ခလရ ၄၀ စောင့်တယ်။ ကားလမ်းမှာကျတော့ ခလရ ၅၁၊ ၃၈၈၊ ၃၈၉ စောင့်တာ။ တချို့ကျတော့ ၁၀ နာရီ ဖြတ်လို့ရတယ်။ ပင်းဘောတိုက်နယ်မှာ ဖြတ်လို့ မရဘူး။ ည ၇ နာရီ ကတည်းက ဖြတ်လို့ မရဘူး။ ၃၈၃ တပ်ရင်းက ည ၇ နာရီခွဲကတည်းက ဖြတ်လို့ မရဘူး။ မှော်ထဲ ပြန်တဲ့ ကားတွေ ဖြတ်လို့မရတော့ နီးစပ်ရာမှာပဲ အိပ်လိုက်ရ တယ်။”
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း စစ်တပ်ကနေ စစ်ဆင်ရေးအတွက် အထမ်းသမားပေါ်တာတွေ ဖမ်းနေလို့ အဲဒီဒေသမှာ အလုပ် လုပ်ကိုင်နေတဲ့ ကျောက်စိမ်းတွင်းတူး လုပ်သားတွေကလည်း ကြောက်ရွံ့နေကြတယ်လို့ ဖားကန့်မြို့နယ်က ဒေသခံတဦးက ဆိုပါတယ်။
ဇွန်လ ၉ ရက်နေ့ကတည်းက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ အခုဆို နှစ်လ ကျော်သွားခဲ့ပါပြီ။
တရုတ်-မြန်မာနယ်စပ်က လာတဲ့ သတင်းတွေအရ မြန်မာစစ်တပ်ဖက်က အနည်းဆုံး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။
No comments:
Post a Comment