Tuesday, August 9, 2011

ဂွမြို့တွင် တတိယ အကြိမ် မိုးကြီး၊ တောင်ပြို၊ ကားလမ်းပိတ်

စံလင်း

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ယခုနှစ် မိုးရာသီ အတွင်း တတိယ အကြိမ် မိုးကြီး တောင်ပြို၍ မြေများ ဖုံးကာ ကားလမ်းများ ပိတ်နေသဖြင့် သွားလာရေး ခက်ခဲကာ ဒေသခံပြည်သူများ ဒုက္ခ ရောက်နေကြရကြောင်း သတင်း ရရှိသည်။

ဒေသခံ တစ်ဦးက ဂွမြို့နယ် မိုးဆက်တိုက်ရွာနေသဖြင့် ဖြစ်ပေါ်နေသော လက်ရှိ အခြေအနေကို ယခုလို ပြောသည်။

“အခုကို မိုးက တအားကြီးနေတယ်။ မိုးဆက်တိုက် ရွာတာ သုံးရက်လောက်ရှိပြီ။ အခု ဂွ-သံတွဲ ကားလမ်းမှာ ဆတ်သွားရွာ ဆိုတာရှိတယ်။ ဂွမြို့ကနေ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ နေရာမှာ တောင်ပြိုနေလို့ လမ်းပိတ်နေတာကြောင့် ကားတွေ သွားလို့ မရဖြစ်နေပါတယ်။ ဒါ့ပြင် တံတားတွေလည်း ပြိုနေတယ်လို့ သိရတယ်။ လမ်းပန်း ဆက်သွယ်ရေးက ပြတ်တောက်နေတော့ သွားရေး လာရေး ဒေသခံတွေ တော်လေး ဒုက္ခဖြစ်နေကြတယ်။”

၎င်းပြင် သွားလာရေး ခက်ခဲ နေသဖြင့် ကုန်ဈေးနုန်းများ မြင့်တက်နေကြောင်းကိုလည်း သူက ယခုလို ပြောသည်။

“ ကုန်ဈေးနှုန်းတွေကလည်း တက်ပီးရင်း တက်နေပါတယ်။ ဆန်တွေက အစ အကုန်လုံး ဈေးတက်နေတယ်။” ဟု ပြောသည်။

လယ်သမားများ အခက်ကြုံနေရပုံကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ လယ်တွေကလည်း စပါး ပြန်စိုက်လို့ မရတော့ဘူး။ မျိုးစပါးတွေ အလုံးအလောက် အဆင်မပြေ ကြဘူး။ ဒီမိုးတွင်းမှာ ရေက နှစ်ခါ သုံးခါကြီးတော့ မျိုးစပါးတွေက လုံးဝကို မရှိတော့တာ။ သမ္မတ ဦးသိန်းစိန်တို့ လာတုန်းကတော့ ငါးသိန်းတန် ဖုန်းတလုံး ပေးခဲ့တယ်။ အဲဒီ ဖုန်းက ရေဘေး အကူအညီနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ ကျနော်လည်း မသိဘူး။ မျိုးစပါးတွေကျတော့ အဆင်ပြေအောင် လုပ်ပေးခဲ့တာ မရှိဘူး ” ဟု သူက ဆက်ပြီး နိရဉ္စရာသို့ ပြောသည်။

ဂွမြို့နယ်ရှိ လယ်သမားများမှာ လယ်ကွင်းများကို အကြိမ်ကြိမ် ရေမြှုပ်ခံရပြီး မျိုးစပါးများ လုံးဝ မရှိတော့သည့်အတွက် အခုခါ လယ်ကွင်းများကို ဆက်မလုပ်နိုင်တော့ဘဲ ပစ်ထားရကြောင်း သိရသည်။

တချို့ဆင်းရဲသော လက်လုပ် လက်စားများမှာ ထမင်းကို နပ်မှန်အောင် မစားရသည့် အခြအနေမျိုးနှင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်။

“ကယ်ဆယ်ရေးကိုတော့ ရွာကြီးတွေက တတ်နိုင်သလောက် လုပ်ပေးရတယ်။ အစိုးရဘက်က ဘာမှ လုပ်မပေးပါဘူး။ အခုလည်း ဂွမြို့နယ် ရွာကြီးတွေက ရေလျှံသွားတဲ့ ချောင်းဖျားဘက် ရွာတွေကို စားရေး သောက်ရေး အခက်ခဲဖြစ်နေသူတွေကို ကိုယ်ထူကိုယ်ထက် တအိမ်ကို ဆန်တပြည် ကောက်ပြီးတော့ သွားလှူကြတယ်။ မိုးကြီးတော့ အလုပ်ကိုင်ကလည်း ရှား၊ ဝင်ငွေက မရှိတော့ သူတို့အတွက် အတော်လေး အကူညီလိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဂွမြို့နယ်တွင် ပထမအကြိမ်ဖြစ် ဇွန်လ ၂၅ ရက်နေ့က စံချိန်တင် မိုး ရေချိန် ၁၃ ဒသမ ၄၆ လက်မ ရွာသွန်းခဲ့ပြီး ဂွ-ငါးသိုင်းချောင်း လမ်းပေါ်ရှိ တောင်ပေါ်လမ်းတွင် မြေပြို၍ လမ်းပျက် စီးခဲ့ရသည်။ ဒုတိယ အကြိမ်အဖြစ် ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ မိုးကြီးရေကြီး မှုဖြစ်ပွားပြီး အိမ်များပြိုပျက်ခဲ့ပြီး လယ်ကွင်းများလည်း ရေလွှမ်းခဲ့သည်။ အခု ရေကြီးခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး သြဂတ်စ်လ ၆ ရက်နေ့မှစ၍ မိုးကြီးနေခြင်း ဖြစ်သည်။

No comments: