ဒီဗွီဘီ
ယခင် တြိဂံဒေသတိုင်းမှူးဟောင်း တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် ကျော်ဖြိုး၊ လက်ရှိ တြိဂံဒေသ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး တို့ကို အခုလ ၈ ရက်နေ့က စစ်ရာထူးက ဖြုတ်ပြီး အရေးယူထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်အရ သိရပါတယ်။
ဗိုလ်ချုပ်ကျော်ဖြိုးဟာ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ယမန်နှစ် ဩဂုတ်လကုန်ပိုင်း စစ်ရာထူးအပြောင်းအရွှေ့ကာလအတွင်း တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ရာထူးတိုးမြှင့်ခံခဲ့ရသလို ဗိုလ်မှူးချုပ် သန်းထွန်းဦးကတော့ အမှတ် ၁၄ စစ်ဆင်ရေးကွတ်ကဲမှု စစ်ဌာနချုပ်(စကခ) မှူး ကနေ တြိဂံဒေသ တိုင်းမှူးဖြစ်လာခဲ့ပါတယ်။
လာဘ်စားမှုနှင့်အာဏာအလွဲသုံးစားမှုတို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ် တင်ငွေ၊ ဗိုလ်ချုပ် မြင့်စိုး၊ ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း အပါအဝင် ထိပ်တန်း စစ်ဘက်အရာရှိတွေကို ခေါ်ယူစစ်ဆေးနေပြီး အချို့ကို စစ်ဘက်က အနားပေးတာ တွေရှိခဲ့ပါတယ်။
အဲဒီထဲက ဗိုလ်ချုပ်ကျော်ဖြိုးနဲ့ ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ နှစ်ဦးကို စစ်ရာထူးက ဖြုတ်ပြီး ဖမ်းဆီးတဲ့သတင်း ပေါ်ထွက်လာတာဖြစ်ပါတယ်။
လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှုနှင့် ပတ်သက်လို့ ရာထူးကနေ ဖြုတ်ကာ ဖမ်းဆီးတဲ့ဖြစ်ရပ် တပ်မတော် လောကမှာ အတော်ရှားပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဘနဲ့ ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ကို ဖမ်းဆီး ထောင်ချခဲ့သလို ၂ဝဝ၄ ခုနှစ်က အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းကာ ညွှန်ချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အားလုံးနီးပါး ဖမ်းဆီး အရေးယူဖူးပါတယ်။
No comments:
Post a Comment