ရိုးမ ၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းက တပ်မတော်ပင်စင်စားတွေရဲ့ ကျန်ရစ်သူ ဇနီးနဲ့သားသမီးတွေဟာ ပင်စင်အမွေဆက်ခံသူအဖြစ် အစိုးရထံ လျှောက်လွှာတင်ဖို့ ပင်စင်စားရဲ့ သေဆုံးထောက်ခံစာကို မြို့နယ်ဆေးရုံကြီးတွင် သွားယူတဲ့အခါ ဆေးရုံအုပ်ထံ ငွေပေးဆောင်နေရသည်။
မြန်မာအစိုးရက ဇူလိုင်လကစပြီး အငြိမ်းစားပင်စင်လစာငွေ တိုးမြှင့်ထုတ်ပေးမယ်လို့ ကြေညာခဲ့ပြီးနောက် ပင်စင်စား အမွေဆက်ခံ သူတွေအနေနဲ့ ပင်စင်ရသူရဲ့ သေဆုံးစာရင်းထောက်ခံစာကို မြို့နယ်ဆေးရုံကြီးမှာ ယူပြီးမှ ပင်စင်အမွေဆက်ခံသူအဖြစ် အစိုးရပင်စင်ရုံးကို လျှောက်လွှာတင်ရပါသည်။
ဒီလိုပင်စင်အမွေဆက်ခံသူအဖြစ် လျှောက်လွှာတင်နိုင်ဖို့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း စစ်ဘက်ပင်စင်စားတွေရဲ့ ဇနီးနဲ့သားသမီး အမွေဆက်ခံနိုင်သူတွေဟာ ဆေးရုံကြီးက ထောက်ခံစာရရှိရန်အတွက် ငွေပေးဆောင်နေရသည်။
ငွေပေးဆောင်ရတာနဲ့ ပတ်သက်လို့ စစ်ဘက်ပင်စင်စား မိသားစုဝင်တဦးက “နိုင်ငံတော်က တပ်မတော်ပင်စင်စားများကို လစာတိုးမြှင့် ခံစားဖို့ရာ အတွက် လေဒီယို၊ တီဗွီတွေကမှ ကြေညာနေပါပြီ ကြေညာနေတဲ့အခါ သေဆုံးသူမိသားစုတွေက ထောက်ခံစာပေါ့ ဖွားသေပုံစံ စာရင်း ၂၀၃ ပေါ့ဗျာ ဆေးရုံကိုသွားယူတဲ့အခါ မြို့နယ်ဆရာဝန်မကြီး ဒေါက်တာလှလှဌေးက တယောက်ကို နှစ်သောင်းတောင်းပါတယ်” ဟု ရှင်းပြသည်။
ပင်စင်စားအမွေဆက်ခံသူတွေကို ဘယ်သူ့ကိုမဆို ဖွားသေစာရင်း ထုတ်ပေးနေပြီး သက်သက်မှတ်မှတ်ငွေကြေးတောင်းခံတာမရှိဘဲ သဒ္ဒါကြေးတော့ လက်ခံတယ်လို့ မတ္တရာမြို့နယ် ဆေးရုံကြီး တာဝန်ကျ ၀န်ထမ်းတဦးက “နယ်ခံဆေးမှူးတွေရှိတယ်လေ တိုက်နယ်ဆို တိုက်နယ်ဆရာဝန်ရှိတာပေါ့ ခုနပြောတဲ့ သေစာရင်းတို့ကို မှတ်ပုံတင်တို့ စာရင်းသွင်းပြီးမှ ဒီကိုယူလာခဲ့ရင် တခေါက်တည်းပြီးတာပေါ့ဗျာ ဘယ်နယ်ကနေမှ ဆုံးခဲ့တာလဲဆိုတာ အဲဒီဟာလိုသေးတာကို သဒ္ဒါလှူပေါ့ သက်သက်မှတ်မှတ်မရှိပါဘူး” ဟု ရှင်းပြသည်။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်နေ့ မတိုင်မီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေနဲ့ နိုင်ငံရေးအငြိမ်းစားတွေရဲ့ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ အငြိမ်းစားယူပါက ရရှိမယ့် ပင်စင်ခံစားခွင့်အတိုင်း အငြိမ်းစားယူခဲ့တဲ့ နောက်ဆုံးရထူး၊ ချိန်နှုန်းလစာနဲ့ ကိုက်ညီတဲ့ ပင်စင်နှုန်းတွေကို ၂၀၁၁ ခုနှစ် ဇူလိုင်လကစပြီး တိုးမြှင့်ခံစားခွင့်ပြုလိုက်တယ်လို့ သမ္မတ ဦးသိန်းစိန်အစိုးရသစ်က ၂၀၁၁ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။
အစိုးရက တရားဝင်ကြေညာခဲ့ပေမယ့်လည်း ဇူလိုင်လ ပင်စင်လစာတိုးမြှင့်ခံစားခွင့်က ထုတ်မရသေးဘူးလို့စစ်ဘက်အငြိမ်းစား ပင်စင် အမွေဆက်ခံသူ အမျိုးသမီးက “မရသေးဘူး ရှစ်လပိုင်းကုန်မှ ပေါင်းထုတ်မယ်လို့ကြားတာ လျှောက်တော့ လျှောက်ပြီးပြီပေါ့နော် တွက်တတ် တဲ့သူက တွက်ပေးတာပဲ သေချာလားတော့မသိဘူး ထုတ်မှပဲသေချာတော့မှာပေါ့” ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် အငြိမ်းစားလစာတိုးမြှင့်မှုနှင့် အကျုံးဝင်တဲ့ အငြိမ်းစားဝန်ထမ်း ဦးရေ (၈) သိန်းလောက်ရှိတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲလိုအငြိမ်းစားပင်စင်စားသူတွေရဲ့ အမွေဆက်ခံသူတွေအနေနဲ့တော့ အမွေ ဆက်ခံခွင့်လျှောက်လွှာကို သက်ဆိုင်ရာမြို့နယ်အလိုက် ပင်စင်ရုံးတွင် တင်သွင်းရပြီး သေဆုံးစာရင်းထောက်ခံစာနဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းရတဲ့ အဆင့်တွေကြောင့် အခက်အခဲတွေ ရှိနေကြသည်။
No comments:
Post a Comment