စစ်မှန်တဲ့ ဖက်ဒရယ် မပေါ်မချင်း မြန်မာအစိုးရသစ်ကို ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကရင်နီတိုးတက်ရေးပါတီရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူးက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ၆၃ နှစ်ပြည့် ကရင်နီတော်လှန်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ် ဘီတူးက ပြောကြားခဲ့တယ်လို့ အခမ်းအနား တက်ရောက်ခဲ့တဲ့ ကန္တရဝတီတိုင်း သတင်းဌာနမှ ကူးရယ်က ပြောပါတယ်။
“ဗိုလ်ချုပ်ဘီတူးပြောသွားတာက သူတို့ရဲ့ ရဲဘော်တွေ၊ ပြည်သူတွေ နောက်ပြီး သူတို့ရဲ့အယူအဆတွေက တကယ်စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်လာသရွေ့ တိုက်ပွဲဆက်ဝင်သွားမယ်ပေါ့။”
၆၃ နှစ်မြောက် ကရင်နီတော်လှန်ရေးနေ့ အခမ်းအနားကို ကယားပြည်နယ် ကရင်နီတိုးတက်ရေးပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပြီး မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် ပရိသတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံ ကြိုဆိုပေမယ့် မြန်မာအစိုးရကနေ အပစ်ခတ် ရပ်စဲရေး ကမ်းလှမ်းခဲ့ရင်တောင် ကရင်နီတိုးတက်ရေးပါတီအနေနဲ့ လက်ခံမှာမဟုတ်ဘဲ တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့အနေနဲ့ပဲ လက်ခံမှာလို့ ဗိုလ်ချုပ်ဘီတူး ပြောဆိုသွားတယ်လို့လည်း ကူရယ်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ ကရင်နီပြည်ကောင်စီဥက္ကဋ္ဌ ဦးဘီတူရီ နေထိုင်တဲ့ မြလဲရွာကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်တဲ့နေ့ကို ကရင်နီတော်လှန်ရေးနေ့လို့ သတ်မှတ်ခဲ့တာပါ။
ကရင်နီတိုးတက်ရေးပါတီဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ပေမယ် လအနည်းငယ်အကြာမှာပဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ပျက်သွားခဲ့ပါတယ်။
No comments:
Post a Comment