အံ့ဘုန်းမြတ်
ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့်ဧရာဝတီ မြစ်ကို အမှီပြုနေရတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိနိုင်ဘူးလို့ အစိုးရက တုံ့ပြန်ရေးသားလာပါတယ်။
ဒီကနေ့ထုတ် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာမှာ ဆောင်းပါးတပုဒ်နဲ့ ခုခံရေးသားလာတာဖြစ်ပါတယ်။
ဒီစီမံကိန်းတွေကြောင့် ဧရာဝတီမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း တရုတ်နဲ့ မြန်မာပညာရှင်တွေပါဝင်သော အဖွဲ့က သတိပေးခဲ့ပြီးဖြစ်သလို ပြည်တွင်း ပြည်ပက ဒီစီမံကိန်းတွေအပေါ် ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်း အခုလို ရေးသားလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စီမံကိန်းတည်ဆောက်မှုတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း ကျောက် သဲ ထုတ်လုပ်တဲ့ နေရာ၊ အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာ၊ လမ်းတွေဖောက်လုပ်တဲ့ နေရာတွေအပါအဝင် စီမံကိန်းတွေရဲ့ မြိုပြအင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေပါ ရရှိနေကြပြီလို့လည်း ရေးသားထားပါတယ်။
ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေမှာတော့ မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇောနဲ့ လိုက်ဇာ စတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၈ ခုဖြစ်ပြီး ဒီကနေ မီဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီ တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီက (၁၅) နှစ်အတွင်း အပြီးတည်ဆောက် သွားဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
No comments:
Post a Comment