ရန်ပိုင် Saturday, 20 August 2011
မြန်မာ့ ဒီမို ကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များအား တွေ့ဆုံ မှုနှင့် ပတ်သက်၍ ကျေနပ် အားရမှု ရှိကြောင်း ပြောဆို သည်ဟု လုံခြုံရေး တာဝန်ယူ ထားသည့် ဦးခွန်သာမြင့်က ပြောသည်။
ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ နံနက် ၁၁ နာရီ ခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားပြီဖြစ်ရာ မထွက် ခွာမီ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ သို့ သွားရောက် ခဲ့သည်။
ဆွေးနွေးပွဲ ခေတ္တ ရပ်နား နေစဉ် ဒေါ်အောင်ဆန်း စုကြည် သည် အမှတ် (၁) နှင့် (၂) စက်မှု ဝန်ကြီး ဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ် သမား ဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း ဦးခွန်သာမြင့်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ထိုသို့ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့်လည်း တွေ့ဆုံနှုတ်ဆက်လိုကြောင်း ပြောဆိုသည်ဟု အစိုးရအသိုင်း အ၀န်းက ပြောသည်။
သို့သော် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးခွန်သာမြင့်က မသိရှိဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ မှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှု မြန်ဆန်သည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံး တောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူ ကြရတာဖြစ်တယ်။ ကျနော်ထင်တယ်၊ အကောင်းဘက်ကို ပိုသွားနေတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုကို ယမန်နေ့ညက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမည်” ဟု ပြောဆိုကြေညာ သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မြန်မာအစိုးရဘက်က လျစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရား အမြင်အရ ပြောရရင် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများ မျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။
တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာအတွက် မြန်မာအစိုးရက တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမှုမျိုး လုပ်ပြခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
“အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ တကယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား တွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့။သိပ်ပြီး မျှော်လင့် တာမျိုးလည်း မဖြစ် သင့် ဘူး” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
No comments:
Post a Comment