Thursday, August 11, 2011

နယ်စပ်ကုန်သွယ်ရေး ကားလမ်း ပျက်စီး၍ အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ရပ်ဆိုင်းနေ

KHONUMTHUNG NEWS GROUP

မြန်မာနိုင်ငံ ချင်းပြည်နယ် နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကြား ဆက်သွယ်ထားသော အမှတ်(၂) နယ်စပ်ကုန်သွယ် ရေးကား လမ်းမကြီး နေရာတချို့၌ မြေပြိုကျပြီး ကားလမ်းပျက်သွားသောကြောင့် နှစ်နိုင်ငံကုန်သွယ်မှု လောလောဆယ် ရပ်ဆိုင်းနေသည်။သြဂုတ်လ ဆန်းပိုင်း ကစပြီး မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ချင်းပြည်နယ် အတွင်း တီးတိန်မြို့မရောက်ခင် ဆိုဇန်ရွာနား နှင့် တီးတိန် မြို့အလွန် လိုင်သွီး နှင့် ရွာသစ် ကျေးရွာအကြားတို့တွင် ၅ နေရာခန့် ကားလမ်းပြိုကျပျက်စီးသွား သည်ဟု တီးတိန်မြို့ခံက ပြောသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးတခုအဖြစ် အသုံးပြုနေသော အဆိုပါ ချင်းပြည် နယ် ရိဒ် – တီးတိန် – ကလေး ကားလမ်းမှာ ကတ္တရာလမ်းမဟုတ်ပဲ မြေလမ်းဖြစ်သည်။ ပြီးခဲ့သည့် ၇ ရက်နေ့ကစ၍ ကားအတက် အဆင်းမရတော့ဘဲ ကုန်စည်စီး ဆင်းမှု ရပ်ဆိုင်း သွားခဲ့ခြင်းဖြစ်သည်။

‘‘ အမတို့ပစ္စည်းတွေတောင်မှ (ကလေးမြို့မှာ) ကျန်နေတယ် ကားတွေလုံးဝတက်မလာနိုင်ဘူး လမ်းကတအားပြိုနေ တော့လေ’’ ဟု မီဇိုရမ် တွင် ကုန်ကူးသန်းရောင်းဝယ်နေသော ကုန်သည်အမျိုးသမီးတဦးကပြောသည်။

ပွင့်လင်းရာသီချိန်တွင် ယင်းလမ်းကြောင်းမှတဆင့် တနေ့လျင် ကုန်တင်ကား နှင့် ခရီးသည်သီးသန့်တင်သည့် ကားအစီး ၂၀ ကျော်ခန့်သွားလာသည်။ အဓိကအားဖြင့် မြန်မာဘက်မှ တရုတ်ထုတ် လူသုံးကုန်၊ အိမ်သုံးကုန်များကို မီဇိုရမ် ဘက်သို့တင်ပို့လျက်ရှိပြီး မီဇိုရမ်ဘက်မှ ဓာတ်မြေသြဇာကို မြန်မာပြည်တွင်းသို့ တင်ပို့သည်။

ကားလမ်းပျက်စီးနေမှုကြောင့် ကလေးမြို့ဘက်မှ ကုန်ပစ္စည်းများတင်သွင်းနိုင်ခြင်းမရှိတော့သည့်အတွက် တီးတိန်မြို့တွင် ဆန်၊ ဆီ နှင့် ဓာတ်ဆီများ ပြတ်လပ်သလောက် ဖြစ်နေကြောင်း တီးတိန်မြို့ခံကပြောသည်။

မတ်စောက်မြင့်မားလှသောတောင်တန်းများကို ဖြတ်သန်းကာသွားလာနေရသော ကလေး – တီးတိန်- ရိဒ် ကားလမ်းသည် မိုင်ပေါင်း ၇၀ ခန့်သာရှိသော်လည်း ပုံမှန်အားဖြင့် ၁၀ နာရီကျော်ကြာ မောင်းနှင်ရသည်။

ကားလမ်းကို ချင်းပြည်နယ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌါနလက်အောက်တွင်တည်ရှိသော လမ်းသစ်တူးဖော်ရေးအဖွဲ့ က စတင်ပြုပြင်နေပြီဖြစ်ကြောင်းတီးတိန်မြို့ခံတဦးကပြောသည်။

‘‘ကားမပြောနဲ့ လူတောင်မှသွားလို့အဆင်မပြေဘူး၊ ဒါပေမယ့် လမ်းသစ်တူးဖော်ရေးအဖွဲ့စပြင်နေပြီ ၂ ပတ်လောက်တော့ ကားသွားလို့ရဦးမှာဟုတ်ဘူးလို့သိရတယ်’’ ဟုသူကပြောသည်။

ယခုပျက်နေသော ကားလမ်းကို ကြည့်ရှူစစ်ဆေးရန်အတွက် ချင်းပြည်နယ်ဝန်ကြီးချူပ်ဦးဟုန်းငိုင်းကိုယ်တိုင် တီးတိန်မြို့ သို့ လာရန်ရှိကြောင်း အဆိုပါမြို့ခံကပြောသည်။

အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးသည် မိုးရာသီတွင် ယခုကဲ့သို့ ကားလမ်းပြိုကျခြင်း၊ ကားမှောက် ခြင်းများ မကြာခဏဖြစ်လေ့ရှိပြီး သေဆုံးမှုများလည်းရှိခဲ့သည်။ ယခုနှစ်တွင်မူ မိုး ပိုမို သည်းထန်သဖြင့် ကားလမ်းပြိုပျက်စီးမှုမှာ ယခင်နှစ်များကထက် ပိုမို ဆိုဝါးသည်။

No comments: