Wednesday, February 15, 2012

လူမျိုးရေးစော်ကားမှုအပေါ် အထက်သို့ မတင်ပြရန် လက်ထောက် ကထိက မှ ချင်းကျောင်းသားများအား တောင်းဆို

ပခုက္ကူတက္ကသိုလ် ဌာနမှူးက ချင်းကျောင်းသူတဦးအား လူမျိုးရေးအရ စော်ကားပြောဆိုမှုအပေါ် အထက်သို့ တင်ပြ အကြောင်း ကြား ခြင်း မပြုရန် ချင်းကျောင်းသားခေါင်းဆောင်များအား တောင်းဆိုခဲ့ ကြောင်း သိရသည်။

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့  က လက်ထောက် ကထိက၊ ရုက္ခဗေဒ ဒုတိယနှစ်ဂုဏ်ထူး တန်း ၊ ဆရာမ ဒေါက်တာ ဒေါ်ခိုင် ခိုင် မြင့် (မုံရွာ) က ချင်းကျောင်းသားများ အား လူမျိုးရေးအရ နှိမ့်ချ ပြောဆိုခဲ့သော ကြောင့် တက္ကသိုလ် မော်ကွန်းထိန်းထံ ဆရာမအား အ ရေး ယူပေးပါရန် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မီတီက တင်ပြကြသည်။

ယမန်နေ့  Botany ဌာနတွင်ပြုလုပ်သည့် အစည်းအဝေး၌ ဌာနမှူး ဒေါက်တာ ဒေါ်ခင်ဝင်းမူ က ယခု လိုမျိုး ဖြစ်ရပ်ဟာ တော်တော် ရှက် စရာ ကောင်းသဖြင့် အထက်သို့  မတင်ပြရန် ချင်းကျောင်းသား ခေါင်းဆောင် များအား တောင်းပန်ခြင်း ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မီတီ အတွင်းရေးမှူး ဆလိုင်း ဘီအိတ်ခ်ျ ဘီးဇကျိုး ကပြောဆိုခဲ့သည်။

“အစည်းအဝေးမှာ ဌာနမှူးနှင့် တကွ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများ စသည်ဖြင့် သူတို့ ဘက် ကနေ ၁၅ ဦးပါတယ်၊ ကျတော်တို့  ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မီတီဖက်က ကျတော် ရယ်၊ ဆလိုင်း ဟုန်းလိန်း၊ ဆလိုင်း ဌေးဝင်း၊ ဆလိုင်း ထိုက်ဆို၊ မိုင် လီပါရ်မွှေးနှင့် မိုင် ကြည်ကြည်ဝင်း တို့ (၆) ယောက်ပါ တယ် ” ဟု ဆလိုင်း ဘီအိတ်ခ်ျ ဘီးဇကျိုးက ဆိုသည်။

သူကဆက်လက်ပြီး မိမိတို့ အနေဖြင့် ဌာနမှူးထံပြောပြရုံနှင့် လုံလောက်မည်မထင်ကြောင်း၊ အနည်း ဆုံး ပါမောက္ခချုပ်နှင့် တကွ ပခုက္ကူ တက္ကသိုလ်က ဌာနမှူးတွေ စုံညီ အစည်းအဝေးမှာသာ ယခုကိစ္စ ပြောဆိုဆွေး နွေးလိုကြောင်း ခိုနူမ်းထုန် သတင်းဌာနကို ပြောဆိုသည်။

ချင်းကျောင်းသားများအနေဖြင့် ဆရာမ ဒေါက်တာ ဒေါ်ခိုင်ခိုင်မြင့်သည် မိမိတို့ နှင့် ရင်းနှီးစွာ ဆက်ဆံနိုင်တော့ မည်မဟုတ်သည့် အ တွက် ဆရာမကို တခြားကျောင်းသို့  ပြောင်းရွှေ့ပေးဖို့ ဆန္ဒရှိကြောင်း သိရသည်။

“ကျတော်တို့ က တောင်းဆိုတာကတော့ ပါချုပ်ကနေ ချင်းကျောင်းသားများ၏ အေးချမ်းလုံခြုံစွာ ကျောင်း တက်နိုင်ရေး ကို အာမခံ ပေးရ မှာ ဖြစ်ပြီး နောက်နောင်တွင် လူမျိုးရေးအရ ခွဲခြားသည့် ပြောဆိုဆက်ဆံ မှုမပြုရေးအတွက် လက်အောက်ခံ ဆရာ၊ဆရာမတွေအား သ တိ ပေး ပြောဆိုပေးရေး၊ ပါချုပ်နဲ့  တကွ ဌာန ဆိုင်ရာ အကြီးအကဲတွေနဲ့  ချင်းကျောင်းသား ခေါင်းဆောင်များ၊ ပခုက္ကူမှာ ရှိတဲ့ ချင်းလူ ကြီး တွေ ရှေ့မှာ အဲဒီ ဆရာမက ရှင်းလင်းချက် ပေးရမယ်၊ တောင်းပန်ရမယ်” အဲဒါ ကျတော် တို့ ဆန္ဒပါ၊” ဟု ဆလိုင်း ဘီအိတ်ခ်ျ ဘီးဇ ကျိုး ဆိုသည်။

ပခုက္ကူတွင် ပခုက္ကူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ ကွန်ပြူတာ တက္ကသိုလ် ဟူ၍ တက္ကသိုလ် ၄ခုရှိပြီး ပခုက္ကူ တက္က သိုလ်တွင် ချင်းကျောင်းသား ၂၀၃ဦး၊ နည်းပညာတက္ကသိုလ် တွင် ၄၆ဦး၊ ပညာရေး ကောလိပ်တွင် ၁၆၇ဦးနှင့် ကွန်ပြူတာ တက္က သိုလ်တွင် ၅ ဦး စုစုပေါင်း ၄၂၁ဦး ပညာဆည်းပူးနေကြ သည်။

No comments: