ကချင်ပြည် နယ်နဲ့ ရှမ်းပြည် နယ် မြောက်ပိုင်းမှာ စစ်ပွဲကြောင့် ထွက်ပြေး ရတဲ့ လူတွေက လူသားချင်း စာနာမှု အကူ အညီ ပိုမို လိုအပ် နေတယ်လို့ ကုလ သမဂ္ဂ လူသား ချင်း စာနာမှု ဆိုင်ရာ အကူ အညီပေး ရေးအဖွဲ့ ကွပ်ကဲမှု ရုံးရဲ့ ဇန်န၀ါရီလက ကန့်သတ် ထုတ်ဝေတဲ့ ထုတ်ပြန် ချက်မှာ ရေးသား ထားပါ တယ်။ဒီထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၃၁ ရက်က ယူအန်အိုချာက ကန့်သတ် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီးတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက် ပိုင်း က ဒုက္ခသည်တွေရဲ့ အခြေအနေ အသေးစိတ်ကို ရေးသားထားတာ ဖြစ်ပါတယ်။
ဖားကန့်မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ကနေ ၃၀၀၀ အထိလည်း စွန့်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်နဲ့ မန်စီတွေမှာ စက်တင်ဘာလက ၃၉ ခုသာရှိတဲ့ ဒုက္ခသည်စခန်းကလည်း ဒီဇင်ဘာလမှာ ၈၃ ခုအထိ များပြားလာတယ်လို့လည်း ပါရှိပါတယ်။
ကချင်ပြည်နယ် ဒုက္ခသည်စခန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ အမျိုးသမီးတဦးကလည်း သူ့အတွေ့အကြုံကို ခုလို ရှင်းပြပါတယ်။
“camp (ဒုက္ခ သည် စခန်း)တွေမှာ လူပိုများလာတယ် ဆိုတာက နဂိုကတည်းက သူတို့က တောတောင်တွေထဲမှာ ထွက်ပြေးပြီးသား ဒါ ပေမယ့် ဒီဘက်က မြို့က camp တွေကို ရောက်လာဖို့ကျတော့ access(အခွင့်အလမ်း) မရှိတာရယ်။ ပြီးတော့ တောထဲမှာ ရေရှည် ဆက် နေဖို့ အဆင်ပြေတော့ တချို့က ကျန်းမာရေး ကိစ္စတွေ ပါတယ်။ ကိုယ်ဝန်သည်တွေ မီးဖွားရမယ့် ကိစ္စတွေ ရှိလာတဲ့အခါ ဘယ်လိုမှ တော ထဲမှာ နေလို့ မရတော့တဲ့အတွက် camp တွေကို ထော်လာဂျီနဲ့ပဲ ကြုံကြုံ ဘာနဲ့ပဲဖြစ်ဖြစ် ရရာနည်းနဲ့ တဖြည်းဖြည်း ဆင်းလာနေကြတယ်။ ဒါကြောင့် camp တွေမှာ လူတွေက အခုထက်ထိ တိုးတုန်းပဲ ဆိုတာမျိုးကို တွေ့နေရတယ်ပေါ့။”
၂၀၁၁ အောက်တိုဘာလက ခန့်မှန်းခြေ စစ်ပြေး ဒုက္ခသည် ၂သောင်း ၉ ထောင်ကနေ ဇန်န၀ါရီလ အလယ်ပိုင်းလောက်မှာတော့ ၅ သောင်း ခွဲလောက်အထိ မြင့်တက်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဇင်ဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက်ကလည်း နမ့်ခမ်းမြို့နယ်အတွင်းက ဒုက္ခသည် စခန်းတွေကို ရောက်ရှိသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရာသီဥတု အပြောင်းအလဲကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ရာသီနဲ့ဆိုင်တဲ့ အဖျားရောဂါကို ခံစားနေရပြီးတော့ ပြည်ကြပ်နေတဲ့ စခန်းတွေမှာ တကိုယ်ရေးသန့်ရှင်းရေးကတော့ ဆိုးဝါးနေတယ်လို့ လည်းဆိုပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ကလည်း အခက် အခဲတခုဖြစ်နေတယ်လို့ ပါရှိပါတယ်။
မတည်ငြိမ်မှုတွေ ဖြစ်ပွားနေတဲ့ ကချင်နဲ့ရှမ်းပြည်နယ်က မြို့နယ် ၁၀ ခုမှာ ကျောင်းပေါင်း ၅၁ ကျောင်းလည်း ပိတ်ထားခဲ့ရပြီး ကျောင်း သား ၇၈၇၂ ယောက်လည်း ကျောင်းတက်နိုင်ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ချက်က ရေးသားထားပါတယ်။
No comments:
Post a Comment