Sunday, February 5, 2012

မုန်တိုင်းကြားက မြန်မာပြည်

အားမီ။

တစ်နှစ်ထက် တစ်နှစ် ပြောင်းလဲဖြစ်ပေါ်လာတဲ့ ရာသီဥတု အစွန်းရောက်မှုများကို ကမ္ဘာနှင့်အ၀ှမ်း ကြုံတွေ့နေရချိန်မှာ မြန်မာနိုင်ငံ ဟာ လည်း အစွန်းရောက် ရာသီဥတု ဖောက်ပြန်မှုများရှိနေပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ ၅ နှစ်ဆက်တိုက် မုန်တိုင်းကျရောက်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ် ဂ်ျလီမုန်တိုင်း နှင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း စသဖြင့် မုန်တိုင်းများ နှစ်စဉ် ကျရောက်ခဲ့သည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ အတွင်းသို့ ၁၈၈၄ ခုနှစ်မှစတင်ကာ ၂၀၁၀ ခုနှစ်ထိ နှစ်ပေါင်း ၁၃၀ အတွင်း မုန်တိုင်းတိုက်ခတ် မှုပေါင်း ၁၀၀ ကျော်ရှိခဲ့သော်လည်း အပျက်အစီး အများဆုံးဖြစ်သည့် အားပြင်းသောမုန်တိုင်း တိုက်ခတ်မှုမှာ ၁၇ ကြိမ်ခန့် ရှိသည်ဟု အစိုးရထုတ် သတင်းစာပါ ဂီရိမုန်တိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အားပြင်းမုန်တိုင်း ၁၇ ကြိမ်ခန့် တိုက်ခတ်ခဲ့သော်လည်း အများအားဖြင့် ရခိုင်ကမ်းရိုးတန်းဒေသများ၌သာ တိုက်ခတ်ခဲ့ပြီး လူနေ ကျဲပါး သည့် တောင်ကုန်း တောင်တန်းများ၌သာ ကျရောက်ခဲ့သည့်အတွက် ၂၀၀၈ ခုနှစ် တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းလောက် ပျက်စီး ဆုံးရှုံးမှုမရှိဘဲ အသေအပျောက်လည်း နည်းပါးခဲ့သည်။

နာဂစ်မုန်တိုင်းနှင့် ဂီရိမုန်တိုင်း တိုက်ခတ်မှုများနှင့် ပတ်သက်ပြီး တူညီနေတာ တစ်ခုကတော့ မုန်တိုင်းမဖြစ်ခင် အစိုးရတာဝန်ရှိ သူတွေ က ဒေသခံ ပြည်သူတွေကို အချိန်မီထိရောက်တဲ့ အသိပေးမှုတွေ မရှိခဲ့ဘူးလို့ ကျောက်ဖြူမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“အခုဟာက ဖြစ်ပြီးသွားမှပဲ ဘယ်လောက်ဖြစ် သွားတယ်ဆိုတာသိတယ်။ မဖြစ်ခင်တော့ ဘယ်ကမှ တိတိကျကျ မုန်တိုင်း အနေအထား ဘယ်လောက် ပြင်းနိုင်တယ် ဆိုတာတို့၊ ဘယ်လိုပြင်ဆင်ပါတို့ ဘယ်ကမှ ဘာမှ ကြေငြာတာ အသိပေးတာမရှိဘူးဗျ။ နာဂစ်တုန်း ကလို ပဲလေ။ အဲ့ဒါကြောင့် လူတွေအများကြီး သေကုန်တာပေါ့ဗျ။ အခုလည်း မြေပုံဘက်မှာဆို သေတာပဲလေ။ မုန်တိုင်းပြီးနောက်နှေ့ဆို မြေပုံ မှာ အလောင်းတွေ ကောက်မယ့်လူမရှိဘူးဗျ။”


ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းအတွင်း ဒေသခံတစ်သိန်း ခုနှစ်သောင်းကျော် ထိခိုက် မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂထုတ်ပြန်ကြေငြာချက်များအရ သိရသလို ရခိုင်ပြည်နယ် မြေပုံနှင့် ကျောက်ဖြူမြို့တွေမှာ အဓိက ဝင်ရောက် ခဲ့ ရုံသာမက ပေါက်တော၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေ နဲ့ မင်းပြားမြို့နယ်တွေမှာလည်း လေမိုး ပြင်းထန်စွာ ရွာသွန်း ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်ခဲ့တယ်လို့ မြေပုံမှ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ဂီရိကြောင့် ပျက်စီးတာတော့ အများကြီးပဲလေ။ ကျနော်တို့ မြေပုံဘက်မှာဆိုရင် လူတွေလည်း အများကြီး သေကြ တာပဲလေ။ အိမ်တွေ အဆောက်အဦတွေ ပျက်တယ်။ ပြိုကျကုန်တယ်လေ။ အမိုးတွေလှန်ကုန်တာတွေ အများကြီးရှိတယ်။ ကျောင်းတွေလည်း ပြိုကုန် တာရှိ တယ်။ သစ်ပင်တွေ၊ ဓါတ်တိုင်တွေလဲတယ်။ ဒီကျနော်တို့ ရေလုပ် ငန်းမှာသုံးတဲ့ စက်လှေတို့ ဟို ငါးဖမ်းလှေတို့လည်း ပျက်စီးကုန်တယ်။ ပျောက်ကုန်တာတွေရှိတယ်။ လယ်ယာမြေ တွေတော့ တော်တော်လေး ပျက်ကုန်တာဗျ။ ဆားငန်ရေတွေ ဝင်ကုန်တော့။ ဆားငန်ရေ လွှမ်း တာတွေ ဖြစ်ကုန် တယ်။ နောက်တခုက ဘာလဲဆိုတော့ ရေငန်တားတဲ့ တာတမံတွေ ပျက်စီးကုန်တယ်ဗျ။ ကျောက်ဖြူဆိုရင်လည်း ကျ နော် တို့ မြေပုံလိုပဲ တော်တော်လေး ပျက်စီးကုန်တယ်။ တခြားမြို့တွေမှာလည်း နည်းနည်းစီ ထိခိုက်ပျက်စီး တာတွေရှိတယ်။”

ထိုပျက်စီးမှုများနှင့် ပတ်သက်ပြီး လက်ရှိအာဏာပိုင်များက ထိရောက်တဲ့ပံ့ပိုးမှုတွေ မပေးသည့်အပြင် ပုဂ္ဂလိက အလှူရှင်များ၊ ဘာသာ ရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs)အနေဖြင့် မုန်တိုင်းသင့် လေဘေးဒုက္ခသည် များအတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း၊ ကူညီပံ့ပိုးမှုနဲ့ အရေးပေါ် လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းမယ်ဆိုရင် လက်ရှိအစိုးရရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ကိုင်ခွင့်ရကြောင်း ဂီရိမုန်တိုင်း တိုက်ခတ်စဉ်က ကျောက်ဖြူမြို့တွင် သွားရောက် ကူညီခဲ့တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့မှ အမည် မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ (၃)လကျော် ကာလအတွင်း နိုင်ငံတကာ အရေးပေါ်ကူညီရေးအဖွဲ့တွေက လေဘေး ဒုက္ခသည် တွေအတွက် နေအိမ်အဆောက်အဦနဲ့ အဓိကလိုအပ်မယ့် ပစ္စည်းတွေကို ပေးဝေခဲ့ပေမယ့် လုံလောက်မှုမရှိတာကြောင့် ဒေသခံတွေအနေနဲ့ လာမည့် မိုးရာသီမှာ အခက်အခဲတွေ ဆက်ပြီး ကြုံတွေ့ နိုင်တယ်လို့ ကျောက်ဖြူမြို့မှ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ တစ်နာရီ မိုင် ၁၂၀ နှုန်းဖြင့် တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း (၁၀၀) ကျော်အသက် ဆုံးရှုံးခဲ့သလို အိုးအိမ်အဆောက်အဦ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

၂၀၀၈ ခုနှစ် မေလမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှု သမိုင်းတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးနှင့် လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံး၍ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံခန့်တန်ဖိုးရှိတဲ့ အိုးအိမ်အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် ကြေညာ ချက်များအရ သိရသည်။

နာဂစ်မုန်တိုင်းသည် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီး တွေမှာ အဓိကတိုက်ခတ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့်လည်း ပြင်းထန်တဲ့ လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကို ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၆ ခုနှစ်မှ ၂၀၀၅ ခုနှစ် အတွင်း ရရှိသော အ ချက်အလက်များအရ ဘေးအန္တရာယ်အမျိုးမျိုး၏ ၇၀% သည် မြို့ပြမီးလောင်မှုကြောင့်ဖြစ်ပြီး၊ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းဘေးတို့မှာ ၁၀% ရှိကာ ငလျင်နှင့် ဆူနာမီအပါအဝင် အခြားဘေးတို့မှာ ၉% ရှိခဲ့တယ်လို့ ၂၀၁၀ ခုနှစ် ဇွန်လက အာရှဒေသ သဘာဝ ဘေးကြို တင်ပြင် ဆင် ရေးဌာနမှ ပုံနှိပ်ထုတ်ဝေတဲ့ မြန်မာနိုင်ငံ၏ သဘာဝဘေးများအကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ (၅)နှစ်ကတည်းက ဆက်တိုက်ဆိုသလို မုန်တိုင်းတွေဖြစ်ပေါ်လာခဲ့တဲ့အတွက် ယခုနှစ် ၂၀၁၁ ဟာလည်း မုန် တိုင်းသတိထားရမည့် နှစ်တစ်နှစ်ဖြစ်သလို အစွန်းရောက်ရာသီဥတုမျိုးလည်း ကြုံနိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

“၂၀၁၁ မှာကတော့ မိုးကြိုကာလက ၄၅ ရက်ပေါ့နော်၊ အဲ့လောက်ရှိနိုင်တယ်။ အဲ့ဒီအတွင်းမှာ လေထုမငြိမ်သက်မှုကြောင့် မိုးတိမ်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ လေဆင်နှာမောင်း၊ မိုးကြိုးပစ်တာ၊ နေရာကွက် မိုးကြီးတာတွေ ကြုံနိုင်တယ်။ နောက်တစ်ခုက ၂၀၁၁ ကလည်း မုန်းတိုင်းသတိထားရမယ့် နှစ်တစ်နှစ်လည်း ဖြစ်တယ်။”

အခုဆိုရင် မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုတွေ အားနည်းလာမှုကြောင့် တဖြည်းဖြည်း ယိုယွင်း ပျက်စီး လာနေ ပါတယ်။ ဒီလိုပျက်စီးလာရတဲ့ အဓိကအကြောင်းရင်းကတော့ လူတွေကြောင့်သာ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာရေး ပညာရှင် ဦးအုန်း က အခုလိုပြောပါတယ်။

“သဘာဝပတ်ဝန်းကျင်ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာ နယ်နမိတ်မရှိဘူး။ အားလုံးထိခိုက်နိုင်တယ်။ ဒါဟာ လူ တွေကြောင့်မို့လို့ဖြစ်တာ။ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်ပဲလေ။ ဒီကမ္ဘာကြီးကပေးထားတဲ့ resources တွေက လုံ လောက် တယ်။ လိမ်လိမ်မာမာ သုံးရင် အဆင်ပြေတယ်။ အဓိကတရားခံကလူပဲ။ လူတွေက ကိုယ့်လောဘကို မထိန်းဘူးလေ။ စည်း ကမ်းမရှိဘူး။ ကိုယ့်တဘို့ပဲ သိကြတယ်ဗျ။ အဲ့ဒီတော့ ပေးထားတဲ့ ရှိနေတဲ့ resourse တွေလည်းပျက် ရာသီဥတုတွေလည်းပျက် လူတွေ ဒုက္ခရောက်ကုန်တာပေါ့။”

လက်ရှိအာဏာရှင်တွေကိုယ်တိုင်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်တပ်ပြီး လုပ်နေကြတဲ့ ရေကာတာဆောက်တာတွေ၊ လမ်း တံ တား ဖောက်တာတွေ၊ စက်မှုဇုံတိုးချဲ့တည်ဆောက်တာတွေ သာမကပဲ မြေပေါ်မြေအောက် သယံဇာတတွေကို မတရားထုတ်ယူ သုံး စွဲတာတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ထိခိုက် ပျက်စီးခဲ့ရသလို ဆိုးရွားတဲ့ ရာသီဥတု ဖောက်ပြန်မှု တွေကိုလည်း ပြင်းထန်စွာ ကြုံတွေ့ နေရတဲ့အပြင် ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေပြီး သမိုင်းမှာ ၅ နှစ်ဆက်တိုက် နှစ်စဉ်မုန်တိုင်း သက်ရောက်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ရပါတယ်။

No comments: