Wednesday, February 8, 2012

အပစ် ရပ်သော်လည်း လူထု ဖက်မှနေ၍ တိုက်ခိုက်ရန် အသင့် ပြင်ထားဟု ဒုဗခက ယွက်စစ်ပြော

သျှမ်းသံတော်ဆင့်


သျှမ်းပြည် တပ်မတော် ဌာနချုပ် လွယ်တိုင်း လျဲန်း၌ ကျင်းပသော သျှမ်းပြည် နယ်နေ့ အခမ်း အနား၌ ဒု-ဗိုလ်ချုပ် ကြီး ယွက်စစ်က အပစ် ရပ်သော်လည်း နိုင်ငံတော် အကြီး အကဲများက လူထု အတွက် အကျိုး ယုတ်စေမည့် လုပ်ငန်း ဆက်လက် လုပ်ဆောင်သွား မည်ဆို ပါက ပြန်လည် တော်လှန်ရန်အဆင်သင့် ရှိကြောင်း ပြောကြား ခဲ့သည်။

“ ဖေဖော်ဝါရီလ ၇ ရက်နေ့ စစ်ချီပွဲ အခမ်းအနားရှိတယ်။ သဘာပတိကြီးက အဖွင့်စကားပြော တယ်။ နောက် ဥက္ကဌကြီး ဒု - ဗခက ယွက် စစ်က မိန့်ခွန်းချွေတယ်။ ညပိုင်းမှာတော့ ဖျော်ဖြေရေး ကပွဲတွေရှိတယ်” - ဟု ပွဲတက်ရောက်သူ သျှမ်းသံတော်ဆင့်သတင်း ထောက် တ ဦးကပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်၌ကျရောက်သော ၆၅ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ (သို့မဟုတ်) သျှမ်းပြည်နယ် နေ့ အခမ်းအနားသို့ စစ် သည်နှင့် လူပရိသတ်ထောင်ချီ တက်ရောက်ကြောင်း သိရသည်။

“သဘာပတိကြီး စဝ်ကဏ်းကျစ်က အဖွင့်မိန့်ခွန်းပြောတယ်။ ဥက္ကဌကြီး စဝ်ယွက်စစ်က - ပင်လုံကြောင့် ပြည် ထောင်စု ကြီး ဖြစ်ပေါ် လာ တယ်။ ဗမာခေါင်းဆောင်တွေ ကတိမတည်လို့ ပြည်ထောင်စုလည်းမခိုင်မြဲခဲ့ဘူး။ ဒီအတွက်တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ဆင်း ရဲ ဒုက္ခရောက်ရတယ်။ ဒီအတွက်ကြောင့် လူထုဖက်က နေကနေ့ထိ တိုက်ပွဲဝင်လာခဲ့တယ်။ မြန်မာအစိုးရသစ်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လက်ကမ်းလာတော့ RCSS/SSA ရဲ့ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးပေါ်လစီ နဲ့ကိုက်ညီတဲ့ အတွက်တွေ့ဆုံ ဆွေးနွေး ပြီး အပစ်ရပ်လိုက်တယ်။ အပစ်ရပ်တယ်ဆိုတာ လုပ်ငန်းအရပ်ရပ်ကို ရပ်မယ်လို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး - ဆိုပြီး အစချီ ပြောကြား တယ်” ဟု ဆို၏။

တဆက်တည်းမှာပင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က - ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင် မည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးအခွန်များလျှော့ပေါ့မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီသဘော သဘာဝ၊ ရွေးကောက်ပွဲ အကြောင်း ပညာ ပေးရေး လုပ် ငန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရပ်ရွာလူထု ဘေး အန္တရာယ်ရင်ဆိုင်ရပါက လူထုဘက်မှ ရပ်တည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ လူထုနေထိုင်စားသောက်မှု အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဦးသိန်းစိန်အစိုးရ၏လှုပ်ရှားမှုကို စောင့်ကြည့်ကာ လူထုအပေါ် အကျိုးမဲ့စေသည့်လုပ်ရပ်၊ လူထုအားနစ်နာစေမည့်လုပ်ရပ်များ လုပ်ဆောင်ပါက အချိန်မရွေး လက်နက် ကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်ဟုသိရသည်။

ထိုနေ့၌ အကျဉ်းသား ၃၂ ဦးအနက် ၃၁ ဦးကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းသိရသည်။

ယခင်နှစ်နိုဝင်ဘာလ ၁၉ ရက်၌ သျှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA နှင့် မြန်မာအစိုးရတို့ ပဏာမ အဆင့်ဆွေးနွေးရန် နှစ် ဖက်စတင်တွေ့ဆုံခဲ့ကြသည်။ ယခုနှစ် ဂျန္နဝါရီလ ၁၆ ရက်၌ မြန်မာအစိုးရ နှင့်အတူ ပြည်ထောင်စုအဆင့်ဆွေးနွေးကာ သဘောတူ ညီ ချက်လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

No comments: