အစိုးရ တပ်က ဖမ်းသွား တယ်လို့ သက် ဆိုင်ရာ မိသား စုက တိုင်တန်း ထားတဲ့ ကချင် အမျိုး သမီး မဆွမ်လွတ် ရွယ်ဂျာရဲ့ အမှု ကိစ္စကို ကြားနာဖို့ နေပြည်တော် တရား ရုံးက နောက်ထပ် ရက်ချိန်း ချိန်းဆို လိုက်ပါ တယ်။နေပြည်တော်တရားရုံးမှာ အမှုနဲ့ နှစ်ဖက်သက်ဆိုင်သူတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လျှောက်လဲကြားနာဖို့ ချိန်းဆိုထားပေမယ့် အစိုးရရှေ့နေဘက်က အဆင်သင့် မဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၂၃ ရက်ကို ရုံးချိန်း ရွှေ့လိုက်တယ်လို့ ကချင်မိသားစုရဲ့ ရှေ့နေက ပြောပါတယ်။
“ရုံးချိန်းမှာ လျှောက်လဲချက် ပေးဖို့ ကျနော်တို့ဘက်ကတော့ အဆင်သင့်ပဲ။ ဒါပေမယ့် အစိုးရဘက်က ရှေ့နေချုပ်ရုံးက အမှုလိုက်က အမှု ကို မလေ့လာရသေးဘူးဆိုပြီး ၂၃ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ၂၃ ရက်နေ့မှ လျှောက်လဲချက် ပြန်ပေးမယ်။ ကျနော်တို့ကို ခေါ်တာ လျှောက်ထားခံရသူနဲ့ လျှောက်ထားသူ အဲဒီလို သွားတယ်။ တရားခံတို့ တရားလိုတို့ မပြောဘူး။ ကျနော်နဲ့ပတ်သက်ရင် လျှောက်ထားခံရ သူက ဖမ်းဆီးတဲ့ ပုဂ္ဂိုလ်တွေပေါ့။ လျှောက်ထားခံရသူဘက်က အဆင်သင့်မဖြစ်ဘူးပေါ့။”
ဒီအမှုမှာ လျှောက်ထားခံရတဲ့ ခမရ ၃၂၁ တပ်ရင်းက တာဝန်ရှိသူတွေကို တရားရုံးမှာ လာရောက်လျှောက်လဲဖို့ နေပြည်တော် တရားရုံးက သမ္မာန်စာ ဆင့်ခေါ်ထားတယ်လို့ ရှေ့နေက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ကချင်အမျိုးသမီး မဆွမ်လွတ်ရွယ်ဂျာ အသက် ၂၈ နှစ် ဟာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခိုင်ဗန်ရွာကဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တုန်းက ပြောင်းဖူးခင်းထဲမှာ အလုပ်လုပ်နေတုန်း ခင်ပွန်း၊ ယောက္ခမဖြစ်သူတို့နဲ့ အတူ အဖမ်းခံခဲ့ရတာပါ။
သူတို့ကို ကေအိုင်အို တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး လွယ်လုံတောင်အခြေစိုက် အစိုးရတပ် ခမရ ၃၂၁ တပ်ဖွဲ့ဝင် ၃ ဦးက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ ခင်ပွန်းနဲ့ ယောက္ခမတို့ဟာ အဖမ်းခံရတဲ့နေ့မှာပဲ ထွက်ပြေးလွတ်မြောက်လာပေမယ့် မဆွမ်လွတ်ရွယ်ဂျာကတော့ စစ်သားတွေ လက်ထဲ ပါသွားခဲ့တာပါ။
နောက်တနေ့ မနက် သူ့ကို အစိုးရစခန်း အပြင်ဘက်မှာ နောက်ဆုံးမြင်ရပုံကို ဆွေမျိုးတော်သူတဦးက ခုလို ပြောပြပါတယ်။
“မို့ဗုံတောင်ရဲ့ ဒီဘက်တဖက်က တောင်ကနေ မှန်ဘီလူးနဲ့ လာကြည့်တော့ တွေ့သေးတယ်။ သူတို့တပ်ရဲ့ အပြင်မှာ ရောက်နေတယ်။ သူ က ထိုင်လိုက် ထလိုက်နဲ့ လုပ်နေတယ်။ စစ်သားတွေက သူ့ကို ထိကပါး၊ ရိကပါး လာလုပ်နေတယ်။ တချို့က သူ့ကို လာဖက်တယ်၊ အဲလို မျိုး လုပ်တယ်။ တယောက်ပြီး တယောက်အဲလိုမျိုး လာလုပ်ပြီးတော့ သူ့ကို အထဲပြန်ခေါ်သွားတာ ကျမတို့ တွေ့လိုက်တယ်။ အခု ဒီနေ့ထိ ထွက်မလာတော့ဘူးဆိုတော့ သေသွားပြီလို့ထင်တာ၊ သူ့အတွက် နောက်ဆုံး ဆုတောင်းပွဲ လုပ်ပေးသေးတယ်။ ဒီဇင်ဘာလ ၂၀ လောက်တုန်းက။”
မဆွမ်လွတ်ရွယ်ဂျာမှာ တနှစ်အရွယ် သမီးလေး တယောက်ရှိပြီး အဘိုးအဘွားတို့က ထိန်းကျောင်းထားရတယ်။ ဆွေမျိုးတွေက အစိုးရ တပ်ရင်းဆီ သွားရောက် အသနားခံတဲ့အခါ နိုဝင်ဘာ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ တပ်ရင်းမှူးက ပြောပေမယ့်လည်း လွှတ်မပေးတဲ့အတွက် ခင်ပွန်းဖြစ်သူ ဦးမရူလွန်းဒေါင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တိုင်ကြားခဲ့ပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတောအတွင်း ဒေသခံ ရွာသားတွေ ဟာ ကေအိုင်အိုအဖွဲ့ဝင် သို့မဟုတ် သတင်းပေးသူ သို့မဟုတ် သူပုန် အားပေးထောက်ခံသူ ဆိုပြီး အစိုးရတပ်ရဲ့ ဖမ်းဆီး နှိပ်စက်တာတွေ မကြာခဏ ကြားရပေမယ့် အခုလို တရားရုံးထိ ရောက်တာတော့ သိပ်မရှိလှပါဘူး။
ဒါပေမယ့် ဒီအမှုမှာတော့ ကချင်ဒေသကို ရောက်လာတဲ့ လူမှုရေး ကူညီသူ တဦးက နေပြည်တော်ကို တိုင်ကြားဖို့ အကြံပေးတာနဲ့ အမှု စတင်ဖြစ်သွားတာလို့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။
No comments:
Post a Comment