Friday, February 10, 2012

SSA တောင်ပိုင်းနှင့် အစိုးရတပ်များ တိုက်ပွဲ ပြန်ဖြစ်

သန်းထိုက်ဦး on February 10, 2012


အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ရှမ်ပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရတပ်များ ယခုတပတ် အင်္ဂါနေ့မှ စ၍ ၂ ရက်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် မိုင်းတုံမြို့နယ်ရှိ အစိုး ရ တပ်များ တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

“အဲဒီဒေသမှာ ဒီတကြိမ်နဲ့ဆိုရင် တိုက်ပွဲတွေ ၃၊ ၄ ကြိမ်လောက် ပြန်ဖြစ်ခဲ့ပြီး အစိုးရတပ်တွေကသာ ကျနော်တို့ အခြေချထားတဲ့ နေရာမှာ လာဝိုင်းပြီးတော့ ပစ်တယ်။ အဆိုးဆုံးကတော့ ၇ ရက်နေ့မှာပါ” ဟု ၎င်းက ဆိုသည်။

အစိုးရတပ်များ တိုက်ခိုက်ခဲ့သောနေ့သည် SSA တောင်ပိုင်းဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းတွင် ၆၅ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနေချိန်ဖြစ်သည်။

အစိုးရတပ်က ၆၀ မမ အမြောက်များနှင့် ပစ်ခတ်သည့်ဒဏ်ကို မခံနိုင်သောကြောင့် နောက်ဆုတ်ပေးသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင် များ ကို အစိုးရ စစ်သည်အင်အား ၂၀၀ ခန့်ဖြင့် လိုက်လံ တိုက်ခိုက်ခဲ့သေးကြောင်း စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။

“ဆုတ်ခွာသွားတဲ့ ဘက်ကို သူတို့ စစ်ကြောင်းနဲ့ လိုက်ပြီးတော့ နောက်တကြိမ် ပြန်တိုက်ခိုက်တယ်၊ အဲဒီမှာ ကျနော်တို့ သေနတ် တလက် ဆုံးရှုံးသွားပါတယ်” ဟု ၎င်းက ဆိုသည်။

၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးကို မသိရှိရသေးပေ။ ယင်းဒေသကို လတ်တလောတွင် အစိုးရတပ်များက ထိန်းချုပ် ထားကြောင်း သိရသည်။

“ကျနော်တို့ အပစ်အခတ် ရပ်စဲရေး ဧရိယာ သဘောတူတွေ လက်မှတ် ရေးထိုးထားပြီဆိုတော့ အခု ဘယ်လိုပုံစံ ဘယ်နည်းဖြစ်ကြတာလဲ ဆိုတဲ့ အကြောင်းကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းကို မေးမြန်းကြည့် ထားပါတယ်” ဟု စိုင်းလောင် ဆိုင်းက ပြောသည်။

ယမန်နေ့က ဦးအောင်မင်းထံ စာပေးပို့ခဲ့ပြီး တစုံတရာ အကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် SSA တောင်ပိုင်းမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က အစိုးရနှင့် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲခြင်း သည် စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးစေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကောင်းမွန်စွာလုပ်ကိုင် စားသောက်နိုင်ရေး ရည်ရွယ် ကြောင်း၊ သို့သော် ဦးသိန်းစိန် အစိုးရတပ်က လူထုအသက်အိုးအိမ် လုံခြုံမှု ထိခိုက်လာပါက လူထုဘက်မှ ရပ်တည်၍ ပြန်လည် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၁ ဒီဇင်ဘာ၂ ရက်နေ့က အစိုးရနှင့် SSA တောင်ပိုင်းအဖွဲ့ ကိုယ်စားလှယ်များ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးပြီး အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရထားဝန်ကြီး ဦးအောင်မင်းနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးတို့က သက်သေခံအနေနှင့် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

SSA တောင်ပိုင်းသည် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ SURA သည် ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချခဲ့သော ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော် (MTA) မှ ခွဲထွက် အဖွဲ့ဖြစ်သည်။

No comments: