နေသွင်
လက်ရှိ ကျင့်သုံးနေသော နိုင်ငံခြားငွေလဲနှုန်းစနစ်ကို ဖျက်သိမ်းပြီး၊ ဈေးကွက်ကို အခြေခံတဲ့ နှုန်းရှင်ငွေလဲနှုန်းစနစ်ကို ဧပြီ ၁ ရက်နေ့က စလို့ ကျင့်သုံးသွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။
ဒါကြောင့် ၁၉၇၇ ခုနှစ်ကတည်းက ကျင့်သုံးနေတဲ့ အထူးထုတ်ယူခွင့် (SDR) တယူနစ်ကို ၈ ဒသမ ၅ ကျပ်နှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်ရေးစနစ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ဗဟိုဘဏ်က ထိန်းကြောင်းမှုရှိတဲ့ နှုန်းရှင်ငွေလဲနှုန်းစနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ ဗဟိုဘဏ်ရဲ့ ကြေညာချက်က ဆိုပါတယ်။
ကမ္ဘော့ဇဘဏ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က မြန်မာပြည်မှာ ကျင့်သုံးမယ့် စနစ်သစ် (Managed Floating Exchange Rate Regime)ဟာ ခေတ်မီပြီး ကောင်းမွန်တဲ့ စနစ်ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီအတိုင်းကြီး လွှတ်ထားပေးလို့ မရဘူး။ floating လည်း ဒီအတိုင်းပဲ။ market နဲ့လွှတ်ထားရင် speculation ကများမယ်။ များရင်များသလို တအား ထောင်တက်တာတို့၊ ကျသွားတာတို့ ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ဒုက္ခရောက်တယ်။ fluctuation (ဈေးကွက် မ ငြိမ်) ခေါ်တာပေါ့ ။အခုတက်လိုက် အခုကျလိုက် ဒါမျိုးတွေတော့မဖြစ်ဘူး။ အဲတော့ အတက်အကျကနည်းနည်းလေး မသိမသာ သွားတယ်ဆိုရင်တော့ တည်ငြိမ်သွားတာပေါ့။ အဲဒီလို လိုချင်ရင်တော့ သက်ဆိုင်ရာ ဗဟိုဘဏ်တွေက Managed Floating ဆိုတာ ဖြစ် လာ တယ်။ ဒါက အိုင်အမ်အက်ဖ်က ထွင်တဲ့ဟာတွေပဲ။ တဖြည်းဖြည်းနဲ့ အတက်အကျကသိမ်ပြီးတော့ မတရား အတက်အကျ မဖြစ်အောင်လို့ ဝင်ထိန်းကျောင်းတဲ့ နည်းစနစ်ပေါ့။ ဒါကတော့ ကမ္ဘာမှာလည်း တော်တော်လေးကျင့်သုံးလားပါပြီ ။ အိုင်အက်မ်အက်ဖ် ကတော့ ပိုပြီး ကျွမ်း ကျင်တာပေါ့ဗျာ။ အဲဒါကို ကျနော်တို့လည်း အကြံပေးနေတာ အဲဒါလည်းပါပါတယ်။ အဲဒီစနစ်က ကောင်းပါတယ်။ ”
မြန်မာကျပ်ငွေတန်ဖိုးကို ကမ္ဘာက အသိအမှတ်ပြုခဲ့ရတဲ့ လွတ်လပ်ရေးရပြီး အချိန်ကနေ ၁၉၆၀ ပြည့် တဝိုက်အထိ နိုင်ငံခြားငွေလဲနှုန်းစ နစ်ကို ဗဟိုဘဏ်က ထိန်းချုပ်မှုရှိတဲ့ စနစ် ကျင့်သုံးခဲ့ဖူးတယ်လို့ ဦးသန်းလွင်က ထောက်ပြပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ထားချက်အရ မြန်မာပြည်က ကျင့်သုံးတော့မယ့် ဗဟိုဘဏ် သို့မဟုတ် အစိုးရက ထိန်းကြောင်းမှုရှိတဲ့ ဈေးကွက်အခြေခံ နိုင်ငံခြားငွေလဲနှုန်းစနစ် (Managed Floating Exchange Rate Regime)ကို ကျင့်သုံးတဲ့ ကမ္ဘာ့ နိုင်ငံပေါင်း ၄၀ ကျော် ရှိပါတယ်။
အာဆီယံနိုင်ငံတွေထဲက စီးပွားရေးဖွံ့ဖြိုးနေတဲ့ စင်ကာပူ၊ မလေးရှား၊ ထိုင်း အပါအဝင် အားလုံးလိုလိုဟာလည်း ဈေးကွက်ကို အခြေခံ၊ အ စိုးရက ထိန်းကြောင်းတဲ့ နိုင်ငံခြားငွေလဲနှုန်းစနစ်ကို ကျင့်သုံးပါတယ်။
ဦးသန်းလွင်က စနစ်သစ်ကို ကျင့်သုံးတဲ့နောက် ဗဟိုဘဏ်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ဈေးကွက်အပေါ် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ဖို့က အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“‘ဒါကို ကျနော်လည်း အစဉ်တစိုက် ပြောနေတယ်။ ပညာရှင်တွေနဲ့ သုံးပြီးတော့ လုပ်ပါ။ ခုနလို ဘာသာရပ် မကျွမ်းကျင်ဘူး။ နားမလည် ဘူး။ ကျွမ်းကျင်မှု မရှိဘူး။ ပညာရှင်လည်း မဟုတ် ဘူးဆိုရင် လုပ်ရကိုင်ရခက်တယ်၊ စမ်းတဝါးဝါး ဖြစ်နေရင် ဈေးကွက်က တခါ လွှမ်းမိုးနေမယ်။ အခုတော့ သူတို့လည်း နည်းနည်းပါးပါးကျွမ်းကျင်သူတွေ ခေါ်ထားတယ်လို့ ကြားရတယ်။ အဓိ ကတော့ ဗဟိုဘဏ်ရ ပွင့်လင်းမြင်သာမှုရှိရမယ်။ ဝက်ဆိုဒ်တွေဘာတွေကနေ ဘာလုပ်နေ တယ် ညာလုပ်နေတယ် ဆိုတာ ဈေးကွက်ကို တုံ့ပြန်နေရမယ်၊ ဗဟိုဘဏ်က သတင်း ထုတ်ပြန် ချက်တွေ လိုတယ်။ အဲဒါတွေကတော့ အရေးကြီးတယ်။ ပွင့်ပွင့်လင်းလင်း ထင် သာမြင်သာ လုပ်ဖို့သင့်တယ်။”
လက်ရှိ ဈေးကွက်ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင် ဈေးပေါက်ပြီး၊ စနစ်သစ်ကို စတင်ကျင့်သုံးတဲ့အခါ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း (Reference Foreign Exchange Rate) ကို နေ့စဉ် ကြေညာသွားမယ်လို့ ဗဟိုဘဏ် ကြေညာချက်က ဆိုပါ တယ်။
No comments:
Post a Comment