Friday, March 30, 2012

တရုတ်-မြန်မာနယ်စပ်တွင် အဖမ်းအဆီးများ၊ ရခိုင်များလည်း ဖမ်းဆီး ပြန်ပို့ ခံရရာတွင် ပါဝင်


တရုတ်-မြန်မာနယ်စပ်မြို့များတွင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့နေရာ ထိုအထဲတွင် ရခိုင် များလည်း အများ အပြားလည်း ပါဝင်ကြောင်း မူဆယ်မြို့တွင် လူမှုကူညီရေးလုပ်ငန်းများလုပ်နေသည့် “ဂရုဏာ” လူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူ တ ဦးကပြောသည်။

"ဟုတ်ကဲ့။ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနေတာက အခုတလော တော်တော့ကို ကြမ်းပါတယ်။ ကျနော်တို့ သိထားရသလောက်တော့ ခုဆိုရင် အားလုံး ၁၂၀၀ လောက် ရှိတယ်လို့ ကြားတယ်ဗျ။ အမျိုးသမီးတွေလည်း ပါတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ စာအုပ် မရှိတဲ့ သူတွေကိုတော့ တခါတည်း အချုပ်ထဲ ထည့်တယ်။ နောက်ပြီးတော့ စက်ရုံမှာ မဟုတ်ပဲ လမ်းပေါ်မှာ တွေ့တဲ့ လူတွေကိုလည်း အချုပ်ထဲ ထည့်တယ်။ စက်ရုံမှာ ဖမ်းတဲ့ လူတွေကိုတော့ ဒီဖက်ကို ပြန်ပြန်ပို့ပေးနေတယ်ခင်ဗျား" ဟု ပြောသည်။

တရုတ်နယ်စပ်ရှိ အုတ်ဖုတ်သည့် စက်ရုံတရုံတွင် အလုပ်လုပ်နေသော ရခိုင်အလုပ်သမား ၂၀ကျော်ကိုလည်း တရုတ်ရဲက ဖမ်းဆီးပြီး မြန် မာ နယ်စပ်ကို ပြန်ပို့ခဲ့ကြောင်း သူက ဆက်ပြောသည်။

"ဟိုတနေ့(မတ်လ ၂၃ရက်) က တရုတ်ဘက်က ရခိုင်အလုပ်သမား ၁၇ယောက် ကျနော်တို့ဆီကိုရောက် လာတယ်။ အဲဒီ စက်ရုံမှာ ရခိုင် အယောက် ၅၀လောက်ရှိတယ်လို့ ပြောတယ်။ ၃၀ကတော့ လုပ်အားခတွေ အပြည့်မရကြလို့ ထွက်သွားကြပြီလို့ ပြောတယ်။ ကျန်တဲ့ ၂၀ ထဲက ပထမတော့ ၁၆ယောက် ပြန်ပို့ခံရတယ်။ နောက် ၂ယောက် လည်း ထပ်ရောက်လာတယ်။ ကျနော်တို့တတ်နိုင်သလောက် ကူ ညီပေးလိုက်ပါတယ်။"

ရောက်ရှိလာသူများမှာ ရခိုင် မည်သည့် ဒေသက ဖြစ်ကြောင်း သူက ယခုလို ပြောသည်။

"သူတို့က တော့ စစ်တွေက ၃ယောက်၊ သံတွဲက ၁ယောက်၊ ပေါက်တောက ၂ယောက်၊ ပုဏ္ဏားကျွန်းက ၁၁ယောက် ရခိုင်ဘက်က ၁၇ယောက်နဲ့ နောက်တယောက်ကတော့ ကွတ်ခိုင် က ဖြစ်ပါတယ်။ နောက်တ နေ့မှာ ကျနော်တို့ဆီကို ပန်ထန်းဆိုတဲ့ လှေဆိပ်ကနေ အ လုပ်သမား ၁၅၄ ယောက် ရောက်လာပါတယ်။ အဲဒီထဲမှာ ရခိုင် ၇ယောက် ပါတယ်ဗျ။ ရခိုင်အကုန်လုံးကတော့ ၂၄ယောက်ပေါ့။ သူတို့ကို ကျနော်တို့က လမ်းစရိတ် တယောက်ကို ၂၀၀၀၀ စီနဲ့ စားစရာ သောက်စရာတွေလည်း စီစဉ်ပေးလိုက်ပါတယ်။"

ယခုကဲ့သို့ အလုပ်ရုံစက်ရုံထဲများသို့ တရုတ်ရဲများက ဝင်ရောက်ဖမ်းဆီးသော်လည်း အလုပ်ရှင်များက တစုံတရာ ဖြေရှင်း ပေးခြင်း မရှိ သလို ရသင့်သည့် လုပ်အားခများကို ထုတ်မပေးကြောင်း တရုတ်နယ်စပ် ကြယ်ခေါင်တွင်နေထိုင်သူ ရခိုင်လူငယ်တဦးကပြောသည်။

"ဖမ်းပြီးတော့အပို့ခံရတဲ့ ရခိုင်အလုပ်သမားတွေပြောပြတာကတော့ သူတို့အလုပ်ဆင်းနေတဲ့ အချိန် မနက် ၈နာရီလောက်မှာ တရုတ် ရဲ တွေက ချက်ချင်းဖမ်းပြီးတော့ ရဲကားပေါ်ကို တင်လိုက်တာတဲ့။ အလုပ်ရှင် ကလည်း ဘာမှမပြောဘူး။ ဘာမှ အကူညီမပေးဘူးတဲ့။ ဒါဟာ သူ့စက်ရုံက အလုပ်သမားတွေဆိုတာကိုလည်း ဝင်ရောက် ပြောဆို ဖြေရှင်း မပေးဘူးလို့ ပြောပါတယ်။ တချို့ဆိုရင် မှတ်ပုံတင်တို့ တယ်လီဖုန်းတို့ အခန်းမှာ ကျန်လိုက် တာကိုလည်း ဘာမှ ယူခွင့်မပေးပဲ ဒီအတိုင်းပဲ ရဲလက်ကိုအပ်ပြီးတော့ ရဲကားပေါ် တင်ပေး လိုက် တာ လို့ပြော ပါတယ်။ နောက်ပြီးတော့ အလုပ်ရှင်က တယောက်ကို ယွမ်း ၈၅၀ ပေးစရာကျန်တာကိုလည်း မပေးလိုက် ဘူးလို့ ပြောပါ တယ်။"

ယခုကဲ့သို့ တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံသားများအား အဖမ်းအဆီးကြမ်းနေရခြင်းနှင့် ပတ်သက်၍ ရွှေလီတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတဦးက ယခုကဲ့သို့ပြောသည်။

"ဟုတ်ကဲ့။ အဓိကကတော့ ဒီလအစောပိုင်းက ရွှေလီမှာရှိတဲ့ ဂိမ်းဆိုင်မှာ မြန်မာအလုပ်သမားတွေနဲ့ တရုတ် တွေ ရန်ဖြစ်ကြပါတယ်။ ဒီ တော့ ဂိမ်းဆိုင်ပိုင်ရှင်က တရုတ်ရဲကို ဖုန်းဆက်ပြီး ခေါ်လိုက်ပါတယ်။ ရဲအရာရှိ တယောက် ရောက်လာတယ်။ သူက ယူနီဖောင်း ဝတ်မ ထားဘူး။ သူကဖြေရှင်းပေးတယ်။ ရန်ဖြစ် နေရင်းနဲ့ သူ့ကို ဓါးနဲ့လိုက်တော့ သူက သေသွားတယ်ဗျ။ အဲဒီ အလုပ်သမား ၆ယောက်ထဲက ၄ယောက် ကိုတော့ မိတယ်။ နောက်ထပ် ၂ယောက်ကတော့ လွတ်သွားတယ်ဗျ။ အဲဒီနောက်ပိုင်း တရုတ်ရဲက မြန်မာနိုင်ငံသား တွေကို သိမ်းကျုံးပြီးတော့ ဖမ်းတာပါပဲဗျ" ဟု ပြောသည်။

တရုတ်နယ်စပ်သို့ သွားရောက်ရန် ပက်စ်ပို့စ် စာအုပ်လုပ်ရသည့် အခြေအနေများကိုလည်း အဆိုပါ တာဝန်ရှိသူက ပြောပြသည်။

"ဒီမှာ တရုတ်ပြည်ဘက်ကို ဝင်မယ်ဆိုရင် မြန်မာဘက်ကနေပြီးတော့ စာအုပ်အနီထုတ်ပေးပါတယ်။ စာအုပ် အနီ ဆိုတာကလည်း မူဆယ် အိမ်ထောင်စု စာရင်းရှိတဲ့ သူတွေကို ပေးတာပါ။ နောက်တခုကတော့ မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ၆ ညအိပ် ၇ ရက်ပေါ့နော် တခါသုံး ကဒ်တွေ ထုတ်ပေးပါတယ်။ အဲဒီတွေနဲ့ တရုတ်နယ်စပ် ကြယ်ခေါင်တို့ ရွှေလီတို့ကို ဝင်ကြပါတယ်။ စာအုပ်အနီကိုတော့ ရွှေလီ မှာ ညအိပ်ခွင့်ပေးတယ်။ ဒါပေမယ့် အလုပ် လုပ်ခွင့်မပေးဘူးခင်ဗျ။ စာအုပ်အနီကနေတဆင့် အလုပ်လုပ်ခွင့် အစိမ်းရောင်စာအုပ် တရုတ် ကနေ ပြန်ထုတ် ပေးပါတယ်။"

သို့သော်လည်း ယခုဖမ်းဆီးနေသည့်အထဲတွင် အလုပ်လုပ်ခွင့်ဗီဇာ အစိမ်းရောင်စာအုပ်ကိုင်ဆောင် ထားသူများကိုလည်း ဖမ်းဆီး နေ ကြောင်း ပြန်လည်လွှတ်မြောက်လာသူ ရှမ်းအမျိုးသားတဦးကပြောသည်။

"ကျနော်က ရွှေလီမှာ အလုပ်လုပ်နေတာပါ။ တရားဝင်အလုပ်လုပ်ခွင့် အစိမ်းရောင်စာအုပ်ကိုင်ထားပါတယ်။ ဒီမှာအခု အဖမ်း အဆီးတွေ များလို့ ကျနော်ညီလေးကို စိတ်မချလို့ သွားကြည့်တာပါ။ အဲဒီအချိန်မှာပဲ လမ်းမှာ ကျနော့်ကို တရုတ်ရဲတွေက ဖမ်းပြီးတော့ အချုပ်ခန်း ကို ခေါ်သွား ပါတယ်။ အမျိုးမျိုးစစ်ဆေးမေးမြန်းပါတယ်။ ခြေထောက် တွေနဲ့ ကန်ကျောက်ပြီးတော့ ညှင်းပန်းနှိပ်စက်ပါတယ်။ ရိုက်ပြီး တော့ ဆဲဆိုပါတယ်။ ဘာ အကြောင်းပြချက်မှ မပေးဘူးခင်ဗျ။ အချုပ်ထဲမှာလည်း မြန်မာနိုင်ငံသားတွေ အများကြီးပဲ။ မော့လို့တောင် မ ကြည့်ရဘူးခင်ဗျ။ အငြိုးတကြီးနှိပ်စက်တာပါ။ အမျိုးသမီးတွေကိုလည်း ကိုယ်လုံးချွတ်ပြီး ထိုင်ထ လုပ်ခိုင်းပါတယ်။ သူတို့လည်း ရှက်လို့ မသေတာပဲ။ ဘယ်သူ့နဲ့မှ ပေးတွေ့ခွင့်မပြုပါ။ အချုပ်ထဲမှာ ဆေးစစ်ပါတယ်။ ဆေးစစ် တော့ တချို့အပေါ့မသွားနိုင်တဲ့သူတွေကိုဆိုရင် အိမ်သာက ရေတွေသောက်ခိုင်းပါတယ်။ ဒီနေ့(မတ် ၂၉) ရက်နေ့မှ ကျနော်လွတ်လာတာပါ။ ဒါကလည်း ကျနော့် လောပန့်က အဆက် အသွယ်ရပြီးတော့ လာရွေးပေးလို့ပါ။ အလုပ်လုပ်ခွင့် အစိမ်းရောင်စာအုပ်ကို မပေးလိုက်ဘူးဗျ။ သူတို့ သိမ်းထားလိုက်တယ်။"

ဖမ်းဆီးခံထားရသော အလုပ်သမားများကို လာရွေးမည်ဆိုလျှင်လည်း မြန်မာနိုင်ငံသားအချင်းချင်းဆိုလျှင် မလွယ်ကူကြောင်းနှင့် လောပန့်(အလုပ်ရှင်)များကသာ စာရွက်စာတန်းအထောက်အထားများနှင့် လာရွေးမှာသာ တွေ့ခွင့်ပေးကြောင်း သိရသည်။

မည်မျှအထိ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသည်ကို အတိအကျပြောရန်ခက်ခဲသော်လည်း စုစုပေါင်း ၄၀၀၀ ကျော် ၅၀၀၀ ဝန်းကျင် အထိ ရှိနေကြောင်း သိရသည်။

လွန်ခဲ့သော ၄ရက်ခန့်ကလည်း ကျောက်ကုန်သည်အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီး ၁၀ဦး တဖွဲ့အား ရွှေလီမြို့တွင် တရုတ် ရဲမှ ဖမ်းဆီးကာ အချုပ်ခန်းထဲတွင် ကိုယ်လုံးချွတ်ခိုင်းပြီး မဖွေမရာပုံစံများဖြင့် ထိုင်ထ လုပ်ခိုင်းပြီး ပြန်လွတ်လိုက်ကြောင်း သတင်းများ လည်း ထွက်ပေါ်နေသည်။

No comments: