Friday, March 30, 2012

ပါပါလေးတို့ ပွဲမိန့်နဲ့ ကချင်ပြီ

ခင်ဦးသာ on March 30, 2012


“ဂျာအေးကို သူ့အမေ ရိုက်ပါလို့ ဆိုတဲ့ စကား အစား ဂျာအေးကို သူ့အမေ ဖနောင့်နဲ့ ပေါက်ပါလို့”ဆိုပြီး ပြောင်းလဲ လိုက်ပြီလို့ မန္တလေးမြို့က ထင်ရှားတဲ့ နှုတ်ခမ်းမွေး ညီနောင်အဖွဲ့ကဦးပါပါလေးက ပြက်လုံးထုတ်လိုက်ပါတယ်။

သူက ဆက်ပြီး “ဂျာအေးကို ရိုက်စရာ တုတ် မရှိတော့ဘူးဗျ၊ ၀ါးနှီးပြားတောင် မကျန်တော့ဘူး အကုန်လုံး တရုတ် က ၀ယ် ယူ သွားပြီ လေ”လို့ ဆိုပါတယ်။

ဦးပါပါလေးရဲ့ ဟာသ ပြက်လုံးတွေ ဟာ နှုတ်ခမ်းမွေးညီနောင်တွေရဲ့ ခံစားချက် သာမကဘဲ မန္တလေးဒေသခံ ပြည်သူလူထုရဲ့ တရုတ် လူမျိုးတွေ ကြီးစိုးမှု အပေါ်ခံစားနေကြရတဲ့ ခံစားချက်ဆိုရင်လည်း မမှားပါဘူး။

မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ တရုတ်လူမျိုးတွေကြီးစိုးလာပြီး စီးပွားရေးအရ နေရာယူ တိုးချဲ့ လာ တာ တွေ ကို အနုပညာ ရှင်တွေက ဟာသ ပြက်လုံးတွေနဲ့ ဖော်ထုတ် ပြောဆိုနေကြပါတယ်။

တရုတ်မြို့လို့ ခေါ်ရလောက်အောင် တရုတ်လူမျိုးအများအပြား အခြေချနေထိုင်နေထိုင်ကြတဲ့မန္တလေး မြို့တော်ရဲ့ အကြောင်းကို မန္တ လေး ဒေသခံ ဟာသလူရွင်တော်တွေက ပြက်လုံး ထုတ်နေကြသလို စာပေအသိုင်းအ၀ိုင်းက လည်းပဲရေးသားမှုတွေ ရှိခဲ့ကြပါတယ်။

မန္တလေးမြို့ရဲ့ အချက်အချာ ကျတဲ့နေရာတွေ၊ စီးပွားရေး လုပ်ငန်းတွေ အကုန်လုံးနီးပါး ကို ငွေရှင်၊ ကြေးရှင် ဖြစ်တဲ့ တရုတ်လူ မျိုးတွေ က နေရာယူထားပါပြီ။မြန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး တို့မှာ ဆိုရင် တရုတ်တန်း၊ တရုတ်ဈေး ရယ်လို့တောင် သတ်မှတ်ခံနေရပါပြီ။

အရေးပါတဲ့နေရာတွေကို တရုတ်တွေလွှမ်းမိုးလာတဲ့အတွက် မြန်မာနိုင်ငံသားတွေက နေရာတွေ ပြောင်းရွှေ့ဖယ်ပေးနေရ တဲ့အပြင် နတ် နန်းတွေ၊ နတ်စင်တွေပါ ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေပြီလို့ ဦးပါပါလေး က ပြက်လုံးထုတ်ပါတယ်။

“မန္တလေး ဘိုးဘိုးကြီး ဦးဆောင်တဲ့ နတ်တွေက မေမြို့ကို ပြောင်းရွှေ့ အခြေချဖို့ပြင်နေပြီဗျ ဘာဖြစ်လို့လဲဆိုတော့ နတ်နန်း တွေကို စည် ပင်က ဖျက်သိမ်းပြီး၊ တရုတ်ကို ရောင်းဖို့ လုပ်နေလို့လေ၊ နတ်နန်းတွေ ကျွန်းသား စစ်စစ်နဲ့ ဆောက်ထားတာ ကောဗျ”လို့ ပြက်လုံး ထုတ် ပါတယ်။

တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် အဖြစ် မကြာသေးခင်က ပင့်ဆောင်အပူဇော်ခံခဲ့ပြီး၊ အလှူ ရရှိတဲ့ ငွေ တွေ အကုန်လုံးကို တရုတ်နိုင်ငံက ယူသွားတာကိုလည်းပဲ ဘုရားကိုပြပြီး မြန်မာတွေဆီက ပိုက်ဆံတွေကို ယူ သွား တဲ့အကြောင်း နှုတ် ခမ်းမွေး ညီနောင်အဖွဲ့က ဦးလူမော်က ဝေဖန်ပါသေးတယ်။

နှုတ်ခမ်းမွေးညီနောင်အဖွဲ့မှာ ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော် တို့ ပါဝင်ပါတယ်။ သူတို့ညီနောင်တွေ ပြက်လုံးထုတ်လာတာ ဟာ ဆယ်စု နှစ် လေးငါးခု ရှိနေပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့် ဇာတ်ကခွင့်ပွဲမိန့်တွေကို အာဏာပိုင်တွေရဲ့ မကြာခဏ ကန့်သတ် ခံခဲ့ရတာ ယနေ့အထိပါပဲ။ ထောင်တွေလည်း ကျခဲ့ပါတယ်။

နှုတ်ခမ်းမွေးညီနောင် အဖွဲ့ဟာ ၂၀၀၁ ခုနှစ်ဝန်းကျင် က NLD ပါတီနဲ့ ဆက်စပ်တဲ့ ပွဲတခုမှာ ကပြဖျော်ဖြေခဲ့တဲ့ အချိန်က စပြီးတော့ ပွဲက မိန့်ကို အာဏာပိုင်တွေက ပိတ်ထားခဲ့တာပါ။ နယ်လှည့် ကပြခွင့် မရတဲ့အတွက် မိမိတို့နေအိမ်မှာပဲ နိုင်ငံခြား ခရီးသွားတွေကို ဟာသပြက် လုံးတွေနဲ့ ဖျော်ဖြေ ပေးနေတယ်လို့ ဦးလူမော်က ဆိုပါတယ်။

“ပါပါလေးတို့ ကလို့ရပြီလို့ အစိုးရက ပြောစေချင်တယ်၊ တရားဝင်မကြေညာတော့ ဘယ်သူမှ ကျနော်တို့ကိုလာမငှားရဲကြဘူး၊ ကျနော်တို့က လူရွှင်တော် ဆိုတော့ ဇာတ်ကမှ ထမင်းစား ရတာဗျ”လို့ ဦးပါပါလေး က ဆိုပါတယ်။

No comments: