Saturday, March 31, 2012

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ

လင်းဘိုဘို | စနေနေ့၊ မတ်လ ၃၁ ရက် ၂၀၁၂


ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရွေးကောက်ခံ မဲဆန္ဒ နယ်မြေ ဖြစ်သည့် ကော့ မှူး မြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့် ပြည်တွင်း ပြည်ပ သတင်း သမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။

နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့် ရွေးကောက်ပွဲ သတင်း အချက် အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

No comments: