Friday, March 30, 2012

နစကနှင့် သစ်တောအုပ်များ ဘင်္ဂလာဒေခ်ျ့သို့ သစ်ခိုးထုတ်

နိရဉ္စရာ


ရခိုင်ပြည်နယ် နယ်စပ်မြို့များဖြစ်သော မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် တာဝန်ကျနေသော နစက နှင့် တောအုပ်များ ပူး ပေါင်းပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ သစ်များ ခိုးထုတ်နေကြောင်း ဒေသခံ သစ်ခုတ် သမားများက ပြောသည်။

" နစက နဲ့ တောအုပ်တွေ ပေါင်းပြီးတော့ ကျွန်တော်တို့ သစ်ခုတ်၊ ၀ါးခုတ်သမားတွေဆီက သစ်တွေ၊ ၀ါးတွေ ကို မရောင်းမနေရ အဓမ္မ ၀ယ်ယူပြီး ဘင်္ဂလာဒေ့ခ်ျကို ခိုးထုတ်နေကြပါတယ်။ သူတို့ ၀ယ်ယူတဲ့ ဈေးနှုန်းက အဆ မတန် နည်းပေမယ့် ကျွန်တော်တို့က ကိုယ်တိုင် က သွားရောင်းလို့ မရတော့ သူတို့ ပေးတဲ့ ဈေးနှုန်းနဲ့ဘဲ ရောင်း နေရတယ်" ဟု မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းရွာမှ သစ် ခုတ် သမားတဦးက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ သစ်ဝါးများကို အတင်းအဓမ္မ ၀ယ်ယူပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ နေကြ သူများမှာ ကြိမ်ချောင်း စခန်းမှ နစက ဗိုလ်ကြီး သန်းဆွေ၊ တောအုပ် ငွေသန်းတို့ ဖြစ်ကြပြီး အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေသူ အစိုးရ အရာရှိများ ဖြစ်ကြသည်ဟု ရွာသား များက ပြောသည်။

" သူတို့က ဒေသခံတွေဆီက ဒေသ အခေါ် စံကား၊ အစိုးရ အခေါ် စကားဝါသစ် တစ်ကုဗပေကို ၂၇၀၀ ကျပ်နှင့် ၀ါးအလုံး ၁၀၀ ကို ၂၅၀၀ ကျပ်နဲ့ ဒေသခံ သစ်ခုတ်သမားတွေဆီက အဓမ္မ ၀ယ်ယူပါတယ်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို ရောက်တဲ့ အခါ စကားဝါ (၁) ကုဗပေကို တာကာ ငွေ ၃၆၀၀ နှင့် ၀ါး ၁၀၀ ကို တာကာငွေ ၃၂၀၀ ရရှိပါတယ်" ဟု သူက ဆက်ပြောသည်။

မြန်မာငွေနှင့် ဘင်္ဂလာတာကာ လှယ်လှဲနုန်းမှာ မြန်မာကျပ်ငွေ ၉၃၀ ကို တာကာ ၁၀၀ ရှိသည်။

နစက ဗိုလ်ကြီးနှင့် သစ်တောအုပ်တို့ သစ်နှင့် ၀ါး အဓမ္မ ၀ယ်ယူနေသော ကျေးရွာများမှာ မောင်တော မြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်း ရွာ၊ ခမောင်းဆိပ်ရွာ၊ တောင်ပြိုရွာနှင့် အောင်သပြေ ကျေးရွာများ ဖြစ်သည်။

၎င်းအပြင် ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းတွင်လည်း ဒေသဆိုင်ရာ နစက နှင့် သစ်တောအုပ်များမှာ ဒေသခံ များကို အဓမ္မ သစ် ခုတ်ခိုင်းနေသည်ဟုလည်း ဘူကလီ ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" အခုလို စကားဝါ သစ်တွေ ဘင်္ဂလာမှာ ဈေးကောင်း ရနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ စိုင်းတင် ချောင်းဖျား မှာ ရှိတဲ့ ဘူကလီရွာနဲ့ သံစည်ရွာက သစ်ခုတ်သမားတွေကို စစ်တပ်၊ သစ်တောအုပ်၊ နစက တွေ လာပြီးတော့ စကားဝါ သစ်တွေကို လိုက်လံ ရှာဖွေ ခုတ်ခိုင်း နေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ စကားဝါ သစ်များကို ရှာဖွေ ခုတ်ခိုင်းနေသူများမှာ စကခ ၉ မှ ဗိုလ်မှူး လင်းမြတ်၊ စိုင်းတင်ချောင်း တောအုပ်နှင့် နစက ဗိုလ် ကြီး ဥာဏ်သူတို့ ဖြစ်ပြီး ရလာသော စကားဝါ သစ်များကို စီးပွားရေး သမားများနှင့် ပူးပေါင်းကာ ဘင်္ဂလာ ဒေ့ခ်ျနိုင်ငံသို့ တင်ပို့နေသည် ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နတ်မြစ်ကမ်းခြေတွင် နေထိုင်သူ ရခိုင်အမျိုးသား တစ်ဦးအား မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့သို့ သစ်များ ၀င်ရောက် နေ မူများ ရှိပါသလားဟု မေးကြည့်ရာ သူက ယခုလို ပြောသည်။

" ဘင်္ဂလာမှာ ဘယ်နေရာမှာ သစ်ရှိလဲ။ ဘာသစ်မှ မရှိတော့ဘူး။ တောင်တွေမှာ ရာဘာပင်တွေ အကုန်လုံး ဖြစ်သွားပြီ။ ဗမာပြည်က သစ် မလာရင် ထင်းဆိုက်မယ့် သစ်တောင် မရှိဘူး။ ဗမာပြည်က သစ်သာ မ၀င်ရင် ဘင်္ဂလာမှာ ကကောင်း ဒုက္ခ ဖြစ်ကြမယ်။ အခု ဗမာက သစ် တွေ ၀င်နေတဲ့ အတွက် အဆင်ပြေနေတယ်။ တစ်နေ့ တစ်နေ့ကို တက်ကနက်မှာ ဘောင်တော် ဆိပ်ကမ်းရှိတယ် မဟုတ်ဘူးလား။ အဲဒီ က ၀င်တာလည်း မော်တော်ဘုတ်တွေမှာ နေ့တိုင်း အပြည့်ဘဲ။ နတ်မြစ်ကို ဖြတ်ပြီး မောင်တောဘက်က ၀င်တာလည်း အပြည့်ဘဲ" ဟု ပြောသည်။

မြန်မာနိုင်ငံက ဘင်္ဂလာသို့ တင်ပို့သော သစ်များမှာ တရားဝင် တင်ပို့သော သစ်များ မဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နား လည်မူ ယူကာ တရားမ၀င် တင်ပို့နေသော သစ်များ ဖြစ်သည်။

နယ်စပ်ဒေသတွင် နေထိုင်နေရသော ဒေသခံပြည်သူများမှာ စစ်တပ်၊ နစက နှင့်တောအုပ်များ၏ မတရား အနိုင် ကျင့် ခေါင်းပုံ ဖြတ်မူကို ခံနေကြရပြီး သူတို့ထံမှ ၀ယ်ယူသွားသော သစ်နှင့် ၀ါးများကို ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် လမ်းကြောင်းမှ တင်ပို့ နေကြရသော်လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှာ စစ်တပ်နှင့် နစက များကြီးစိုးရာ နေရာများ ဖြစ်နေသောကြောင့် အထက် အာဏာပိုင်များထံ မတိုင်ကြားဝံ့ဘဲ ဖြစ်နေသည်ဟု သိရသည်။

No comments: